သတင်း

အာဏာရှင်များကို ဗိုက်ဝစေခဲ့သူ တယ်လီနောမြန်မာပိုင်ရှင်သစ်

​တယ်လီနောမြန်မာကို လက်ဘနွန်သူဌေးပိုင် M1 Group ထံ ရောင်းချလိုက်ပြီဖြစ်သည်။ တယ်လီနောကို ချက်ချင်းရောင်းထုတ်လိုက်ခြင်းက စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံ၏ လွတ်လပ်ခွင့်ခေါင်းတလားတွင် သံတစ်ချောင်းထပ်ရိုက်လိုက်သည့်နှယ်ဖြစ်သည်။ 

တယ်လီနောမြန်မာ ပိုင်ရှင်သစ်ဖြစ်လာသည့် M1 Group ပိုင်ရှင်မှာ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော လက်ဘနွန်၏ နိုင်ငံရေးလောကကို ချုပ်ကိုင်ထားသည့် မီကာတီမိသားစုဖြစ်သည်။ M1 Group ဟု လူသိများထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးကို လက်ဘနွန်ဝန်ကြီးချုပ် နှစ်ကြိမ်ဖြစ်ဖူးသူ နာဂျစ်မီကာတီနှင့် ညီဖြစ်သူ တာဟာတို့ ပိုင်ဆိုင်သည်။ 

သန်းကြွယ်သူဌေးကြီးများဖြစ်ကြသည့် ၎င်းတို့ညီအစ်ကိုနှစ်ဦးမှာ လူ့အခွင့်အရေးကို အလေးမထားဘဲ ကိုယ်ကျိုးစီးပွားရှာသူ၊ စစ်အာဏာရှင်များကို ထမင်းဝစေသည့် သမိုင်းကြောင်းရှိသူများဖြစ်ကာ အကျင့်ပျက်ခြစားမှုများနှင့် ထုံမွမ်းနေသူများလည်း ဖြစ်ကြသည်။ 

ညီအစ်ကိုနှစ်ဦးမှာ လက်ဘနွန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်ကြပြီး စုစုပေါင်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်ရှိသည်။ ခမ်းနားထည်ဝါစွာ နေထိုင်ကြပြီး ကိုယ်ပိုင်ဂျက်လေယာဉ်များအပြင် လန်ဒန်၊ နယူးယောက်ခ်မြို့ကြီးများနှင့် မိုနာကိုတွင် ဇိမ်ခံအိမ်ကြီးများရှိကြသည်။ Chopi Chopi အမည်ရ ၎င်းတို့ပိုင် ရွက်သင်္ဘောကြီးသည်ပင်လျှင် ဒေါ်လာသန်း ၁၀၀ ကျော် တန်ဖိုးရှိပြီး တယ်လီနောမြန်မာကို ဝယ်ယူသည့်ဈေးနှုန်းပင်ဖြစ်သည်။ 

M1 ပိုင်ရှင် နာဂျစ်မီကာတီမှာ လက်ဘနွန်နိုင်ငံရှိ အိမ်ရာချေးငွေအစီအစဉ်တစ်ခုတွင် တရားမဝင်အမြတ်ရယူမှုအတွက် ၂၀၁၉ တွင် အကျင့်ပျက်ခြစားမှုဖြင့် အမှုဖွင့်ခံခဲ့ရသည်။ သို့သော် ၂၀၂၁ မေလတွင် မီကာတီကို တရားစွဲဆိုသူများနှင့် အခြားအမှုတွဲများပါ ဖယ်ရှားခံခဲ့ရပြီး နိုင်ငံတကာဥပဒေပညာရှင်များကော်မရှင်က တရားစီရင်ရေးအပေါ် တိုက်ခိုက်မှုဟုပင် ရည်ညွှန်းခဲ့သည်။

တယ်လီနောကို ရောင်းချခြင်းဟာ မည်မျှနမော်နမဲ့နိုင်သည်ကို မီကာတီ၏ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ မှတ်တမ်းများက ဖော်ပြနေသည်။ မီကာတီ၏ ကျင့်ဝတ်သိက္ခာမဲ့သော စီးပွားရေးလုပ်ငန်းသမိုင်းကြောင်းများက မြန်မာပြည်သူများအတွက် သတိထားစရာပင်ဖြစ်သည်။ 

