သတင်း

ကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူများလာ

ကိုဗစ်နိုင်တင်းတတိယလှိုင်းတွင် ထိုရောဂါနှင့် သေဆုံးသူ တစ်ရက်အတွင်း ၄၂ ဦးအထိ ရှိလာပြီး ကူးစက်မှု ပိုမိုမြန်ဆန်ကာ အသေအပျောက်များနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများက ပြောသည်။ 

ယမန်နေ့ (ဇူလိုင် ၅) ၌ ကိုဗစ်ပိုးရှိမရှိ လူတစ်သောင်းကျော်ကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ နှစ်ထောင်ကျော်ရှိခဲ့ပြီး တစ်ရက်အတွင်း ၄၂ ဦးအထိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ဖျားနာကုအခမဲ့ဆေးခန်း ရန်ကုန်တိုင်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ကိုရိုနာဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇအသွင်ပြောင်းလာပြီး ကူးစက်မှုနှုန်း အလွန်မြန်ဆန်လာ၍ သက်ကြီးရွယ်အိုများ ထိခိုက်မှု ပိုများနိုင်သည်ဟု ပြောသည်။ 

“(ဗိုင်းရပ်စ်ပိုး) အသွင်ပြောင်းသွားတဲ့အခါ အသေအပျောက် အရမ်းများတယ်။ ဆေးခန်းမှာ ရောက်ကတည်းက အောက်စီဂျင်ကျနေတယ်။ ကျွန်တော်တို့တောင် မနည်းကြိုးစားပြီးတော့ လူနာကို ရတဲ့အချိန်မှာ ရသလို မြန်မြန်လေး ကုသမှုပေးနေရတယ်” ဟု ၎င်းက ဆိုသည်။

ဇွန်လဆန်းမှစ၍ ကိုဗစ်ကူးစက်မှုများ ပြန်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တစ်နေ့အတွင်း ကူးစက်သူ နှစ်ထောင်ကျော်ခန့် ရှိနေသည်။ 

ကူးစက်မှုက အဆမတန် မြင့်တက်လာနေချိန်သည် စစ်အာဏာသိမ်းချိန်နှင့် တိုက်ဆိုင်နေရာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်စေတနာ့ဝန်ထမ်းများ စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့ပြင် လူထုသည်လည်း အာဏာသိမ်းစစ်ကောင်စီ၏ စီမံခန့်ခွဲမှုဆိုင်ရာစွမ်းရည်ကို အယုံမကြည်မရှိသောကြောင့် သက်ဆိုင်ရာ ဆေးရုံဆေးခန်းများကို အားကိုးရန် အခြေအနေမပေးတော့ပေ။

စစ်ကောင်စီလက်ထက် ကိုဗစ်ကုသရေးနှင့် ကွာရန်တင်းစင်တာများတွင်လည်း ဂရုတစိုက်လုပ်ဆောင်နိုင်ခြင်း အားနည်းသောကြောင့် ကူးစက်နှုန်းမှု ပိုဆိုးလာမည်ကို အများက စိုးရိမ်နေကြသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင် နေထိုင်သည့် မိသားစုဝင် ၃ ဦးသည် ဖျားနာနေကြသော်လည်း စစ်ကောင်စီကို အယုံအကြည်မရှိခြင်း‌ကြောင့် နေအိမ်အတွင်း၌သာ နေထိုင်ပြီး ရောဂါကို ရင်ဆိုင်နေသည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

သက်ဆိုင်ရာ ဆေးရုံဆေးခန်းပြသခြင်း မရှိသော်လည်း နေအိမ်အတွင်း ရှိနေစဉ် ဆရာဝန်တချို့၏ ညွှန်ကြားချက်အတိုင်း လိုက်နာကြသည်ဟု ဆိုသည်။

