ရန်ကုန်တွင် အလုပ်လုပ်နေသည့် ၁၂ နှစ် သမီး မထက်ထက်ဇော်ကို အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်သဖြင့် ရဲတပ်ဖွဲ့က ကယ်တင်ထားရသည် ဆိုသည့် သတင်းကြောင့် မိခင်ဖြစ်သူ ဒေါ်အေးခိုင် တုန်လှုပ်သွားသည်။
“အခင်းဖြစ်တဲ့ မနက် ၄ နာရီထိုးလောက်က (ရန်ကုန်က) လူတွေက လှမ်းဖုန်းဆက်တာ။ ဖုန်းရတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာ။ ချက်ချင်းလာချင်ပေမယ့် အဲဒီအချိန်က ကားမရှိတော့ ညနေထိ စောင့်ပြီးမှ လာရတာ” ဟု မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်နေ ဒေါ်အေးခိုင်က ပြန်ပြောင်းပြောပြသည်။

တတိယတန်း ကျောင်းသူ မထက်ထက်ဇော်ကို ကျောင်းဆက်လက်ထားရန် အခက်အခဲရှိခြင်းကြောင့် ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မုံရွာလမ်းရှိ “ဆွေညီနောင်” စတိုးဆိုင်တွင် လစာ သုံးသောင်းခွဲဖြင့် လုပ်ကိုင်ရန် လွန်ခဲ့သည့် ခုနစ်လက စေလွှတ်ထားခဲ့သည်။
“အလုပ်လုပ်ရတာ အဆင်ပြေတယ်။ ပျော်တယ်။ ဒီအိမ်မှာပဲနေမယ်လို့ (သမီးကဖုန်းထဲမှာ) အမြဲပြောတယ်။ အဲ့ဒီစကားကို ယုံကြည်မိတာ ကျွန်မသိပ်မှားသွားတယ်” ဟု ၃၉ နှစ် အရွယ် ဒေါ်အေးခိုင်က ပြောပြသည်။


စတိုးဆိုင်တွင်မူ မထက်ထက်ဇော်သည် သူ့ထက်ငယ်ရွယ်သည့် အခြား ကလေးတစ်ယောက်နှင့် အတူ နံနက် ၇ နာရီမှ ည ၁၁ ခွဲအထိ အလုပ်လုပ်ခဲ့ရသည်။ စျေးဆိုင်ခင်းခြင်း၊ သန့်ရှင်းရေး၊ အလုပ်ရှင်၏ နှစ်နှစ်အရွယ် ကလေးအဝတ်များ လျှော်ဖွတ်ခြင်း၊ အိုးခွက်ပန်းကန် ဆေးကြောခြင်းတို့သည် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းများတွင် ပါဝင်သည်။
“ဖုန်သုတ်ရင်းနဲ့ မုန့်တွေ ကြေကုန်ရင်လည်း ရိုက်ခံရတယ်။ အလုပ်ရှင်က သူတစ်နေကုန်ပင်ပန်းနေရင်လည်း သမီးကို မဲပြီးရိုက်တယ်။ သူအများဆုံးရိုက်တဲ့နေရာတွေက ကျောကုန်းတွေ၊ မျက်နှာတွေ၊ ခေါင်းတွေပါ။ ရိုက်လို့ငိုရင် အသံထွက်လို့ဆိုပြီး ပိုပြီးတော့ရိုက်တယ်။ နောက်ပိုင်းကျတော့ အရိုက်ခံရရင်တောင် အသံထွက်ပြီး မငိုရဲတော့ဘူး သူပိုရိုက်မှာ ကြောက်လို့ပါ။ ‘နင်တို့ကို သတ်ပစ်လိုက်လို့ရတယ် နင်တို့အမေတွေက ပိုက်ဆံပဲလိုတာ နင်တို့အမေက ပိုက်ဆံပုံပေးလိုက်ရင် ရတယ်’ ဆိုတဲ့စကားကို အမြဲတမ်းပြောတယ်” ဟု မထက်ထက်ဇော်က ပြောသည်။


“တကယ်တော့ မေမေ ဖုန်းဆက်တိုင်း သမီးဒီမှာနေရတာ အဆင်မပြေဘူးလို့ ပြောချင်တယ်။ ဒါပေမဲ့ အလုပ်ရှင်က ဖုန်းပြောတိုင်း ဘေးမှာ ထိုင်နားထောင်နေတော့ သူ့ကိုကြောက်လို့ အမှန်အတိုင်း မပြောရဲတာ” ဟု ၎င်းက ဖွင့်ဟဝန်ခံသည်။
