သတင်း

တယ်လီနောမြန်မာကို အမည်ပျက်စာရင်းပါ ကုမ္ပဏီထံရောင်းချ 

တယ်လီနောမြန်မာကုမ္ပဏီကို လက်ဘနွန်ဘီလျံနာသူဌေးပိုင် M1 Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချရန် သဘောတူထားသည်ဟု နော်ဝေအခြေစိုက် Telenor Group က ယနေ့ (ဇူလိုင် ၈) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ပိုင်ရှင်သစ်က Telenor Myanmar ၏ လုပ်ငန်းများကို ရာနှုန်းပြည့်ပိုင်ဆိုင်သွားမည်ဖြစ်သော်လည်း “တယ်လီနောမြန်မာ၏ လုပ်ငန်းလည်ပတ်မှုများနှင့် ဝန်ဆောင်မှုများသည် ဆက်လက်လည်ပတ်နေမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချက်များနှင့် အဖွဲ့အစည်းတွင် ချက်ချင်းပြောင်းလဲခြင်းမရှိ”  ဟု ထုတ်ပြန်ချက်က ဆိုသည်။

တယ်လီနောမြန်မာကို ဝယ်ယူလိုက်သည့် M1 Group သည် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဘီလျံသူဌေး Najib Mikati ပိုင်ဆိုင်ပြီး မြန်မာစစ်တပ်လက်အောက်ခံ Mytel ကုမ္ပဏီအတွက် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးမှုဖြင့် အမည်ပျက်စာရင်းထည့်သွင်းခြင်းခံရဖူးသည့် Irrawaddy Green Towers ကုမ္ပဏီ၏ မူလပိုင်ရှင်သည်လည်း M1 Group ဖြစ်သည်။

မြန်မာနိုင်ငံ၌ အကြီးဆုံးဆက်သွယ်ရေးတာဝါတိုင် ကုမ္ပဏီဖြစ်သည့် Irrawaddy Green Towers ကို လက်ဇန်းဘတ်နိုင်ငံအခြေစိုက် CVC ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ၂၀၂၀ ခုနှစ်အတွင်း ဒေါ်လာသန်း ၇၀၀ ဖြင့် ဝယ်ယူရန် သဘောတူခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်းငံ့ထားသည်ဟု နိုင်ငံတကာသတင်းများက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင်မူ Irrawaddy Green Towers ၏ ဒါရိုက်တာများနေရာတွင် လက်ဘနွန်နိုင်ငံသားများ ပါဝင်နေဆဲဖြစ်သည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု နိုင်ငံတကာက စွပ်စွဲခံထားရသည့် စစ်တပ်လက်အောက်ခံ Mytel အတွက် M1 Group ကုမ္ပဏီပိုင် Irrawaddy Green Towers က ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးခဲ့သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတွင် မြန်မာစစ်တပ်နှင့် စီးပွားရေးအရဆက်စပ်မှုရှိနေသော နိုင်ငံခြားကုမ္ပဏီ ၄၄ ခုအနက် IGT ကုမ္ပဏီ၏ ရှယ်ယာရှင် M1 Group လည်း ပါဝင်သည်။ 

ယင်းအစီရင်ခံစာထုတ်ပြန်အပြီးတွင် Burma Campaign UK အဖွဲ့က M1 Group ကို ၎င်းတို့၏ အမည်ပျက်စာရင်းသွင်းခဲ့သည်။  

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထွက်ခွာလျက်ရှိရာ ဆုတ်ယုတ်လာသော အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရန် သင့်မသင့် စဉ်းစားနေသည်ဟု နော်ဝေနိုင်ငံအခြေစိုက် Telenor အုပ်စုက ဇူလိုင် ၂ တွင် ထုတ်ပြန်ကြေညာခဲ့သည်။  

တယ်လီနောမြန်မာ၏ အနာဂတ်နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေအလားအလာများကို အကဲဖြတ်သုံးသပ်လျက်ရှိသည်ဟု ထုတ်ပြန်ပြီးရက်ပိုင်းအတွင်း လက်ဘနွန်သူဌေးပိုင် M1 Group ထံ ရောင်းချလိုက်ကြောင်း Telenor အုပ်စုက ကြေညာခဲ့ခြင်းဖြစ်သည်။ 

တယ်လီနောမြန်မာသည် ၂၀၁၄ ခုနှစ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိခဲ့ပြီး လက်ရှိ၌ ပြည်တွင်း၌ သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများအနက် ဒီဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုအရှိဆုံးကုမ္ပဏီဟု သတ်မှတ်ခံထားရသည့် တယ်လီနောမြန်မာကို ရောင်းချရန် နော်ဝေအခြေစိုက် Telenor အုပ်စုက ဆုံးဖြတ်လိုက်ရာ ပိုမိုစိတ်ချရသည့် မိုဘိုင်းဆက်သွယ်ရေးမရတော့မည်ကို စိုးရိမ်မှုများရှိလာသည်။ 

တယ်လီနောအုပ်စု မြန်မာနိုင်ငံမှ ထွက်ခွာသွားပါက မြန်မာပြည်သူများ၏ အင်တာနက်လွတ်လပ်မှုအခြေအနေ ပိုမိုဆိုးရွားသွားလိမ့်မည်ဟု ဒီဂျစ်တယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့တစ်ခုဖြစ်သည့် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar) ၏ အကြံပေး Oliver Spencer က ဆိုသည်။ 

“တယ်လီနော ထွက်ခွာသွားရင် သူတို့တွေရရှိနေတဲ့ အကန့်အသတ်နဲ့ လွတ်လပ်မှုဟာလည်း ထွက်ခွာသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများအနက် ဒီဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုအရှိဆုံးအော်ပရေတာဖြစ်ရာ ယင်းနေရာတွင် အခြားကုမ္ပဏီများဝင်ရောက်လာပါက စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အင်တာနက်အသုံးပြုမှုကို အကြီးအကျယ်ကန့်သတ်ခဲ့ပြီး ယနေ့အချိန်ထိ အပြည့်အဝပြန်ဖွင့်ပေးခြင်း မရှိသေးပေ။ ထို့ပြင် မိုဘိုင်းဖုန်းသုံးစွဲသူများကို စောင့်ကြည့်ထောက်လှမ်းရေးအတွက် ဆက်သွယ်ရေးကုမ္ပဏီများကို ဆက်တိုက်ဖိအားပေးလျက်ရှိကာ ဆက်သွယ်ရေးကုမ္ပဏီအကြီးအကဲများ နိုင်ငံပြင်ပထွက်ခွာခွင့်ကိုပါ ကန့်သတ်ထားသည်။ 

တယ်လီဖုန်း၊ အင်တာနက် လုပ်ငန်းကို ထိုသို့ ကန့်သတ်ခြင်းများနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခြင်း မရှိပေ။  

Show More

Related Articles

Back to top button