နိုင်ငံတော်တွင် တင်နေသေးသည့် နောက်ထပ်အကြွေးတစ်ခု

အသွင်ကူးပြောင်းကာလ တရားမျှတမှု (Transitional justice) သည် ဒဏ်ရာဒဏ်ချက်များကို သက်သာပျောက်ကင်းစေရန် နိုင်ငံတော် အစီအစဉ်ဖြင့် ကုစားပေးခြင်းဖြစ်သည်။ ထိုဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းအောင် အရင်မလုပ်ဘဲ စနစ် အကူးအပြောင်းကိုသာ ပုံဖော်မည်ဆိုပါလျှင် စစ်မှန်သော တရားမျှတမှု ထွန်းကားသည့် လူ့ဘောင်ကို တည်ဆောက်နိုင်မည် မဟုတ်ပါ။

Published on Mar 16, 2017
မြောက်ဥက္ကလာပ ကန်သာယာပန်းခြံ၌ ပထမဆုံး စိုက်ထူခဲ့သော ရှစ်လေးလုံးအထိမ်းအမှတ်ရုပ်တု ရှေ့တွင် အလေးပြုနေကြသူများကို ၂၀၁၈ ဩဂုတ်လ ၈ ရက်က တွေ့ရစဉ် ( ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)
မြောက်ဥက္ကလာပ ကန်သာယာပန်းခြံ၌ ပထမဆုံး စိုက်ထူခဲ့သော ရှစ်လေးလုံးအထိမ်းအမှတ်ရုပ်တု ရှေ့တွင် အလေးပြုနေကြသူများကို ၂၀၁၈ ဩဂုတ်လ ၈ ရက်က တွေ့ရစဉ် ( ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)

မကြာသေးခင်က ရန်ကုန်မြို့တွင် ဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် ချီးကျူးဂုဏ်ပြုပွဲအခမ်းအနား ကျင်းပသွားတာ တွေ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး နှစ်ယောက်လုံးကို ချီးကျူးစကားများ ပြောကြားသွားသည်။ ကျန်ရစ်သူမိသားစုနှစ်စုအနေဖြင့် မိမိတို့မိသားစုဝင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းပူဆွေးနေကြမည်မှာ မှန်သော်လည်း တစ်ဖက်က ယခုလို တစ်တိုင်းတစ်ပြည်လုံးက မိမိတို့ကို နှုတ်အားဖြင့်တင်မက ငွေအား၊ လူအားဖြင့်ပါ ဝိုင်းဝန်းဖေးမ ကူညီကြသည်ကို မြင်ရသဖြင့် ဖြေသာမည်၊ မိမိတို့ချစ်ခင်ရသည့် သွားလေသူနှစ်ဦးအတွက် ဝမ်းမြောက် ဂုဏ်ယူကြလိမ့်မည်၊ စိတ်ဒဏ်ရာများလည်း နက်နက်မကျန်ရစ်နိုင်ဟု ယုံကြည်ပါသည်။

သို့ရာတွင် ကျွန်တော်တို့ မေ့နေခဲ့ကြသော မမေ့အပ်သော ကိစ္စတစ်ခုရှိပါသေးသည်။ ဦးကိုနီနှင့် ကိုနေဝင်း တို့လောက် လူသိမများ၊ ဟိုးလေးတကျော် မဖြစ်ဘဲ လူမသိသူမသိပေးဆပ်ခဲ့ကြသူတွေအတွက်လည်း စာနာကြောင်း၊ လေးစားဂုဏ်ယူကြောင်း၊ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့ဖြစ်သည်။ ၁၉၆၂ အာဏာသိမ်းသည်မှစကာ ၂ဝ၁ဝ နောက်ပိုင်း မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ကာ တွန်းတင်ပေးခဲ့ကြသူအပေါင်း ဒုနှင့်ဒေး ရှိခဲ့သည်။ ထိုသူတို့သည် မည်သည့်အကျိုးစီးပွားကိုမျှ မျှော်ကိုး၍မဟုတ်ဘဲ အမှန်တရားကို ချစ်မြတ်နိုးစိတ်၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လောကပါလတရားများ ထွန်းကားရေးတို့ကို လိုလားသောစိတ်တစ်ခုတည်းဖြင့် ကျရာနေရာမှ ဝင်ရောက်ကာ တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်။