လူ့အခွင့်အရေးချိုးဖောက်မှုများ စနစ်တကျကျူးလွန်နေသည့် အာဏာရှင်များလက်အောက်တွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ မီကာတီက အထူးတလည် အတွေ့အကြုံရှိပြီးဖြစ်သည်။ 

အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန် ဇိမ်ခံရွက်သင်္ဘောကြီး Chopi Chopi မှာ တယ်လီနောမြန်မာပိုင်ရှင်သစ် လက်ဘနွန်သန်းကြွယ်သူဌေး မီကာတီမိသားစုပိုင်ဖြစ်သည် (ဓာတ်ပုံ – CRN Yachts)

၁၉၈၂ တွင် အာဏာရှင်များကို အလုပ်အကျွေးပြုသည့် Investcom ဆက်သွယ်ရေးကော်ပိုရေးရှင်းကြီးကို မီကာတီမိသားစုက အခွင့်ကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံရပ်ခြားတိုင်းပြည်တွင် မှတ်ပုံတင်ကာ တည်ထောင်ခဲ့သည်။ 

“ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ နိုင်ငံတိုင်းမှာ ပြဿနာတွေ ဒါမှမဟုတ် ပဋိပက္ခတွေက ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ပေးပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း တိုးတက်မှုအလားအလာက ကြီးမားလှပါတယ်” ဟု လက်ရှိ M1 Group အမှုဆောင်အရာရှိချုပ် အာဇမီ မီကာတီက ၂၀၀၅ ခုနှစ်အတွင်း ပြောကြားခဲ့ဖူးသည်။

အာဏာရှင်နိုင်ငံများတွင် စီးပွားရေးလုပ်ကိုင်ခြင်းက စိန်ခေါ်မှုများရှိသည့်နည်းတူ အကျိုးအမြတ်များနိုင်သည်ကို ရည်ညွှန်းပြောဆိုခဲ့သည့် အာဇမီ မီကာတီသည် တယ်လီနောမြန်မာကို ဝယ်ယူရာတွင် ကြီးကြပ်ခဲ့သူလည်းဖြစ်သည်။ 

M1 Group သည် ၂၀၀၁ တွင် အာဏာရှင်ဘာရှာအာဆတ်လက်အောက်ရှိ ဆီးရီးယားနိုင်ငံ၏ ဆက်သွယ်ရေးဈေးကွက်ကို ဝင်ရောက်ခဲ့ပြီး ဆီးရီးယားအစိုးရနှင့် အကျိုးအမြတ်ခွဲဝေရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထိုအချိန်က အာဆတ်အစိုးရမှာ လူ့အခွင့်အရေးဆန့်ကျင်မှုများအတွက် နာမည်ပျက်နေချိန်ဖြစ်ပြီး Forbes မဂ္ဂဇင်း၏ အဆိုအရ M1 Group ပိုင်ရှင် နာဂျစ်မီကာတီမှာ ဘာရှာအာဆတ်၏ ကာလရှည်မိတ်ဆွေရင်းချာတစ်ဦးဖြစ်သည်။ 

M1 Group သည် ယီမင်အာဏာရှင်ဟောင်း အလီအဘဒူလာဆယ်လီနှင့် နီးစပ်သူ ယီမင်စီးပွားရေးသမားတစ်ယောက်နှင့်လည်း အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့သည်။ အခွန်ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း ပေါ်ပေါက်ခဲ့ရာ ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူခြင်းခံခဲ့ရသူ ယီမင်အာဏာရှင်ဟောင်းကို M1 Group က လက်သိပ်ထိုးပေးကမ်းခြင်းများ ရှိခဲ့သည်။

ဆူဒန်နိုင်ငံ၌ ဒါဖာဒေသ လူမျိုးသုဉ်းသတ်ဖြတ်မှုကိစ္စ အရှိန်မြင့်တက်နေချိန် ၂၀၀၅ ဇူလိုင်လတွင် မီကာတီပိုင် Investcom က မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ တပ်ဆင်ခွင့်ရခဲ့သည်။ အဆိုပါလုပ်ငန်းလိုင်စင်အတွက် ဆူဒန်အာဏာရှင်များကို ယူရိုငွေသန်း ၁၅၀ ပေးဆောင်ခဲ့သည်။ မီကာတီမိသားစု၏ ဆူဒန်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို M1 Group ၏ လက်ရှိအမှုဆောင်အရာရှိချုပ် အာဇမီ မီကာတီကပင် ဦးစီးခဲ့သည်။

