သတင်း

ကောလင်းတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၈ ဦး ထွက်စာတင်

တိုက်ပွဲများပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအများအပြား တာဝန်မှ နုတ်ထွက်ရန် တင်ပြထားကြကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ တွင် ကောလင်းမြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများဖြစ်သော ဦးချစ်နိုင် (ဥက္ကံ) ၊ ဦးအောင်မြင့် (ဆင်ဂေါင်း)၊ ဦးမင်းရွှေ (သရက်ချဉ်) ၊ ဦးဝင်းဇော်ထွန်း (ကြို့ပင်)၊ ဦးစံကဲ (တဂေါင်းအိုင်) ၊ ဦးမျိုးဝင်းဇော် (တောင်ကြား)၊ ဦးဌေးဝင်း (မိုးနှံ)၊ ဦးသိန်းထွန်း (ယင်းတိုက်) တို့ နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်နှင့် ပနံသင့်သည့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရမှုကြောင့် နုတ်ထွက်သူအများအပြားရှိသော်လည်း ကောလင်းမြို့နယ်တွင်မူ နုတ်ထွက်မှုအများအပြား တစ်ပြိုင်နက်ထွက်ပေါ်လာသည်။

နုတ်ထွက်စာတွင် ကျန်းမာရေးနှင့် သဘောဆန္ဒအရ နုတ်ထွက်ကြခြင်းဟု အကြောင်းပြချက်ပေးထားသည်ကိုလည်း အွန်လိုင်း၌ ပျံ့နှံ့နေသောစာများတွင် တွေ့ရသည်။ 

ကောလင်းဒေသခံများကမူ အသက်အန္တရာယ်စိုးရိမ်၍ ထွက်ကြခြင်းဖြစ်မည်ဟု ဆိုသည်။

“ဘာကြောင့် နုတ်ထွက်သလဲဆိုရင် အခုကလည်း အုပ်ချုပ်ရေးမှူးတွေအတွက် လုံခြုံမှုမရှိလို့လို့ ယူဆရတာပေါ့” ဟု ဒေသခံတစ်ဦး ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးများနှင့် တိုက်ရိုက်ဆက်သွယ်မှုရရှိရန် Myanmar Now က ကြိုးစားနေဆဲဖြစ်သည်။ 

ကောလင်းမြို့နယ်၌ ဇူလိုင် ၁ က စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဦးအောင်ကြည်ဆိုသူ အသတ်ခံရပြီးနောက် ကောလင်းတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ 

ဇူလိုင် ၂ တွင် ကောလင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းရွာ၌  စစ်ယာဉ်တန်းကို ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က ကြားဖြတ်တိုက်ခိုက်ခဲ့၍  ယင်းနေ့မှာ ကောလင်းမြို့ပေါ်၌ တိုက်ပွဲဆက်ဖြစ်ခဲ့သည်။

ဇူလိုင် ၄ တွင် ရွှေဘိုဘက်မှ တပ်ကူလာသည့် စစ်ကား ၃ စီးကို ကောလင်း PDF က ကုက္ကိုလ်ကုန်းရွာအနီး ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဆယ်ချီသေဆုံးခဲ့ပြီး PDF ဘက်မှ ၂ ဦး သေဆုံးခဲ့သည်။ 

ကောလင်းနယ်တစ်ဝိုက်သည် ဒေသခံ PDF များ အားကောင်းပြီး ထီးချိုင့်၊ ကသာမြို့နယ် PDF တို့သည်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတိုက်ခိုက်နေသည်။ 

ဇွန် ၂၄ နှင့် ၂၆ ရက်နေ့များက စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄၄ ဦး သေဆုံး၍ အများအပြားဒဏ်ရာရခဲ့သည်ဟု ဒေသခံ PDF အဖွဲ့များက ဆိုသည်။ 

ယနေ့ (ဇူလိုင် ၆) တွင် ကုက္ကိုလ်ကုန်းရွာဘက်သို့ စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းရှာဖွေလျက်ရှိကြောင်း ကောလင်းမြို့ခံတစ်ဦးက ပြောသည်။

“ရွှေဘိုဘက်ကလာတဲ့ စစ်ကား ၁၃ စီးလောက် အဲဒီမှာ တင့်ကား (သံချပ်ကာကား) တစ်စီးလည်းပါတယ် ပြောတယ်။ မနေ့ (ဇူလိုင် ၅) က တိုက်ပွဲဖြစ်တဲ့ဘက်မှာ အနီးအနားကျေးရွာတွေကို ဝင်ပြီးတော့ ရှာနေတယ်လို့တော့ သတင်းကြားတယ်။ ကုက္ကိုလ်ကုန်းအပါအဝင် အဲဒီနားက ရွာတွေပေါ့” ဟု ၎င်းက ပြောသည်။

ပြည်သူတို့အကြမ်းဖက်ခံရသဖြင့်  စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ယင်းမာပင်၊ ဒီပဲယင်း၊ ကလေး၊ တမူး၊ ကောလင်း၊ ကန့်ဘလူဒေသတစ်ဝိုက်မှ ဒေသခံတို့သည် ရရာလက်နက်စွဲကိုင်ကာ ခုခံနေကြသောကြောင့် စစ်ကောင်စီတပ်က  အပြင်းအထန်ဖြိုခွင်းနေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းနှင့် ဆက်စပ်နေသော ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသများသည် လက်နက်ကိုင်တော်လှန်နေသောကြောင့် စစ်တပ်နှင့် PDF များ ဒေသတွင်းတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ထို့ပြင် စစ်ကောင်စီသတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ သတ်ဖြတ်ခံနေရပြီး စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူးများလည်း နုတ်ထွက်နေသည်။ 

ဇွန်လကုန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကပိုင်ရွာနှင့် သီးကုန်းရွာတွင် ရက်ပိုင်းအတွင်း စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ၄ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

ပြီးခဲ့သည့် မတ် ၁၆ ၌ ကောလင်းမြို့တွင် ကောလင်းခရိုင်အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဦးချစ်ငွေဆိုသူက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ပတ်သက်ပြီး စစ်တပ်ကို သတင်းပေးပို့နေစဉ် ဒေသခံများ ဝိုင်းဝန်းဖမ်းဆီးခဲ့၍ ထိန်းသိမ်းထားစဉ် စစ်တပ်က လာရောက်ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့သည်။

လက်ရှိအချိန်ထိ ကောလင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအသတ်ခံရသည့်ဖြစ်စဉ် မရှိသေးပေ။

Show More

Related Articles

Back to top button