သတင်း

ပေါက်မြို့၊ ကင်းမရွာမှ မီးလောင်သေဆုံးသူနှစ်ဦးအတွက် အမျှမဝေနိုင်သေး

စစ်ကောင်စီလက်ချက်ဖြင့် တစ်ရွာလုံးနီးပါး ပြာကျခဲ့သည့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာတွင် သုံးပတ်ကြာချိန်အထိ ပြန်လည်ထူထောင်ရေးများစွာခက်ခဲနေသလို၊ မီးလောင်သေဆုံးခဲ့ရသည့် အဘိုး၊ အဘွားနှစ်ဦးအတွက် အလှူပေး၊ အမျှမဝေနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

“ဆွမ်းကို မသွတ်ရသေးဘူးရယ်”ဟု သေဆုံးသူ အဘိုး၊ အဘွားတို့၏ အသက် ၅၀ အရွယ် သားဖြစ်သူ ဦးမြင့်မောင်က ပြောသည်။

ဇွန် ၁၅ က ကင်းမရွာ ရွာလုံးကျွတ်မီးရှို့ခံရမှုတွင် အသက် ၈၅ နှစ်အရွယ် ဦးမြမောင်နှင့် ၈၃ နှစ်အရွယ် ဒေါ်ကြီးမှိန်တို့ မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။ ထိုသို့ အဖြစ်ဆိုးကြုံခဲ့ရသည့် မိဘများ၏ ကြွင်းကျန်အရိုးများကိုပင် စစ်ကောင်စီတပ်၏ ရန်ရှာမှုနှင့် ထပ်ကြုံရမည်စိုး၍ သွားမယူရဲဟု ဦးမြင့်မောင်က ဆက်ပြောသည်။

“(ရွာမှာ)လူကလည်း မစုံ၊ ရွာမှာကလည်း မနေရဲ၊ ရွာမှာလည်း ပုန်းစရာမရှိတော့ ဒီတိုင်းပဲ ကျန်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

မီးလောင်သည့်နေ့က ကင်းမရွာနှင့် ဝန်းကျင်ကို စစ်ကောင်စီတပ်ဝင်မွှေမည်ဟု သတင်းကြိုရ၍ ၎င်းကိုယ်တိုင်မတိမ်းရှောင်မီ မိဘများနေထိုင်ရာအိမ်သို့ ဝင်၍ အတူနေထိုင်သူ အစ်ကိုဖြစ်သူကို ဘေးလွတ်ရာသို့ ရွှေ့ပြေးသင့်ကြောင်း အကြံပေးခဲ့သေးသည်ဟု ဦးမြင့်မောင်က ပြောသည်။

“(မိဘများ)ရေမိုးချိုးနေတုန်းရှိသေးတယ်၊ သေနတ်နဲ့ ရောက်လာတော့ အမေကနေပြီးတော့ အစ်ကိုကြီးကိုပဲ ရှောင်ခိုင်းလိုက်တော့တာ။ အမေနဲ့အဖေကတော့ အိမ်မှာပဲ နေခဲ့လိုက်တော့တာ။ မီးရှို့မယ် မမှတ်ဘူး။ ပစ္စည်းတွေယူမယ်ပဲ မှတ်တာကိုး”ဟု ၎င်းက ဆက်ပြောသည်။

ကင်းမရွာတွင် စစ်ကောင်စီရန်ကြောက်၍ သံဃာတော်များပင် ပြန်၍အခြေမချသေးခြင်း၊ ရှိသမျှ စည်းစိမ်ဥစ္စာများ မီးထဲပါသွား၍ အလှူအတန်းလုပ်ရန် စရိတ်ပင်မရှိခြင်းတို့ကြောင့် ဒုက္ခရောက်နေရသည်ဟု ဦးမြင့်မောင်က ဆိုသည်။

“မျှော်လင့်တယ်ရယ်လို့တော့ မဟုတ်ဘူး။ သူတို့ရဲ့ သင်္ဂြိုဟ်စရိတ်ရယ်တော့ လိုတာပေါ့။ ဒီခေတ်ဒီကာလမှာ အကူငွေရယ်လို့ အလှူလုပ်ဖို့ရာ အဲဒီလိုတွေကလည်း မကျန်ဘူး။  ထောက်ပံ့ကြေးတွေဆိုတာ အဲလိုအမျှဝေဖို့ စရိတ်ကလေးရရင်တော့ ပိုကောင်းတာပေါ့”ဟု ၎င်းက ပြောသည်။

ဦးမြင့်မောင်တို့လိုပင် အခြားရွာသားများကလည်း ပြန်လည်ထူထောင်ရေးအတွက် မည်သည့် မျှော်လင့်ချက်မျှမရှိသေးကြောင်း ပြောကြသည်။

ကင်းမရွာရှိ မီးလောင်ပျက်စီးနေသည့် နေအိမ်များကို ဇွန်လနောက်ဆုံးပတ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

အိမ်ခြေ ၂၄၀ ခန့်၊ လူဦးရေ ၁၀၀၀ ကျော်ရှိသော ကင်းမရွာသည် စစ်အာဏာသိမ်းပြီး ငါးလကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံးရွာများအနက် တစ်ခုဖြစ်သည်။