၂၀၀၆  လန်ဒန်စတော့အိတ်ချိန်းစာရင်းဝင် တောင်အာဖရိကဆက်သွယ်ရေးကော်ပိုရေးရှင်းကြီး MTN ၏ ရှယ်ယာများကို မီကာတီမိသားစုက ဝယ်ယူခဲ့သည်။ M1 Group က ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူခြင်းဖြင့် MTN ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်လာပြီး အာဇမီမီကာတီသည်လည်း အလွတ်တန်းဒါရိုက်တာတစ်ဦးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ 

MTN ၏ အဓိကရင်းနှီးမြှုပ်နှံသူများဖြစ်ကြသည့် မီကာတီမိသားစုဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်သူပုန်များကို ဆက်ကြေးပေးခြင်း၊ အီရန်နိုင်ငံကို ဝင်ရောက်ခွင့်ရရေးအတွက် လာဘ်ထိုးခြင်းဖြင့် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာကိစ္စများတွင် MTN ၏ အခြေအနေက သတိထားစရာဖြစ်လာခဲ့ပြီး ၂၀၁၉ တွင် ထုတ်ပြန်သော ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အဆင့်သတ်မှတ်ချက်အရ MTN သည် အုပ်ချုပ်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြီးအကျယ်အားနည်းသည်ဟု ဖော်ပြခံခဲ့ရသည်။ 

​အာဏာရှင်များနှင့် စီးပွားရေးလုပ်ကိုင်လေ့ရှိသူ လက်ဘနွန်ဘီလျံနာသူဌေးပိုင် M1 Group သည် မြန်မာနိုင်ငံနှင့်လည်း ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။ မြန်မာနိုင်ငံရှိ အကြီးဆုံးဆက်သွယ်ရေးတာဝါကုမ္ပဏီတစ်ခုဖြစ်သော Irrawaddy Green Towers (IGT) ကုမ္ပဏီတွင် M1 Group က ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည်။ 

IGT ကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် စစ်တပ်ထိန်းချုပ်သည့် Mytel မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာအတွက် ဆက်သွယ်ရေးတာဝါတိုင် ၆၇၇ ခု တည်ဆောက်ပေးရန် သဘောတူညီမှုရရှိခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါ သဘောတူညီမှုသက်တမ်းတိုးခြင်းရှိမရှိ မသိရသော်လည်း ထိုသဘောတူညီမှုကြောင့် Mytel မှတစ်ဆင့် IGT အကျိုးအမြတ်ရခဲ့သည်။ ထိုနည်းတူ IGT နှင့် Mytel  ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် စစ်တပ်ကလည်း အကျိုးဖြစ်ထွန်းလျက်ရှိသည်။

၂၀၁၇ ခုနှစ်အတွင်းက လေတပ်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်ကျရာတွင် IGT ကုမ္ပဏီက စစ်တပ်ကို ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့သည်။ ထို့ပြင် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်စဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ IGT က တယ်လီနောကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ပေးခဲ့သည်။ စစ်သားများက ရိုဟင်ဂျာများကို ပစ်ခတ်သတ်ဖြတ်ရာတွင် ထိုတာဝါတိုင်ကို သုံးခဲ့ကြသည်။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ၂၀၁၉  စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာစစ်တပ်နှင့် စီးပွားရေးဆက်နွှယ်မှုရှိသည့် နိုင်ငံခြားကုမ္ပဏီ ၄၄ ခုကို ဖော်ပြရာ  M1 Group လည်း ပါဝင်သည်။ 

ယင်းအစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် Burma Campaign UK အဖွဲ့က M1 Group ကို အမည်ပျက်စာရင်းသွင်းလိုက်သည်။ 

(ကိုးကား − Justice For Myanmar) 

Show More

Related Articles

Back to top button