“ဆေးရုံမသွားဘူးဆိုတာက အောက်ဆီဂျင်အရမ်းကျတဲ့လူနာတောင် လက်ခံဖို့ ခက်ခဲနေပြီးတော့ ဟိုဆေးရုံရွှေ့၊ ဒီဆေးရုံရွှေ့ လုပ်နေတဲ့အချိန်မှာဆိုတော့ ဖျားပြီး အနံ့ပျောက်ရုံပျောက်တဲ့ လူနာကို လက်မခံလောက်ဘူးဆိုတာ သိနေတော့ အသိဆရာဝန်တွေနဲ့ ဆွေးနွေးတယ်၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း အိမ်မှာပဲနေပြီး ကိုယ်ခံအားကောင်းအောင် ထားတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးတိုက်တယ်” ဟု ၎င်းက ဆိုသည်။

ပထမ၊ ဒုတိယလှိုင်းတို့ကို ထိပ်ဆုံးမှ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းအများစုသည် ဖမ်းဆီးခံရခြင်း သို့မဟုတ် အကြမ်းမဖက်အမိန့်အာဏာဖီဆန်ရေး ( Civil Disobedience Movement -CDM) လှုပ်ရှားမှုတွင် ဆက်လက် လုပ်ဆောင်နေကြပြီး လုပ်ငန်းခွင်ကို ကျောခိုင်းထားခြင်းကြောင့် စစ်ကောင်စီသည် ကျန်းမာရေးစောင့်ရှောက်ကုသရေးပိုင်း တာဝန်ယူရာတွင် အခက်ကြုံနေရသည်။ 

စစ်ကောင်စီဘက်ကမူ နေ့စားဝန်ထမ်းများဖြင့် ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းမည်ဟု ဆိုသည်။ 

ရန်ကုန်၊ မန္တလေးအပါအဝင် ပုသိမ်၊ မြောင်းမြ၊ စစ်တွေ၊ မောင်တောတို့တွင် ပိုးတွေ့လူနာ များပြားနေပြီး ရက်ပိုင်းအတွင်း ဧရာဝတီတိုင်း မြောင်းမြမြို့၊ ပုသိမ်မြို့နှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့တွင် တစ်နေ့တည်း လူအစုလိုက်အပြုံလိုက် ကူးစက်ခဲ့သည်။ 

ထိုသို့ ကူးစက်မှုများနေသော်လည်း မြို့နယ်တချို့ကိုသာ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အဖြစ် ကြေညာထားသော်လည်း ကျောင်းများ၊ ဈေးများ ဆက်လက်ဖွင့်လှစ်နေသည်။

ဇူလိုင် ၄ ညနေပိုင်းတွင်မှ ဧရာဝတီတိုင်းရှိ Stay at Home အဖြစ် ပုသိမ်၊ မြောင်းမြ၊ သာပေါင်း သုံးမြို့နယ်၌ စာသင်ကျောင်းများပိတ်ထားရန် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တစ်ခုလုံး ပိုးတွေ့သူ ၄၀၀ ကျော်ရှိနေသော်လည်း ယခုရက်ပိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေး ခေတ္တပိတ်ထားရန် စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့က ကြေညာထားသည်။

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်သို့ ရွှေ့လာသည့် နယ်ခြားစောင့်ရဲနှင့် မိသားစုဝင် ၁၅၀ ကျော်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကာ ရဲတစ်ဦး ကိုဗစ်ဖြင့် သေဆုံးခဲ့သည်။ 

စစ်ကိုင်းတိုင်း ကလေးမြို့တွင်လည်း ကိုဗစ်ကူးစက်မှုနှုန်း အဆမတန်မြင့်တက်နေပြီး သေဆုံးမှုများရှိနေသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ လူနာပေါင်း ၁၆၈,၃၇၄ ဦး ရှိနေပြီး COVID-19 ရောဂါဖြင့် သေဆုံးသူ စုစုပေါင်း  ၃,၄၆၁ ဦး ရှိနေသည်ဟု ဇူလိုင် ၅ ညပိုင်းတွင် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button