အားနည်းသောဥပဒေ၊ ဆင်းရဲမွဲတေမှုတို့ကြောင့် ကလေးလုပ်သားများနှိပ်စက်ခံနေရ

ဓာတ်ပုံ - အိချယ်ရီအောင် / Myanmar Now
ဓာတ်ပုံ - အိချယ်ရီအောင် / Myanmar Now

ရန်ကုန်တွင် အလုပ်လုပ်နေသည့် ၁၂ နှစ် သမီး မထက်ထက်ဇော်ကို အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်သဖြင့် ရဲတပ်ဖွဲ့က ကယ်တင်ထားရသည် ဆိုသည့် သတင်းကြောင့် မိခင်ဖြစ်သူ ဒေါ်အေးခိုင် တုန်လှုပ်သွားသည်။

“အခင်းဖြစ်တဲ့ မနက် ၄ နာရီထိုးလောက်က (ရန်ကုန်က) လူတွေက လှမ်းဖုန်းဆက်တာ။ ဖုန်းရတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာ။ ချက်ချင်းလာချင်ပေမယ့် အဲဒီအချိန်က ကားမရှိတော့ ညနေထိ စောင့်ပြီးမှ လာရတာ” ဟု မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်နေ ဒေါ်အေးခိုင်က ပြန်ပြောင်းပြောပြသည်။

တတိယတန်း ကျောင်းသူ မထက်ထက်ဇော်ကို ကျောင်းဆက်လက်ထားရန် အခက်အခဲရှိခြင်းကြောင့် ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မုံရွာလမ်းရှိ “ဆွေညီနောင်” စတိုးဆိုင်တွင် လစာ သုံးသောင်းခွဲဖြင့် လုပ်ကိုင်ရန် လွန်ခဲ့သည့် ခုနစ်လက စေလွှတ်ထားခဲ့သည်။

“အလုပ်လုပ်ရတာ အဆင်ပြေတယ်။ ပျော်တယ်။ ဒီအိမ်မှာပဲနေမယ်လို့ (သမီးကဖုန်းထဲမှာ) အမြဲပြောတယ်။ အဲ့ဒီစကားကို ယုံကြည်မိတာ ကျွန်မသိပ်မှားသွားတယ်” ဟု ၃၉ နှစ် အရွယ် ဒေါ်အေးခိုင်က ပြောပြသည်။

စတိုးဆိုင်တွင်မူ မထက်ထက်ဇော်သည် သူ့ထက်ငယ်ရွယ်သည့် အခြား ကလေးတစ်ယောက်နှင့် အတူ နံနက် ၇ နာရီမှ ည ၁၁ ခွဲအထိ အလုပ်လုပ်ခဲ့ရသည်။ စျေးဆိုင်ခင်းခြင်း၊ သန့်ရှင်းရေး၊ အလုပ်ရှင်၏ နှစ်နှစ်အရွယ် ကလေးအဝတ်များ လျှော်ဖွတ်ခြင်း၊ အိုးခွက်ပန်းကန် ဆေးကြောခြင်းတို့သည် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းများတွင် ပါဝင်သည်။

“ဖုန်သုတ်ရင်းနဲ့ မုန့်တွေ ကြေကုန်ရင်လည်း ရိုက်ခံရတယ်။ အလုပ်ရှင်က သူတစ်နေကုန်ပင်ပန်းနေရင်လည်း သမီးကို မဲပြီးရိုက်တယ်။ သူအများဆုံးရိုက်တဲ့နေရာတွေက ကျောကုန်းတွေ၊ မျက်နှာတွေ၊ ခေါင်းတွေပါ။ ရိုက်လို့ငိုရင် အသံထွက်လို့ဆိုပြီး ပိုပြီးတော့ရိုက်တယ်။ နောက်ပိုင်းကျတော့ အရိုက်ခံရရင်တောင် အသံထွက်ပြီး မငိုရဲတော့ဘူး သူပိုရိုက်မှာ ကြောက်လို့ပါ။ ‘နင်တို့ကို သတ်ပစ်လိုက်လို့ရတယ် နင်တို့အမေတွေက ပိုက်ဆံပဲလိုတာ နင်တို့အမေက ပိုက်ဆံပုံပေးလိုက်ရင် ရတယ်’ ဆိုတဲ့စကားကို အမြဲတမ်းပြောတယ်” ဟု မထက်ထက်ဇော်က ပြောသည်။