၁၉၆၂ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်အကြား နှစ် ၅ဝ ကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဒုက္ခရောက်သူ၊ ဘဝပျက်ခဲ့သူတွေ တစ်ပုံတစ်ပင်ရှိသည်။ လမ်းပေါ်ထွက်ဆန္ဒပြ၍ ထောင်ကျခံ၊ ညှဉ်းပန်းနှိပ်စက်ခံ၊ နောက်ဆုံး အသက်အသေခံခဲ့ရသူတို့သာလျှင် စနစ်ဆိုး၏ဒဏ်ကို ခံစားခဲ့ရသည်မဟုတ်။ နိုင်ငံရေးလုပ်မိသူတို့၏ နီးစပ် ပတ်သက်သည့် မိသားစုဝင်၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းများလည်း တစ်နွယ်ငင် တစ်စင်ပါ ခံစား ခဲ့ကြရသည်။ လက်နက်ကိုင်တောခိုသွားကြသူတို့၏ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများလည်း အမျိုးမျိုးဒုက္ခပေးခံခဲ့ရသည်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်၏ ဖခင်သည် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်း ခံခဲ့ပြီးနောက် သူတို့မိသားစု ဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြသည်။ တစ်ချိန်က နိုင်ငံရေးလုပ်ဖော်လုပ်ဖက်များကလည်း သတင်းမမေး၊ အားပေးနှစ်သိမ့်မှု မရှိခဲ့ကြဟု ဆိုသည်။

ဖခင်ဖြစ်သူအဖမ်းခံရသည့်နောက် အိမ်မှာ မိန်းမတွေချည်း ကျန်ရစ်ခဲ့သည်။ အိမ်ရှင်က အိမ်လခတိုးတောင်းတာ ခံရသည်။ မိခင်ဖြစ်သူမှာ အစိုးရဝန်ထမ်းဖြစ်ရာ နောက်ဆုံး ရမယ်ရှာပြီး အလုပ်ဖြုတ်ခံရသည်။ အပြင်မှာ စာပြစားဖို့ လုပ်တာကိုပင် ထောက်လှမ်းရေးက စာမသင်နိုင်အောင် အမျိုးမျိုးလိုက်နှောင့်ယှက်သည်။ ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြင့် ဖြတ်သန်းရသည်။ စာအုပ်များကို အဟောင်းတန်းတွင် ရောင်းစားရသည်အထိ ဖြစ်သည်။

နိုင်ငံရေးသမားမိသားစုဆိုလျှင် ပတ်ဝန်းကျင်က မဆက်ဆံချင်ကြ။ ကူကွယ်ရာမဲ့ဘဝ ရောက်ရသလိုရှိခဲ့သည်။ အမေနှင့်သမီးတွေချည်း ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့ရသည်။

ကျွန်တော့်မိတ်ဆွေလို ခါးသီးသည့်အတွေ့အကြုံများကို ခံစားခဲ့ရသူပေါင်း မြန်မာနိုင်ငံတွင် ထောင်သောင်းသိန်းဂဏန်းမျှ ရှိနိုင်သည်။ ထို ခံစားခဲ့ရသူများမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စုဆောင်းပြုစု ထားသည့် နိုင်ငံရေး အကျဉ်းသားဟောင်း/သစ် စာရင်းဝင်နေသူဦးရေထက် ပိုသည်။ ထောက်လှမ်းရေးက ညကြီး အချိန် မတော် တံခါးလာခေါက်ပြီး “မေးစရာရှိလို့ လိုက်ခဲ့ပါဦး”ဟု ခေါ်သွားကာ ကံကောင်းစွာဖြင့် ပြန်လွှတ်ခံခဲ့ရဖူး သူအားလုံး၊ ထိုသူတို့နှင့် ပတ်သက်ပြီး ထိခိုက်ခံစားခဲ့ရသူအားလုံး၊ ၁၉၈၈၊ ၂ဝဝရ စသည့် အရေးအခင်းတို့တွင် လမ်းပေါ်ထွက်ဆန္ဒပြ၍ဖြစ်စေ၊ ဘေးကရပ်ကြည့်ရာမှဖြစ်စေ ကျည်သင့်ကာ ကွယ်လွန်ခဲ့သူများအားလုံး၊ ရိုက်နှက်ဖမ်းဆီး ခံရသူအားလုံး၊ လိင်ပိုင်းအစော်ကားခံခဲ့ရသူအားလုံး စသည်ဖြင့် အာဏာရှင်စနစ်ဆိုး၏ရိုက်ချက်ကို အဖျားအနားပင်ဖြစ်စေ ထိမှန်ခဲ့ကြသူအားလုံးကို ဆိုလိုသည်။

