သတင်း

စစ်ကောင်စီအကြမ်းဖက်မှုကြောင့် ချင်းလူမျိုး ၈၁ ဦး သေဆုံးခဲ့

စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် အပြစ်မဲ့ချင်းပြည်သူ ၈၁ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs – ICA) က  ထုတ်ပြန်သည်။

သေဆုံးသူများထဲတွင် ကလေး ၁၀ ဦး၊  အမျိုးသမီး ၅ ဦး ပါဝင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

သေဆုံးသူအများစုသည် စစ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြရာတွင် အကြမ်းဖက်ဖြိုခွင်းခံရသူများ၊ အကြမ်းဖက်မှုကို ခုခံကာကွယ်သူများ (CDM ရဲဝန်ထမ်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ၊ PDF များ)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ အကြောင်းမဲ့ပစ်ခတ်ခံရသူများ၊ အစားအစာနှင့် ဆေးဝါးပြတ်လပ်သူများဖြစ်ကြောင်း ICA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“နေ့တိုင်းနီးပါး အသက်ဆုံးရှုံးမှုတွေရှိတော့ ကျွန်တော်တို့ကောက်ယူလို့ မရနိုင်သေးတဲ့ စာရင်းတွေလည်း ရှိနေပါတယ်။ တချို့က စစ်ဘေးရှောင်ရင်း ဗုံးထိပြီးဆုံးတာ၊ အာဟာရပြတ်ပြီး အခြေခံဆေးဝါးအကူအညီမရလို့ သေဆုံးတာတွေလည်း ရှိပါတယ်“ ဟု ICA ပြောရေးဆိုခွင့်ရှိသူ Lal Lian Bik က Myanmar Now ကို ပြောသည်။

ICA ကို ပြည်ပရောက် ၈၈ မျိုးဆက် ချင်းကျောင်းသားတချို့က ချင်းလူမျိုးများ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ကာ ၂၀၁၂ တွင် စတင်ဖွဲ့စည်းခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် မတ် ၁၃ မှ ဇူလိုင် ၃ အထိ သေဆုံးသွားသော ချင်းလူမျိုးများကို ၎င်းအဖွဲ့က စာရင်းပြုစုထားခြင်းဖြစ်ပြီး အမည်၊ အသက်၊ သေဆုံးနေ့နှင့် သေဆုံးရသည့် အကြောင်းရင်းများကို ဖော်ပြထားသည်။ 

ပြီးခဲ့သည့် မတ် ၂၁ နေ့လယ်၌ ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၉၁ လမ်း၌ စစ်တပ်က နေအိမ်ထဲဝင်၍ အကြမ်းဖက်စီးနင်းစဉ်  ၃၄ နှစ်အရွယ် မိုင်လျန်ဇွာလ်အီး အထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။ 

ဆန္ဒပြသူ၊ CDM တွင် ပါဝင်သူများကို ထောက်ပံ့သူ၊ သံပုံးတီးသူဟု ယူဆရလျှင် စစ်ကောင်စီတပ်က ဖမ်းဆီးနေသည်။

ပြန်လွတ်လာသူများရှိသလို နှိပ်စက်ခံရ၍ သေဆုံးလျှင် ရုပ်အလောင်းကို စစ်တပ်က ပြန်မပေးဘဲ ကိုဗစ်နိုင်တင်းရောဂါကို အကြောင်းပြ၍ သက်သေဖျောက်တတ်ကြောင်း၊၊ ရုပ်အလောင်းကို ခရစ်ယာန်ထုံးစံအရ မြေမြှုပ်သင်္ဂြိုဟ်ခွင့်မပေးဘဲ မီးရှို့ခဲ့ဖူးကြောင်း ICA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ ICA အနေနဲ့ စစ်တပ်ရဲ့ မတရားပြစ်မှုကျူးလွန်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းယူဖို့၊ မတရားခံရတဲ့ ချင်းပြည်သူတွေအတွက် တရားမျှတမှုကို ပြန်ရှာဖွေဖို့ သက်သေအထောက်အထားတွေ စုဆောင်းခြင်း၊ မြေပြင်အခြေအနေလေ့လာခြင်း၊ စုံစမ်းစစ်ဆေးခြင်းတွေကို လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။ 

ချင်းတိုင်းရင်းသား အများအပြားနေထိုင်သော စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဇွန် ၂၃ ရက်နေ့က အသက် ၁၉ နှစ်အရွယ် လူငယ်အမျိုးသမီးတစ်ဦး၊ ဇွန် ၂၅ တွင် အသက် ၂၆ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးတို့ စစ်တပ်၏ ဖမ်းဆီးမှုနှင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး ၎င်းတို့ကို ကိုဗစ်ပိုးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်က အတင်းအကျပ်သင်္ဂြိုဟ်ခဲ့သည်။ 

ထို့ပြင် ချင်းပြည်နယ်အတွင်း အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများအပြင် ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့်လည်း စစ်တပ်သည် တိုက်ပွဲဖြစ်နေပြီး မင်းတပ်မြို့ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာကာ တပ်စွဲထား၍ ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

“စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်အနှံ့က ပြည်သူလူထုတွေဟာ မလုံခြုံမှုတွေနဲ့ တောထဲတောင်ထဲမှာ အနေဆင်းရဲအစားဆင်းရဲ ပုန်းခိုနေကြရတယ်။ ရွာတွေထဲ အတင်းစခန်းချပြီး နေအိမ်တွေထဲက ပစ္စည်းတွေခိုးတာ၊ နေအိမ်တွေမီးရှို့တာ၊ ချင်းတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးကျူးလွန်နေပါတယ်” ချင်းရေးရာအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းတပ်တွင် ဇွန် ၂၃ မှ ဇူလိုင် ၁၄ အထိ အပစ်ရပ်ကာလအဖြစ် နှစ်ဖက်သဘောတူထားသောကြောင့် တချို့မှာ နေရပ်ပြန်လာကြသော်လည်း ဆေးဝါးနှင့် ရိက္ခာ ထောက်ပံ့ရေးလမ်းကြောင်းကို ကန့်သတ်ထားသောကြောင့် အရပ်သားသေဆုံးမှု တိုးလာဖွယ်ရှိနေသည်။ 

“စစ်တပ်က ချင်းပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်တာဟာ လူမဆန်တဲ့လုပ်ရပ် လူသားချင်းစာနာထောက်ထားမှုကို ချိုးဖောက်လိုက်တာပါ။ စစ်တပ်ဆိုတာ လူထုကိုကူညီဖို့နဲ့ ကာကွယ်ဖို့ ဖွဲ့စည်းထားခဲ့တာပါ။ ဒါကို မလေးစားဘဲ အလံဖြူထောင်တဲ့နေရာတွေမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စစ်ဘေးရှောင်တွေကို နှိပ်စက်တာတွေဟာ အပြညပြည်ဆိုင်ရာ ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာကျပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး- တီးတိန် (People Defense Army -Tedim) ၏ အဖွဲ့ခေါင်းဆောင်တစ်ဦးက ဝေဖန်သည်။ 

လက်ရှိတွင် ချင်းဒေသ ကလေးမြို့၌ ကိုဗစ်နိုင်တင်း(Covid-19) ဖြစ်ပွားမှု မြင့်တက်နေသည်။

ချင်းတိုင်းရင်းသားတချို့သည် ကူးစက်မှုများပြားသော အိန္ဒိယနယ်စပ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသောကြောင့် ကိုဗစ်အန္တရာယ် စိုးရိမ်ပူပန်နေကြရသည်။ 

“သူတို့ရဲ့စားဝတ်နေရေးရော၊ လုံခြုံရေးပိုင်းရော ဘယ်လိုမှ အာမခံချက်မရှိတဲ့အနေအထားကို ရောက်နေတယ်။ နောက်တစ်ခုက ကပ်ဘေးကိုဗစ်ပေါ့။ အိန္ဒိယနယ်စပ်နဲ့ကပ်နေတဲ့ ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ကိုဗစ်အခြေအနေက တော်တော်ဆိုးနေပါတယ်။ ဆေးဝါးမလုံလောက်တာ၊ အောက်ဆီဂျင်ပြတ်လပ်နေတာနဲ့ ပြည်သူတွေ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေရှိတယ်” ဟု Lal Lian Bik က ပြောသည်။

ကပ်ဘေးနှင့် စားဝတ်နေရေးခက်ခဲမှုအပြင် ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ စစ်ရှောင်များ၏ နေအိမ်များကို ဖျက်ဆီးခံရခြင်း၊ တောတောင်များတွင် စစ်ရှောင်နေထိုင်ရခြင်း စသဖြင့်  ချင်းပြည်သူများက ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။ 

ICA ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရယူလိုသော်လည်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူတို့ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button