“တကယ်တော့ မေမေ ဖုန်းဆက်တိုင်း သမီးဒီမှာနေရတာ အဆင်မပြေဘူးလို့ ပြောချင်တယ်။ ဒါပေမဲ့ အလုပ်ရှင်က ဖုန်းပြောတိုင်း ဘေးမှာ ထိုင်နားထောင်နေတော့ သူ့ကိုကြောက်လို့ အမှန်အတိုင်း မပြောရဲတာ” ဟု ၎င်းက ဖွင့်ဟဝန်ခံသည်။

သူ၏ လုပ်ဖော်ကိုင်ဘက် ၁ဝ နှစ်အရွယ် မမေသဇင်မှာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ဖြစ်ပြီး စတိုးဆိုင်သို့ ရောက်လာသည်မှာ တစ်လကြာပြီ ဖြစ်သည်။

ယခုအခါ အသက် ၄ဝ အရွယ် စတိုးဆိုင်ပိုင်ရှင် ဒေါ်ဖြူဖြူထွန်း ခေါ် ဒေါ်ငယ်ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၂၆ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် ဖမ်းဆီးကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု မင်္ဂလာဒုံမြို့မရဲစခန်း ရဲအုပ်ရန်အောင်က ပြောသည်။ ထိုပုဒ်မများသည် ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက တစ်သက်တစ်ကျွန်းအထိ ထောင်ဒဏ် ချမှတ်ခံရနိုင်ကြောင်း ရာဇသတ်ကြီးတွင် ဖော်ပြထားသည်။

မထက်ထက်ဇော်တို့ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် ပထမဆုံးသော ကလေးအလုပ်သမားအမှု မဟုတ်ပါ။ ယမန်နှစ်ကလည်း ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်၌ အလုပ်လုပ်ကိုင်သော ကလေးငယ်နှစ်ဦးကို ဆိုင်ပိုင်ရှင်များက ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျွန်ပြုခြင်းသတင်းများ ပေါ်ထွက်လာပြီး အာဏာပိုင်တို့က ထိုအမှုကို အရေးယူ ဆောင်ရွက်လျက်ရှိသည်။

တိုင်ကြားခြင်း

လုပ်ငန်းခွင်တွင် နေထိုင် လုပ်ကိုင်ရသည့် ကလေးလုပ်သားများအနေဖြင့် တစ်နေ့လျှင် ၁၆ နာရီထက် ကျော်လွန်လုပ်ကိုင်နေရကြောင်း တချို့ကလေးငယ်များဆိုလျှင် အိပ်ချိန် တစ်နေ့ ၃ နာရီခန့်သာရှိသည့် အခြေအနေများပင်ရှိကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

နိုင်ငံအတွင်း၂ဝ၁၅ ခုနှစ်က ကောက်ယူခဲ့သည့် အလုပ်သမားအင်အားစစ်တမ်းအရ ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၆ဝဝ,ဝဝဝ မှာ အန္တရာယ်ရှိလုပ်ငန်းခွင်တွင် လုပ်ကိုင်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) တို့ပူးပေါင်း ပြုစု ထုတ်ဝေသည့် မြန်မာနိုင်ငံ ကလေး အလုပ်သမား ၂ဝ၁၅ - အဓိကကျသော အချက်အလက်များနှင့် စာရင်းအင်းများ စာအုပ်တွင် ဖော်ပြထားသည်။

ကလေးငယ်များကို မည်သည့်နေရာတွင်မှ စေခိုင်းခြင်း ခွင့်မပြုသင့်ကြောင်း လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ညီမျှခြင်းမြန်မာအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။