ကျွန်တော်ငယ်ငယ်ကနေခဲ့သည့် ရပ်ကွက်ထဲတွင် ၉/၁၁ တိုက်ခိုက်မှုပြီးကာလလောက်က ဖြစ်မည်၊ ကျောချင်းကပ်လမ်းက မွတ်စလင်ကောင်လေးတစ်ယောက်ကို ထောက်လှမ်းရေးက အယ်လ်ကိုင်ဒါနှင့် ပတ်သက်သည် ဟု သံသယဖြင့် ဖမ်းဆီးသွားခဲ့ရာ စစ်မေးရင်း လက်လွန်သွားခဲ့သည်။ ထောက်လှမ်းရေးက ထို ကောင်လေး၏မိသားစုဝင်များအား သည်ကိစ္စ မပေါက်ကြားစေရန်နှင့် နာရေးကို တိုးတိုးတိတ်တိတ်လုပ်ရန်သာ လာသတိပေးခဲ့သည်ဟု နောက်ပိုင်း ပြန်ကြားရသည်။ ထိုသို့သော အညတရပေါင်းများစွာ ရှိသည်။ သူတို့အတွက် သို့မဟုတ် သူတို့၏ကျန်ရစ်သူအသိုင်းအဝိုင်းအတွက်လည်း ထည့်စဉ်းစားဖို့ လိုသည်။

ခေတ်ဆိုးစနစ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများအနက် အဆိုးရွားဆုံးက ဥမမည် စာမမြောက် ကလေးငယ်များ ဖြစ်သည်။ ကိုယ်အားကိုးသည့် မိဘ၊ ဆွေမျိုး၊ စသည်တို့ ဒုက္ခရောက်၊ အသက်ဆုံးသည်ကို မြင်ရရာမှ သွေးပျက်ကာ တစ်သက်လုံး စိတ်ရောဂါရသွားသည့် ကလေးငယ်များက ဘဝမှာ အနစ်နာဆုံးဖြစ်သည်။ လူကြီးဆိုသည်က ကိုယ်ယုံကြည်ရာကို လုပ်ခြင်းဖြစ်၍ ဘာပဲဖြစ်လာဖြစ်လာ ဖြေသာနိုင်သေးသည်။ စိတ်ကြံ့ခိုင် နိုင်သေးသည်။ ကလေးဆိုသည်ကတော့ နုနယ်စဉ်မှာ စိတ်ထဲကို ဒဏ်ရာနက်နက် ဝင်သွားခဲ့လျှင် တစ်သက်လုံး နာလန်ထူမည်မဟုတ်တော့။ သူတို့၏ ပညာရေး၊ ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေး အားလုံးထိခိုက်နစ်နာသွားတော့မည်။

တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားဒေသများမှာဆိုလည်း သည်အတိုင်း။ မိမိရှေ့မှာ လူတွေ ရုပ်ပျက်ဆင်းပျက်သေကြ၊ ရွာတွေ မီးရှို့ခံရတာကို မြင်ရ၊ ကိုယ့်ရှေ့မှာ သူများကို ကျူးလွန်တာဖြစ်စေ၊ ကိုယ့်ကိုကျူးလွန်တာဖြစ်စေ ခံစားရပြီ ဆိုလျှင် ထို ကလေးငယ်များသည် တစ်သက်လုံး ပုံမှန်ဘဝမှာ နေသွားဖို့ မဖြစ်နိုင်တော့။ စောစောကပြောခဲ့သည့် ကျွန်တော့် မိတ်ဆွေဆိုလျှင် တစ်သက်လုံး အမုန်းတရားဖြင့် ကြီးပြင်းလာခဲ့ရသည်ဟု ဆိုသည်။ ဒုက္ခရောက်နေသည့် အချိန် ရုပ်ဝတ္ထုအကူအညီထက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု မရခဲ့ခြင်းက အမုန်းတရားကို မီးတောက်စေသည့် အဓိကအကြောင်းအရင်း ဖြစ်မည်ထင်သည်။ ဆိုလိုသည်မှာ ထိခိုက်နစ်နာခဲ့သူများအတွက် စစ်အစိုးရအဆက်ဆက်သာလျှင် တရားခံ မဟုတ်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်များကိုယ်တိုင်လည်း တာဝန်ရှိသည်။ ပြည်သူများအကြားတွင် ဘယာ ဂတိ အစိုးမိုးမခံဘဲ မတရားမှုကို ငုံ့မခံစိတ်၊ နစ်နာသူအပေါ် အားပေးဖေးကူချင်စိတ်များ ထိုစဉ်က ကိန်းအောင်း ခဲ့လျှင် ကျွန်တော့်မိတ်ဆွေသည် အစိုးရဆိုးကြောင့် ဖခင်ထောင်ကျနေရဦးတော့၊ မိသားစုဝင်များ သည်လောက် ဒုက္ခမရောက်နိုင်၊ အမုန်းတရားများလည်း သည်မျှမပွားစည်းနိုင်ဟု သုံးသပ်မိသည်။ ခုတော့ အစိုးရကတင်မက ပတ်ဝန်းကျင်ကပါ ရေနစ်သူဝါးကူထိုးသလို ဖြစ်သည်ဟု သူ့ဖြစ်ရပ်ကိုကြည့်၍ ခံစားရသည်။

ကျွန်တော်ညွှန်ပြလိုသည့်အချက်မှာ ထိုသို့သော ထိခိုက်ခံစားခဲ့ရသူများအတွက် နိုင်ငံတော်က မည်သို့သော အစီအစဉ်ဖြင့် ပြန်လည်ကုစားပေးမလဲဆိုသည့် အချက်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူများ အတွက် ပုံမှန်အချိန်တစ်ခုရောက်တိုင်း ကူညီစောင့်ရှောက်ပေးမည့် အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် စသည် ယနေ့ ပေါ်ထွက်လာကြပြီဖြစ်သည်။ သို့သော်လည်း အပေါ်တွင်ပြောခဲ့သလို စိတ်ဒဏ်ရာဖြင့် ကြီးပြင်းခဲ့ရသူများအတွက် ရုပ်ပိုင်းမဟုတ်သည့် မည်သို့သော ပြန်လည်ထူထောင်ရေးအစီအစဉ်ကို လုပ်ဆောင်မည်ကို နိုင်ငံတော်အနေဖြင့်၊ အထူးသဖြင့် လက်ရှိအစိုးရအနေဖြင့် စဉ်းစားထားသည်ကို သိရှိလိုသည်။ ဒါက စနစ်အကူးအပြောင်းကို ဖြတ်သန်းနေရသည့် နိုင်ငံတိုင်းအတွက် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ နိုင်ငံတကာမှာတော့ Transitional Justice “အသွင်ကူးပြောင်းကာလ တရားမျှတမှု”ဟု ခေါ်ကြသည်။ ဒီမိုကရေစီနိုင်ငံ ထူထောင်မည်ဆိုပါက မဖြစ်မနေ ဆောင်ရွက်ရမည့် တရားမျှတမှု ရှာဖွေသည့်လုပ်ငန်းဖြစ်သည်။ ‘အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး’ ခေါင်းစဉ်ဖြင့် အတိတ်ကို ပြည်ဖုံးကားချခြင်း၊ သင်ပုန်းချေခြင်း၊ ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်ခြင်းနှင့် မသက်ဆိုင်သော သီးခြားလုပ်ငန်းစဉ်ဖြစ်သည်။

သာဓကပြရလျှင် အတိတ်က အစိုးရ အဆက်ဆက်၏ မှားယွင်းခဲ့သည့်အပြစ်များကို အတိအလင်းဖွင့်ဟဝန်ခံခြင်း၊ (ဦးကိုနီနှင့် ကိုနေဝင်းမိသားစုများအား လုပ်ပေးသလို) နစ်နာခဲ့သူများအား ပြန်လည်ကြည့်ရှုစောင်မခြင်း၊ တစ်ချိန်က နာမည်ပျက်စာရင်း သွင်းခံခဲ့ရသူများအား လူဆိုးမဟုတ်ကြောင်း ပြန်လည်ကြေညာပေးခြင်း၊ ဒီမိုကရေစီ တိုက်ပွဲတွင် စွန့်လွှတ်အနစ်နာခံခဲ့ရသူအားလုံးတို့အတွက် အထိမ်းအမှတ်တစ်ခုခု (ပြတိုက်၊ ကျောက်တိုင်၊ ပန်းခြံစသည်) ပြုလုပ်ပေးခြင်း၊ ထိုသူတို့အတွက် ရည်စူး၍ နေ့တစ်နေ့ကို အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ပေးခြင်း၊ စိတ်ဒဏ်ရာဖြင့် ကြီးပြင်းခဲ့ကြရသူများအတွက် နှစ်သိမ့်ဆွေးနွေးမှု၊ နွေးထွေးမှုများ ပြန်လည်ပေးခြင်း စသည်တို့ ပါဝင်သည်။

အသွင်ကူးပြောင်းကာလ တရားမျှတမှုသည် ဒဏ်ရာဒဏ်ချက်များကို သက်သာပျောက်ကင်းစေရန် နိုင်ငံတော် အစီအစဉ်ဖြင့် ကုစားပေးခြင်းဖြစ်သည်။ ထိုဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းအောင် အရင်မလုပ်ဘဲ စနစ် အကူးအပြောင်းကိုသာ ပုံဖော်မည်ဆိုပါလျှင် စစ်မှန်သော တရားမျှတမှု ထွန်းကားသည့် လူ့ဘောင်ကို တည်ဆောက်နိုင်မည် မဟုတ်ပါ။ နောင်တစ်ချိန်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ပြည်သူအများ တောင့်တသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ခု ဖြစ်လာသော်လည်း ကြားကာလတွင် အသွင်ကူးပြောင်းကာလတရားမျှတမှုကို မဖော်ဆောင်ထားမိပါက သွေးပြည်ပုပ်တို့ကို ဖောက်ချကာ ဆေးမထည့်ဘဲ အပေါ်က အရေပြား ထပ်ပိုးပြီး မိတ်ကပ်လိမ်းသည်နှင့် တူပါလိမ့်မည်။ တိုင်းပြည်ကသာ တည်ငြိမ်သွားပြီး စီးပွားရေးကောင်းချင် ကောင်းလာမည်ဖြစ်သော်လည်း ခေတ်ဆိုးကို ဖြတ်သန်းခဲ့ရသည့် နိုင်ငံသားများ၏မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတို့ကိုတော့ မြင်ရမည်မဟုတ်ပါ။

ဆရာကြီးရွှေဥဒေါင်းစကားဖြင့် ပြောရလျှင် စိတ်တွင် ဆူးများတစ်ချောင်းပြီးတစ်ချောင်း ပေါက်နေသော လူများ မြန်မာနိုင်ငံတွင် အများအပြား ကျန်ရှိနေပါသေးသည်။ ဦးကိုနီနှင့်ကိုနေဝင်းတို့ကို မမေ့သကဲ့သို့ ထိုလူအများကိုလည်း မမေ့အပ်ဘဲ လက်တွဲခေါ်ဖို့၊ ဂရုစိုက်ဖို့ နိုင်ငံတော် (အစိုးရနှင့်ပြည်သူ) တွင် အကြွေးကျန်နေပါသည်။     ။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading