သတင်း

စစ်တပ်ကို ဘုရားလိုကိုးကွယ်ခိုင်းခဲ့သော်လည်း ဆက်လက်ထိန်းသိမ်းခံထားရသူ 

အာဏာသိမ်းစစ်ကောင်စီက ၎င်းကိုထောက်ခံခဲ့သည့် နာမည်ကျော်ပုဂ္ဂိုလ်သုံးဦးကို အင်းစိန်ထောင်မှ ပြန်လွှတ်ပေးခဲ့သော်လည်း စစ်တပ်ကို ဘုရားလိုကိုးကွယ်ခိုင်းခဲ့သူ ဘုန်းကြီး ဦးဝီရသူကိုမူ ဆက်လက်ထိန်းသိမ်းထားသည်။  

ဦးဝီရသူသည် ၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်မြို့တော်ခန်းမအနီး ဟောပြောပွဲမှုတွင် တပ်မတော်သားများကို လူထုက ဘုရားကဲ့သို့ ကိုးကွယ်သင့်ကြောင်း ဟောပြောခဲ့သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရကို ကြမ်းတမ်းသော စကားလုံးများဖြင့် ဟောပြောတိုက်ခိုက်ခဲ့သည်။ 

ထို့နောက် ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည်။ တစ်နှစ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့နေခဲ့သည့် ဝရမ်းပြေးဆရာတော်မှာ  ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို နိုဝင်ဘာလဆန်းပိုင်းတွင် ကိုယ်တိုင်ထွက်အဖမ်းခံခဲ့သည်။ 

ဦးဝီရသူနည်းတူ ပုဒ်မ ၁၂၄-က ဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်၊ မိုက်ကယ်ကျော်မြင့်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးလှဆွေတို့မှာ စစ်တပ်က အာဏာသိမ်းပြီး တစ်လမပြည့်ခင် ပြန်လည်လွတ်မြောက်ခဲ့ကြသည်။

ဦးဝီရသူမှာ အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအေးကျော်က အတည်ပြုသည်။ 

“အင်းစိန်ထောင်မှာပဲ။ သူက တရားဥပဒေအတိုင်းပဲလေ။ ကျနော်တို့ကတော့ အကျဉ်းဦးစီးကတော့ လာအပ်တဲ့သူကို ထိန်းသိမ်းထားတာပဲ ရှိတယ်။ သူပါရင်လွတ်မှာပေါ့။ မပါရင် မလွတ်ဘူးပေါ့” ဟု ၎င်းက ယမန်နေ့ (ဇူလိုင် ၈) တွင် Myanmar Now ကို ပြောသည်။

ဦးဝီရသူ၏ လုံခြုံရေးအတွက် စိုးရိမ်၍ ပြန်မလွှတ်ပေးခြင်းဖြစ်နိုင်ကြောင်း ဦးဝီရသူပြန်လည်လွတ်မြောက်ရေး စစ်ကောင်စီထံ စာတင်သူများတွင် ပါဝင်သည့် ဆရာတော်တစ်ပါးဖြစ်သည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ဆိုသည်။ 

“အပြင်မှာ လုံခြုံမှုမရှိလို့ သူ့ကိုမလွတ်တဲ့သဘောမျိုးလည်း ဖြစ်နိုင်တယ်။ အခုအခါမျိုးက ကျောင်းတွေကော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကော အမျိုးသားရေးသမားတွေ အသတ်ခံနေရတာတွေက ထင်ရှားနေတယ်။ အဲ့ဒါကြောင့်မို့လို့ ဦးဝီရသူကို အဲ့ဒီအဖြစ်မျိုး ဖြစ်မှာကြောက်လို့ မလွတ်သေးတာ၊ လုံခြုံမှုအပြည့်အဝရအောင်လို့ မလွတ်တာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက မိန့်သည်။

လုံခြုံရေးအခြေအနေကြောင့်ဟုဆိုသော်လည်း ဦးဝီရသူသည် တစ်သက်လုံးထောင်ထဲတွင် ရှိမနေသင့်ဟု ဦးပါမောက္ခက ဆိုသည်။ 

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ဦးဝီရသူကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွမ်းကပ်ခဲ့စဉ်။ 

“ဦးဝီရသူနဲ့တန်းတူ အခြားသော ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဦးဌေးအောင်တို့၊ ဘူးလက်လှဆွေတို့၊ မိုက်ကယ်ကျော်မြင့်တို့ကို လွှတ်ပြီးတော့ သူ့ကိုတော့ ဘာဖြစ်လို့ မလွှတ်တာလဲ။ ဦးဝီရသူက အမှန်တကယ် ပြစ်မှုကျူးလွန်ထားလို့လား။ ဒါမှမဟုတ်ရင် လွှတ်ပေးလိုက်တဲ့အခါ ဦးဝီရသူက ထောက်ပြ၊ ဝေဖန်မှာ ကြောက်လို့လားလို့ မေးစရာရှိပါတယ်” ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် ဇွန် ၁၂ လအတွင်းက ပြုလုပ်သော စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတစ်ဦးက ဦးဝီရသူ၏အခြေအနေကို မေးမြန်းခဲ့ရာတွင် စစ်ကောင်စီ၏ ဒုတိယပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မသိ” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။ 

အာဏာသိမ်းပြီး ငါးလကြာသည့်တိုင် ထောင်မှပြန်လွှတ်ပေးခြင်း မရှိသော်လည်း စစ်ကောင်စီက ဦးဝီရသူကို အကောင်းဆုံးစောင့်ရှောက်ထားလိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ဦးဝီရသူလိုပုဂ္ဂိုလ်မျိုးက အပြင်ထွက်လာလို့ရှိရင် လုပ်ကြံခံရနိုင်တဲ့ အခြေအနေရှိတယ်လို့ ယူဆပါတယ်။ အဲဒီလိုလုပ်ကြံခံရတယ်ဆိုလို့ရှိရင် သူတို့(စစ်ကောင်စီ) အတွက် အာဘော်ဖန်တီးနိုင်တဲ့သူတစ်ယောက် ဆုံးရှုံးသွားနိုင်တာပေါ့။ အဲ့ဒါကြောင့် ဆက်လက်ပြီးတော့ ကာလတစ်ခု အခြေအနေစောင့်ကြည့်ရင်းနဲ့ ဦးဝီရသူကို သေချာစောင့်ရှောက်ထားလိမ့်မယ်လို့ ယူဆပါတယ်”ဟု ၎င်းက‌ ပြောသည်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင် “အကြမ်းဖက်ဗုဒ္ဓဘာသာပြယုဂ်” အဖြစ် ဖော်ပြခံခဲ့ရသူ ဦးဝီရသူသည် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သော လူသေဆုံးသည်အထိဖြစ်ခဲ့သည့် ဘာသာရေးအဓိကရုဏ်းကို ဦးဆောင်ဖန်တီးမှုဖြင့် ပုဒ်မ ၅ ခုဖြင့် တရားစွဲခံရကာ ထောင်ဒဏ် ၂၅ နှစ်ချခံခဲ့ရသူ ဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ တွင် ပြန်လွတ်လာပြီးနောက် ဦးဝီရသူက အမျိုးဘာသာ၊ သာသနာ အကြောင်းပြကာ လိုက်လံဟောပြောမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၄ တွင် ဖွဲ့စည်းခဲ့သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) တွင်လည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ 

ဦးဝီရသူသည် လူမျိုးရေး၊ ဘာသာရေးအမုန်းတရားများဖြစ်ပွားစေသည့် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ အမုန်းတရားကြီးထွားစေသည့် ၉၆၉ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူလည်းဖြစ်သည်။ ၎င်းသည် ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖြစ်စေသော အစွန်းရောက်ဟောပြောမှုများကြောင့် NLD အစိုးရလက်ထက်အတွင်း တရားဟောခွင့်ပိတ်ခံရသူလည်းဖြစ်သည်။

ဝရမ်းပြေးအဖြစ် တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း လူမှုကွန်ရက်မှတစ်ဆင့် ရိုင်းပျရင့်သီးသော စကားလုံးများဖြင့် NLD အစိုးရကို ဦးဝီရသူက ဟောပြောတိုက်ခိုက်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက ဦးဝီရသူကို ပြန်လွှတ်မပေးခြင်းမှာ စစ်ကောင်စီအတွက် အသုံးမလိုတော့၍ဟု မှတ်ချက်ပြုသည်။

“ဒီအချိန်မှာ ဦးဝီရသူကို သုံးဖို့အတွက် မလိုတော့တဲ့အတွက်ကြောင့် မလွှတ်ပေးဘူးလို့ မြင်တယ်။ သူတို့သုံးလို့ရတဲ့အချိန်မှာ သုံးခဲ့ပြီးပြီ။ ဒီတစ်ယောက်ကို ထုတ်ပြီးသုံးမယ်ဆိုရင် သူတို့အတွက် ပိုပြီးတော့ အန္တရာယ်များနိုင်တယ်လို့ သုံးသပ်ပြီးတော့ ထုတ်မသုံးတော့ဘဲနဲ့ ပိုနေမြဲ၊ ကျားနေမြဲနေရာမှာပဲ ဒီအတိုင်းပဲ အကြောင်းပြချက်အမျိုးမျိုးပေးပြီး ဆက်ထားလိုက်တာပဲ” ၎င်းက ဆိုသည်။ 

မဘသ အထွေထွေအတွင်းရေးမှူးဖြစ်သည့် မော်လမြိုင်မြို့ မြစေတီကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိကို ဇွန်လပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်တွေ့ဆုံခဲ့စဉ်။

ဦးဝီရသူ ထောင်ကမလွတ်သေးသော်လည်း မဘသဂိုဏ်းချုပ်ဆရာတော်များဖြစ်သည့် အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသ၊ မွန်ပြည်နယ်ရှိ အထွေထွေအတွင်းရေးမှူးဖြစ်သူ မြစေတီကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိတို့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် သွားရောက်တွေ့ဆုံခဲ့သည်။ 

Show More

Related Articles

Back to top button