“အခုက … ထမင်းစား ကျွန်ခံဆိုတဲ့ သဘောမျိုးနဲ့ လုပ်ထားတာဖြစ်တယ်။ ကလေးတွေကို ခိုင်းစေရတဲ့ သဘောက ကလေးကို တတ်နိုင်သလောက် ထိန်းချုပ်နိုင်တယ်။ ရိုက်နိုင်တယ်။ ဖိနှိပ်နိုင်တယ်ဆိုတဲ့ အစွဲတွေကြောင့်လည်း ဖြစ်ပါတယ်။

…ဆိုးဝါးတဲ့ကိစ္စကတော့ မကျေနပ်ရင် ရိုက်တာတွေ နှိပ်စက်တာတွေက ကလေးငယ်မို့လို့ ပိုပြီးတော့ ခံရတဲ့ အရာတွေဖြစ်တယ်။ အိမ်ထဲမှာ ငရဲကျနေသလို သဘောမျိုးဖြစ်တဲ့ဟာကို ဘယ်လိုမှ အလုပ်အဖြစ် မသတ်မှတ်နိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

“အလုပ်သမားအဖြစ် စေခိုင်းမယ်ဆိုရင် သူရဲ့လုပ်ရမယ့် အလုပ်က ဘာလဲ၊ ခံစားခွင့်ကဘာလဲ၊ ဆိုတာကို အစောကြီးကတည်းက ပွဲစားက တစ်ဆင့်၊ ကုမ္ဗဏီကတစ်ဆင့် လုပ်ဆောင်တဲ့ အရာမျိုး ရှိဖို့ လိုအပ်တယ်” ဟု ဦးအောင်မျိုးမင်းက ရှင်းပြသည်။

အလုပ်အကိုင်ပွဲစားများအနေဖြင့်လည်း မိမိတို့ ပိုက်ဆံရရေးကိုသာ အဓိကမထားဘဲ ကလေးအလုပ်သမားများအတွက် ကောင်းမွန်လုံခြုံသော ပတ်ဝန်းကျင် လုပ်ငန်းခွင် ဖြစ်ရေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ အလုပ်ရှင်များအနေဖြင့်လည်း ညှာတာထောက်ထားတတ်သည့် စိတ်ဓာတ်များ ရှိမှသာလျှင် လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးမည် ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

ILO အဖွဲ့၊ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး စီမံချက်၏ စီမံကိန်းအရာရှိ ကိုစောဆာကပေါ်ကလည်း ကလေးများကို ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှုများလည်း ရှိကြောင်း ပြောသည်။

ကလေးလုပ်သားအသုံးပြုခြင်းကြောင့် လုပ်ငန်းရှင်များ၏ စီးပွားရေး ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း၊ ဆင်းရဲခြင်း သံသရာကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် အလုပ်သမားခေါ်ယူရာတွင် အသက်အရွယ်နှင့် ပတ်သက်ပြီး သေချာစိစစ်ရန်၊ အလုပ်သမားဥပဒေအတိုင်း လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်း ပြောသည်။

“ကလေးသူငယ်တွေကို နှိပ်စက်ရင် ဒီလိုပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတာကို ကြေညာပေးဖို့ လိုအပ်ပါတယ်။ သတင်းစာ၊ ဂျာနယ်တွင်မကဘဲ တခြားနည်းလမ်းနဲ့ တီဗွီအစီအစဉ်တို့ဘာတို့ကနေလည်း ကြေညာဖို့ လိုပါတယ်။

ရုပ်သံဇာတ်လမ်းတွဲတွေကြားမှာ ကြော်ငြာထည့်သလို ဒီလိုလုပ်တဲ့အတွက် ဒီလောက်ထိ ပြင်းပြင်းထန်ထန် အရေးယူခံရတယ်ဆိုတာကို သိအောင် ထုတ်ပြန်ကြေညာသင့်ပါတယ်။ နှိပ်စက်တတ်သူတွေက တီဗွီ ကြည့်နိုင်တဲ့ လူတန်းစားတွေပါပဲ” ဟု ဦးယုလွင်အောင်က ဆိုသည်။