“နေရာကို သန့်ရှင်းရေးတောင် မလုပ်နိုင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ၎င်းတို့ကိုတော်လှန်သည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များကို ရှာဖွေသည်ဆိုသော အကြောင်းပြချက်ဖြင့် ကျေးရွာများကို မွှေနှောက်ဖျက်ဆီးလေ့ရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေရသည်ဆိုသော သတင်းမှာ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ မရိုးနိုင်အောင် ကြားနေရသည်။

ယင်းတို့အနက် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့သည့် ကင်းမရွာသားတို့မှာ ၎င်းတို့၏ အဓိကလိုအပ်ချက်ဖြစ်သည့် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရေးမှာ တဆင့်ချင်းပြန်လည်ကြိုးပမ်းရမည့် အခြေအနေတွင်ရှိ၍ နောင်နှစ်ပေါင်းမည်မျှဖြစ်လာမည်ကို မခန့်မှန်းနိုင်သေးကြောင်း ပြောကြသည်။

ရွာတွင် နေအိမ်မရှိတော့သလို စစ်ကောင်စီ ထပ်မံဒုက္ခပေးမည်ကို ကြောက်နေရသော ရွာသားတို့ထဲမှ အများစုမှာ အနီးအနားရှိ တောတောင်များထဲတွင် နေထိုင်နေရသည်။ ထို့အပြင် မိုးစပါးစိုက်ပျိုးရန် ကာလရောက်လာချိန်တွင် ပိုင်ဆိုင်ခဲ့ဖူးသည့် ထွန်စက်များမရှိ၊ ခိုင်းနွားများသည်လည်း ရှို့မီးအတွင်း သေကျေကုန်ကြသလို စိုက်ပျိုးရန် မျိုးစေ့ပင် အခက်တွေ့ နေသည်ဟုလည်း ၎င်းတို့က ပြောကြသည်။

မကြာသေးမီရက်ပိုင်းကမှ ကင်းမရွာသို့ သွားရောက်လှူဒါန်းခဲ့သည့် ကိုထွန်း(အမည်လွှဲ)ကလည်း ကင်းမရွာမှာ တစ်ရွာလုံးနီးပါး မီးလောင်ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းသာ မီးမစွဲဘဲ ကျန်ရစ်သည်ကို တွေ့ခဲ့ရကြောင်း အတည်ပြုသည်။

“ပုပ်စော်နံတယ်။ စဝင်ပြီဆိုတာနဲ့ နံတာပဲ။ သစ်ပင်တွေဆို မီးခိုးတွေထွက်ပြီး နွေးနေတာ။ လယ်ထွန်စက်တွေ၊ ဆိုင်ကယ်တွေ စက်ဘီးတွေ အကုန်လောင်၊ မဲတူးပြီး စစ်တလင်းပြင်ထဲ ရောက်သွားသလိုပဲ။ မလောင်တာဆိုလို့ ဘဝတွေပဲ ရှိတော့တယ်” ဟု ၎င်းတွေ့မြင်ခဲ့ရပုံကို ပြန်လည်ပြောပြသည်။

လက်ရှိတွင် အသင်းအဖွဲ့မျိုးစုံက ကင်းမရွာကို လာရောက်လှူဒါန်းနေကြပြီး ရသည့် ပမာဏများထဲတွင် အိမ်ထောင်စုတစ်စုအတွက် ပျှမ်းမျှ ငွေကျပ် ၁၀ သိန်းသည်သာ အများဆုံးဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီထံမှ မည်သည့် လျော်ကြေးမျှမရသလို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကူညီထောက်ပံ့မှုဆိုသည်ကိုလည်း မကြားမိဟု ရွာသားတစ်ဦးက ပြောသည်

စစ်ကောင်စီက ကင်းမရွာမီးလောင်မှုမှာ အကြမ်းဖက်သူတို့ လက်ချက်သာဖြစ်ကြောင်း၊ ၎င်းတို့ကပင် မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း ဇွန် ၁၈ရက်ထုတ် ဝါဒဖြန့်သတင်းစာများတွင် အကျယ်တဝင့် ဖော်ပြခဲ့သည်။

သို့သော် ကျေးရွာပြန်လည်ထူထောင်ရေးအတွက် မည်သို့စီမံနေသည်ကို ၂၁ရက်(ဇွန်၁၅မှ ဇူလိုင်၆) အထိ မသိရသေးသလို စစ်ကောင်စီ၏ ရန်ကို ကြောက်၍ ရွာသားများကလည်း ပြန်လည်နေထိုင်ခြင်း မရှိသေးပေ။

ရွာသားတို့က ကင်းမရွာမီးလောင်မှုမှာ စစ်ကောင်စီလက်ချက်ဟု တညီတညွတ်တည်းပြောကြသည်။ ကိုယ့်အိမ်ကိုယ်မီးဖြင့်ရှို့သယောင် စစ်ကောင်စီ၏ ပြောဆိုချက်မှာ အလိမ်အညာသာဖြစ်ကြောင်း ၎င်းတို့က တုံ့ပြန်ထားကြသည်။

“ဒီတစ်မိုးတော့ ဒီလိုပဲ(အိမ်ရာမရှိဘဲ) သွားမှာပဲ” ဟု ရွာသားတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေနှင့် ပတ်သက်၍ Myanmar Now က မေးမြန်းခွင့်ရခဲ့သော ရွာသားတချို့ကလည်း အထက်ပါအတိုင်း တူညီစွာ မှတ်ချက်ချကြသည်။

Show More

Related Articles

Back to top button