သူ၏ လုပ်ဖော်ကိုင်ဘက် ၁ဝ နှစ်အရွယ် မမေသဇင်မှာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ဖြစ်ပြီး စတိုးဆိုင်သို့ ရောက်လာသည်မှာ တစ်လကြာပြီ ဖြစ်သည်။
ယခုအခါ အသက် ၄ဝ အရွယ် စတိုးဆိုင်ပိုင်ရှင် ဒေါ်ဖြူဖြူထွန်း ခေါ် ဒေါ်ငယ်ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၂၆ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် ဖမ်းဆီးကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု မင်္ဂလာဒုံမြို့မရဲစခန်း ရဲအုပ်ရန်အောင်က ပြောသည်။ ထိုပုဒ်မများသည် ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက တစ်သက်တစ်ကျွန်းအထိ ထောင်ဒဏ် ချမှတ်ခံရနိုင်ကြောင်း ရာဇသတ်ကြီးတွင် ဖော်ပြထားသည်။
မထက်ထက်ဇော်တို့ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် ပထမဆုံးသော ကလေးအလုပ်သမားအမှု မဟုတ်ပါ။ ယမန်နှစ်ကလည်း ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်၌ အလုပ်လုပ်ကိုင်သော ကလေးငယ်နှစ်ဦးကို ဆိုင်ပိုင်ရှင်များက ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျွန်ပြုခြင်းသတင်းများ ပေါ်ထွက်လာပြီး အာဏာပိုင်တို့က ထိုအမှုကို အရေးယူ ဆောင်ရွက်လျက်ရှိသည်။
တိုင်ကြားခြင်း
လုပ်ငန်းခွင်တွင် နေထိုင် လုပ်ကိုင်ရသည့် ကလေးလုပ်သားများအနေဖြင့် တစ်နေ့လျှင် ၁၆ နာရီထက် ကျော်လွန်လုပ်ကိုင်နေရကြောင်း တချို့ကလေးငယ်များဆိုလျှင် အိပ်ချိန် တစ်နေ့ ၃ နာရီခန့်သာရှိသည့် အခြေအနေများပင်ရှိကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။
နိုင်ငံအတွင်း၂ဝ၁၅ ခုနှစ်က ကောက်ယူခဲ့သည့် အလုပ်သမားအင်အားစစ်တမ်းအရ ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၆ဝဝ,ဝဝဝ မှာ အန္တရာယ်ရှိလုပ်ငန်းခွင်တွင် လုပ်ကိုင်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) တို့ပူးပေါင်း ပြုစု ထုတ်ဝေသည့် မြန်မာနိုင်ငံ ကလေး အလုပ်သမား ၂ဝ၁၅ - အဓိကကျသော အချက်အလက်များနှင့် စာရင်းအင်းများ စာအုပ်တွင် ဖော်ပြထားသည်။
ကလေးငယ်များကို မည်သည့်နေရာတွင်မှ စေခိုင်းခြင်း ခွင့်မပြုသင့်ကြောင်း လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ညီမျှခြင်းမြန်မာအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။
“အခုက … ထမင်းစား ကျွန်ခံဆိုတဲ့ သဘောမျိုးနဲ့ လုပ်ထားတာဖြစ်တယ်။ ကလေးတွေကို ခိုင်းစေရတဲ့ သဘောက ကလေးကို တတ်နိုင်သလောက် ထိန်းချုပ်နိုင်တယ်။ ရိုက်နိုင်တယ်။ ဖိနှိပ်နိုင်တယ်ဆိုတဲ့ အစွဲတွေကြောင့်လည်း ဖြစ်ပါတယ်။
…ဆိုးဝါးတဲ့ကိစ္စကတော့ မကျေနပ်ရင် ရိုက်တာတွေ နှိပ်စက်တာတွေက ကလေးငယ်မို့လို့ ပိုပြီးတော့ ခံရတဲ့ အရာတွေဖြစ်တယ်။ အိမ်ထဲမှာ ငရဲကျနေသလို သဘောမျိုးဖြစ်တဲ့ဟာကို ဘယ်လိုမှ အလုပ်အဖြစ် မသတ်မှတ်နိုင်ပါဘူး” ဟု ၎င်းကဆိုသည်။
“အလုပ်သမားအဖြစ် စေခိုင်းမယ်ဆိုရင် သူရဲ့လုပ်ရမယ့် အလုပ်က ဘာလဲ၊ ခံစားခွင့်ကဘာလဲ၊ ဆိုတာကို အစောကြီးကတည်းက ပွဲစားက တစ်ဆင့်၊ ကုမ္ဗဏီကတစ်ဆင့် လုပ်ဆောင်တဲ့ အရာမျိုး ရှိဖို့ လိုအပ်တယ်” ဟု ဦးအောင်မျိုးမင်းက ရှင်းပြသည်။
အလုပ်အကိုင်ပွဲစားများအနေဖြင့်လည်း မိမိတို့ ပိုက်ဆံရရေးကိုသာ အဓိကမထားဘဲ ကလေးအလုပ်သမားများအတွက် ကောင်းမွန်လုံခြုံသော ပတ်ဝန်းကျင် လုပ်ငန်းခွင် ဖြစ်ရေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ အလုပ်ရှင်များအနေဖြင့်လည်း ညှာတာထောက်ထားတတ်သည့် စိတ်ဓာတ်များ ရှိမှသာလျှင် လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးမည် ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
ILO အဖွဲ့၊ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး စီမံချက်၏ စီမံကိန်းအရာရှိ ကိုစောဆာကပေါ်ကလည်း ကလေးများကို ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှုများလည်း ရှိကြောင်း ပြောသည်။
ကလေးလုပ်သားအသုံးပြုခြင်းကြောင့် လုပ်ငန်းရှင်များ၏ စီးပွားရေး ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း၊ ဆင်းရဲခြင်း သံသရာကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် အလုပ်သမားခေါ်ယူရာတွင် အသက်အရွယ်နှင့် ပတ်သက်ပြီး သေချာစိစစ်ရန်၊ အလုပ်သမားဥပဒေအတိုင်း လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်း ပြောသည်။
“ကလေးသူငယ်တွေကို နှိပ်စက်ရင် ဒီလိုပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတာကို ကြေညာပေးဖို့ လိုအပ်ပါတယ်။ သတင်းစာ၊ ဂျာနယ်တွင်မကဘဲ တခြားနည်းလမ်းနဲ့ တီဗွီအစီအစဉ်တို့ဘာတို့ကနေလည်း ကြေညာဖို့ လိုပါတယ်။
ရုပ်သံဇာတ်လမ်းတွဲတွေကြားမှာ ကြော်ငြာထည့်သလို ဒီလိုလုပ်တဲ့အတွက် ဒီလောက်ထိ ပြင်းပြင်းထန်ထန် အရေးယူခံရတယ်ဆိုတာကို သိအောင် ထုတ်ပြန်ကြေညာသင့်ပါတယ်။ နှိပ်စက်တတ်သူတွေက တီဗွီ ကြည့်နိုင်တဲ့ လူတန်းစားတွေပါပဲ” ဟု ဦးယုလွင်အောင်က ဆိုသည်။
“တကယ့်အရင်းအမြစ်က ဆင်းရဲမွဲတေမှုပါ။ အသိဉာဏ်နည်းပါးမှုပါ။ … ကိုယ့်သားသမီးကို ကျွန်ဖြစ်အောင်တော့ ဘယ်မိဘကမှ မပို့ချင်ဘူး။ မပို့လို့ကလည်း ကိုယ်ဝမ်းနာကိုယ်သာသိသလို ဆင်းရဲလွန်းအားကြီးလို့ ဘယ်လိုမှ စားစရာမရှိလို့ ပို့ရှာတာပါ” ဟု သူက ဆိုသည်။
မိဘများ ဆင်းရဲမွဲတေခြင်းကြောင့် သားသမီးကို ကျောင်းမထားနိုင်ပါက နိုင်ငံတော်က တာဝန်ယူ၍ ကျောင်းထားပေးသင့်ကြောင်း၊ ဆင်းရဲမွဲတေမှု မည်သို့လျှော့ချမည်ကို အစိုးရအနေဖြင့် အသေအချာ စဉ်းစားကြိုးပမ်းသင့်ကြောင်း ဦးယုလွင်အောင်က ထောက်ပြသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်စာပေါင်းများစွာ ရောက်ရှိသော်လည်း ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်သည့်စာမှာ အင်မတန် ရှားပါးကြောင်း သူက ဆက်ပြောသည်။
“အင်းဝအပ်ချုပ်ဆိုင်မှာ နှိပ်စက်ခံရတဲ့ ကလေးမလေးနှစ်ဦးဖြစ်စဉ်ဆိုရင်လည်း ကာယကံရှင်တိုင်တာ မဟုတ်ဘူး။ တခြားအမှုတွေကျတော့ သူတို့လာတိုင်တာမဟုတ် ကျွန်တော်တို့အနေနဲ့ လူမှုကွန်ရက်က တစ်ဆင့် တွေ့ပြီး လိုက်ပါဆောင်ရွက်ပေးတာပါ။ ကလေးကလည်း သူ့ဘာသာ မတိုင်တတ်ဘူး။ ကလေးအတွက် တိုင်ပေးဖို့လည်း လူတွေက သိပ်စိတ်မဝင်စားဘူး၊ ကလေးတွေက နစ်နာနေတာပေါ့” ဟု ဦးယုလွင်အောင်က ဆိုသည်။
ဥပဒေပြဌာန်းရေး၊ ပညာပေးရေး
၁၉၉၃ ခုနှစ် ကလေးသူငယ်အခွင့်အရေးဥပဒေမှာ ခေတ်နှင့်လျော်ညီမှု မရှိတော့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကလေးသူငယ် ဥပဒေကို ပြန်လည် ရေးဆွဲထားကြောင်း၊ ဥပဒေ မူကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း မပြုရသေးကြောင်း ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာမြသောင်းက ပြောသည်။
ဥပဒေတွင် ကလေးလုပ်သားများနှင့် ပတ်သက်၍ တိကျသည့် အသက်အပိုင်းအခြား၊ လုပ်ကိုင်ရမည့် လုပ်ငန်းအမျိုးအစား၊ အလုပ်ချိန်၊ အိပ်ချိန်၊ အနားပေးရမည့် ရက်များအပြင် အချိန်ပိုင်း ပညာသင်ကြားခွင့် စသည့်အချက်များကိုလည်း တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုသည်။
“အလုပ်ချိန်ကို အချိန်အကန့်အသတ် လုပ်ပေးရမယ်။ ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းတွေ သားသတ်ရုံတို့ ဘာတို့ဆိုရင်လည်း ကလေးငယ်တွေကို တိရစ္ဆာန်ကတစ်ဆင့် ကူးစက်တဲ့ရောဂါမျိုးတွေ မဖြစ်အောင်၊ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာ မခိုင်းဖို့ လိုပါတယ်” ဟု လွှတ်တော်၏ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာမြသောင်းက ဆိုသည်။
ဥပဒေပြဋ္ဌာန်းပြီးပါကလည်း ကလေးလုပ်သားများကို ခေါ်ယူခိုင်းစေသည့် အလုပ်ရှင်များက မည်သို့ ပြုမူ ဆက်ဆံသည်၊ မည်သို့ထားရှိသည်များကို သိရှိနိုင်ရန်အတွက် တာဝန်ရှိသူများက အပတ်စဉ်၊ လစဉ် စစ်ဆေးမှုများ ပုံမှန် ပြုလုပ်သင့်ကြောင်း ဦးယုလွင်အောင်က ပြောသည်။
“အခုက မိဘကလည်း တိတ်တိတ်ကလေး လာပို့၊ အလုပ်ရှင်ကလည်း တိတ်တိတ်ကလေး လက်ခံတော့ လူမသိသူမသိ နှိပ်စက်ခံနေရတာပေါ့။ တစ်လတစ်ကြိမ် ဒီကလေးကို ခေါ်တွေ့မယ်ဆို ဘာမှလုပ်လို့မရဘူး၊ အလွန်ဆုံး နှိပ်စက်ခံရရင် တစ်လပေါ့။ နောက်တစ်လဆို တန်းပေါ်မှာပဲ။ ကလေးသူငယ်ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေတွေ လုပ်ရမယ်။ အိမ်ဖော်ဥပဒေတွေ ရေးရမယ်။ အဲ့ဒါဆိုရင်တော့ ဒီပြဿနာတွေ တော်တော်လေးကို လျော့နည်းသွားမယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူကယ်ပြန်ဝန်ကြီးဌာနတို့ အနေဖြင့် ကလေးသူငယ် အခွင့်အရေးကို အလုပ်ရှင်များ သိရှိစေရန် ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ လက်ကမ်းစာရွက်များ ဝေခြင်းတို့ကို ပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုသည်။
ဦးအောင်မျိုးမင်းကလည်း ကလေးသူငယ်များ အနိုင်ကျင့်ခံရပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို ရပ်ကွက်များအတွင်း အသိပညာပေးခြင်းမျိုး ပြုလုပ်သင့်ကြောင်း၊ တိုင်ကြားနိုင်သည့် ယန္တရားများလည်း ရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
“ကျွန်တော်တို့ဆီမှာက တိုင်ကြားနိုင်ဖို့ယန္တရားတွေက အရမ်းအားနည်းနေတုန်းပါပဲ။ ရှိနေတဲ့ လူ့အခွင့်အရေးကော်မရှင်တောင်မှ သိပ်ပြီးတော့ လူတွေက အားမကိုးကြဘူးဆိုတာ တွေ့နေရတယ်” ဟု သူက ဆိုသည်။
ရန်ကုန် အဝေးပြေးကားဂိတ် စတိုးဆိုင်တွင် မထက်ထက်ဇော်နှင့် အတူတကွ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ မမေသဇင်ကိုလည်း ၎င်း၏ ဖခင် ဦးဇော်မင်းနိုင်က တစ်ပါးသူထံတွင် အလုပ်လုပ်ခိုင်းရန် တွန့်ဆုတ်နေသည်။
အခြားတစ်ဘက်တွင်လည်း ကလေးငယ် ရရှိမည့် လုပ်ခလစာက မိသားစုအတွက် အထောက်အကူ ဖြစ်နေသည်။
“အကြောင်းမသိတဲ့ အိမ်ကိုတော့ မလွှတ်ရဲတော့ပါဘူး။ ကလေးတွေ အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး ခိုင်းဖို့ ယုံကြည်ချက် မရှိတော့ပါဘူး။ ကိုယ်ယုံကြည်စိတ်ချရမယ့်နေရာ ဆိုရင်တော့ တစ်မျိုးပေါ့” ဟု ဦးဇော်မင်းနိုင်က ပြောလိုက်သည်။ ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