“တကယ့်အရင်းအမြစ်က ဆင်းရဲမွဲတေမှုပါ။ အသိဉာဏ်နည်းပါးမှုပါ။ … ကိုယ့်သားသမီးကို ကျွန်ဖြစ်အောင်တော့ ဘယ်မိဘကမှ မပို့ချင်ဘူး။ မပို့လို့ကလည်း ကိုယ်ဝမ်းနာကိုယ်သာသိသလို ဆင်းရဲလွန်းအားကြီးလို့ ဘယ်လိုမှ စားစရာမရှိလို့ ပို့ရှာတာပါ” ဟု သူက ဆိုသည်။

မိဘများ ဆင်းရဲမွဲတေခြင်းကြောင့် သားသမီးကို ကျောင်းမထားနိုင်ပါက နိုင်ငံတော်က တာဝန်ယူ၍ ကျောင်းထားပေးသင့်ကြောင်း၊ ဆင်းရဲမွဲတေမှု မည်သို့လျှော့ချမည်ကို အစိုးရအနေဖြင့် အသေအချာ စဉ်းစားကြိုးပမ်းသင့်ကြောင်း ဦးယုလွင်အောင်က ထောက်ပြသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်စာပေါင်းများစွာ ရောက်ရှိသော်လည်း ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်သည့်စာမှာ အင်မတန် ရှားပါးကြောင်း သူက ဆက်ပြောသည်။

“အင်းဝအပ်ချုပ်ဆိုင်မှာ နှိပ်စက်ခံရတဲ့ ကလေးမလေးနှစ်ဦးဖြစ်စဉ်ဆိုရင်လည်း ကာယကံရှင်တိုင်တာ မဟုတ်ဘူး။ တခြားအမှုတွေကျတော့ သူတို့လာတိုင်တာမဟုတ် ကျွန်တော်တို့အနေနဲ့ လူမှုကွန်ရက်က တစ်ဆင့် တွေ့ပြီး လိုက်ပါဆောင်ရွက်ပေးတာပါ။ ကလေးကလည်း သူ့ဘာသာ မတိုင်တတ်ဘူး။ ကလေးအတွက် တိုင်ပေးဖို့လည်း လူတွေက သိပ်စိတ်မဝင်စားဘူး၊ ကလေးတွေက နစ်နာနေတာပေါ့” ဟု ဦးယုလွင်အောင်က ဆိုသည်။

ဥပဒေပြဌာန်းရေး၊ ပညာပေးရေး

၁၉၉၃ ခုနှစ် ကလေးသူငယ်အခွင့်အရေးဥပဒေမှာ ခေတ်နှင့်လျော်ညီမှု မရှိတော့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကလေးသူငယ် ဥပဒေကို ပြန်လည် ရေးဆွဲထားကြောင်း၊ ဥပဒေ မူကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း မပြုရသေးကြောင်း ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာမြသောင်းက ပြောသည်။

ဥပဒေတွင် ကလေးလုပ်သားများနှင့် ပတ်သက်၍ တိကျသည့် အသက်အပိုင်းအခြား၊ လုပ်ကိုင်ရမည့် လုပ်ငန်းအမျိုးအစား၊ အလုပ်ချိန်၊ အိပ်ချိန်၊ အနားပေးရမည့် ရက်များအပြင် အချိန်ပိုင်း ပညာသင်ကြားခွင့် စသည့်အချက်များကိုလည်း တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုသည်။

“အလုပ်ချိန်ကို အချိန်အကန့်အသတ် လုပ်ပေးရမယ်။ ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းတွေ သားသတ်ရုံတို့ ဘာတို့ဆိုရင်လည်း ကလေးငယ်တွေကို တိရစ္ဆာန်ကတစ်ဆင့် ကူးစက်တဲ့ရောဂါမျိုးတွေ မဖြစ်အောင်၊ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာ မခိုင်းဖို့ လိုပါတယ်” ဟု လွှတ်တော်၏ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာမြသောင်းက ဆိုသည်။

ဥပဒေပြဋ္ဌာန်းပြီးပါကလည်း ကလေးလုပ်သားများကို ခေါ်ယူခိုင်းစေသည့် အလုပ်ရှင်များက မည်သို့ ပြုမူ ဆက်ဆံသည်၊ မည်သို့ထားရှိသည်များကို သိရှိနိုင်ရန်အတွက် တာဝန်ရှိသူများက အပတ်စဉ်၊ လစဉ် စစ်ဆေးမှုများ ပုံမှန် ပြုလုပ်သင့်ကြောင်း ဦးယုလွင်အောင်က ပြောသည်။

“အခုက မိဘကလည်း တိတ်တိတ်ကလေး လာပို့၊ အလုပ်ရှင်ကလည်း တိတ်တိတ်ကလေး လက်ခံတော့ လူမသိသူမသိ နှိပ်စက်ခံနေရတာပေါ့။ တစ်လတစ်ကြိမ် ဒီကလေးကို ခေါ်တွေ့မယ်ဆို ဘာမှလုပ်လို့မရဘူး၊ အလွန်ဆုံး နှိပ်စက်ခံရရင် တစ်လပေါ့။ နောက်တစ်လဆို တန်းပေါ်မှာပဲ။ ကလေးသူငယ်ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေတွေ လုပ်ရမယ်။ အိမ်ဖော်ဥပဒေတွေ ရေးရမယ်။ အဲ့ဒါဆိုရင်တော့ ဒီပြဿနာတွေ တော်တော်လေးကို လျော့နည်းသွားမယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

အလုပ်သမားဝန်ကြီးဌာန၊ လူကယ်ပြန်ဝန်ကြီးဌာနတို့ အနေဖြင့် ကလေးသူငယ် အခွင့်အရေးကို အလုပ်ရှင်များ သိရှိစေရန် ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ လက်ကမ်းစာရွက်များ ဝေခြင်းတို့ကို ပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုသည်။

ဦးအောင်မျိုးမင်းကလည်း ကလေးသူငယ်များ အနိုင်ကျင့်ခံရပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို ရပ်ကွက်များအတွင်း အသိပညာပေးခြင်းမျိုး ပြုလုပ်သင့်ကြောင်း၊ တိုင်ကြားနိုင်သည့် ယန္တရားများလည်း ရှိရန် လိုအပ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာက တိုင်ကြားနိုင်ဖို့ယန္တရားတွေက အရမ်းအားနည်းနေတုန်းပါပဲ။ ရှိနေတဲ့ လူ့အခွင့်အရေးကော်မရှင်တောင်မှ သိပ်ပြီးတော့ လူတွေက အားမကိုးကြဘူးဆိုတာ တွေ့နေရတယ်” ဟု သူက ဆိုသည်။

ရန်ကုန် အဝေးပြေးကားဂိတ် စတိုးဆိုင်တွင် မထက်ထက်ဇော်နှင့် အတူတကွ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ မမေသဇင်ကိုလည်း ၎င်း၏ ဖခင် ဦးဇော်မင်းနိုင်က တစ်ပါးသူထံတွင် အလုပ်လုပ်ခိုင်းရန် တွန့်ဆုတ်နေသည်။

အခြားတစ်ဘက်တွင်လည်း ကလေးငယ် ရရှိမည့် လုပ်ခလစာက မိသားစုအတွက် အထောက်အကူ ဖြစ်နေသည်။

“အကြောင်းမသိတဲ့ အိမ်ကိုတော့ မလွှတ်ရဲတော့ပါဘူး။ ကလေးတွေ အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး ခိုင်းဖို့ ယုံကြည်ချက် မရှိတော့ပါဘူး။ ကိုယ်ယုံကြည်စိတ်ချရမယ့်နေရာ ဆိုရင်တော့ တစ်မျိုးပေါ့” ဟု ဦးဇော်မင်းနိုင်က ပြောလိုက်သည်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading