သတင်း

နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများ ရောင်းချရန် စစ်ကောင်စီကြိုးပမ်းနေ

နိုင်ငံအနှံ့ရှိ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၃ ခုအား ၎င်းတို့နှင့် နီးစပ်သူ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများထံ လွှဲပြောင်းရောင်းချရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။

ဇွန် ၂၆ ရက်စွဲဖြင့် စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF) က ၎င်းတို့၏ ဝက်ဘ်ဆိုက်နှင့် ကြေးမုံသတင်းစာတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်လက်ဝယ်ရှိ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၂ လုံး၊ နိုင်ငံပိုင်သိုလှောင်ရုံ ၆ ရုံတို့အား ရောင်းချမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရှမ်းပြည်နယ်တို့ရှိ မြေနှင့် အဆောက်အအုံ ၂၂ ခု၊ သိုလှောင်ရုံ ၆ ရုံတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဇူလိုင်လကုန်အထိ စစ်ကောင်စီက တင်ဒါခေါ်ယူရောင်းချသွားမည် ဖြစ်သည်။ 

ယခင်နှစ်က ကိုဗစ်နိုင်တင်းကြောင့် ပျက်ပြယ်ခဲ့သည့် နိုင်ငံပိုင်ပစ္စည်းရောင်းချရေးအစီအစဉ်ကို စစ်အာဏာသိမ်းပြီး ၅ လပြည့်ခါနီးတွင် စစ်ကောင်စီက ပြန်လည်အစပြုခြင်း ဖြစ်သည်။ 

အာဏာသိမ်းစစ်အုပ်စု သက်ဆိုးမရှည်နိုင်စေရေး ရည်ရွယ်၍ အဓိကဘဏ္ဍာငွေရလမ်း ၃ ခုကို ဖြတ်တောက်ပိတ်ဆို့ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း မတ်လအတွင်းက တိုက်တွန်းခဲ့ပြီး ၎င်း ၃ ခုမှာ ပြည်သူ့အခွန်အကောက်များမှ ရရှိသည့် ဝင်ငွေများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအရင်းအမြစ်များမှ ရရှိသည့် ဝင်ငွေများ၊ နိုင်ငံတကာချေးငွေများမှ ရရှိသည့် ဝင်ငွေများ ဖြစ်ကြသည်။ 

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက်မှ ရရှိသည့် ခန့်မှန်းဝင်ငွေမှာ ကျပ် ၈၆၀၀ ဘီလျံခန့်၊ လျှပ်စစ်မီတာမှ ၅၀၀၀ ဘီလျံမှ ၇၀၀၀ ဘီလျံကြား၊ စီးပွားရေးအရင်းအမြစ်များမှ ၁၂,၀၀၀ ဘီလျံခန့်ရှိကြောင်း CRPH က ထုတ်ပြန်သည်။

ထို့ကြောင့် ငွေကြေးမရရှိဘဲ စစ်အုပ်စု၏ယန္တရား ရပ်တန့်သွားရန် ပြည်သူများက အခွန်မဆောင်ကြရေး၊ နိုင်ငံပိုင်လုပ်ငန်းများထံမှ ငွေကြေး စစ်ကောင်စီထံ မစီးဆင်းစေရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ကြိုးပမ်းနေသည်။ 

ထိုသို့ စစ်ကောင်စီရောင်းချသော နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများ ဝယ်ယူပါက ပြည်သူများကို ပြန်သတ်မည့် လက်နက်၊ ရိက္ခာ ပံ့ပိုးပေးသည့် အဆိပ်အတောက်များသာ ဖြစ်စေနိုင်သည်ဟု NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက မှတ်ချက်ပြုသည်။

၎င်းကော်မတီသည် နိုင်ငံပစ္စည်းများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ရခြင်းဖြစ်သည်။

စစ်ကောင်စီရောင်းချမည့် နိုင်ငံပိုင်မြေများတွင် အများပြည်သူအတွက် ထားရှိသည့်မြေများလည်း ပါဝင်နေ၍ ဝယ်ယူပါက ဆုံးရှုံးနိုင်သည်ဟု ၎င်းက အကြံပြုသည်။ 

“အဓိကက စကစ (စစ်ကောင်စီ) အတွက် ဝင်ငွေရဖို့။ (နိုင်ငံအတွက်)အကျိုးအပြစ်ကို လုံးဝထည့်သွင်း မစဉ်းစားဘူး။ တချို့မြေတွေက အများပြည်သူအသုံးပြုဖို့ တမင်ချန်ထားခဲ့တဲ့ မြေတွေပါတယ်။ ဒါကို ဝယ်မိတဲ့သူလည်း နောက်ပိုင်း ဆုံးရှုံးနိုင်‌‌‌ခြေရှိလို့ မဝယ်သင့်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရအဆက်ဆက်သည် နိုင်ငံပိုင်ပစ္စည်းများအား တင်ဒါစနစ်ဖြင့် ရောင်းချသည်ဟုဆိုသော်လည်း စစ်တပ်အသိုင်းအဝိုင်းနှင့် ၎င်းအသိုင်းအဝိုင်းနှင့် နီးစပ်သော ခရိုနီလုပ်ငန်းရှင်ကြီးများသာ လုပ်ပိုင်ခွင့်ရရှိခဲ့ကြသည်။ 

သမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း နိုင်ငံပိုင်စက်ရုံအများအပြားကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးခဲ့ပြီး အထည်ချုပ်စက်ရုံ၊ ဂုန်နီအိတ်စက်ရုံ၊ စစ်တောင်းစက္ကူစက်ရုံ၊ ဆပ်ပြာစက်ရုံ၊ ဆေးဝါးစက်ရုံ၊ သတ္တုတွင်းစက်ရုံနှင့် တခြားသောစက်ရုံများ ပါဝင်ခဲ့ပြီး စက်ရုံဝန်ထမ်းအများစု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရသည်။ 

ထို့ပြင်၂၀၁၀ ဝန်းကျင်၌ နိုင်ငံပိုင်သိုလှောင်ရုံအမြောက်အမြားကိုလည်း လွန်စွာနည်းသောအခနှုန်းထားဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များထံ နှစ်ရှည်အငှားချခဲ့ခြင်းများကြောင့် ၂၀၂၀ ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်ရောဂါကာလတွင် အရန်ဆန်များသိုလှောင်ထားရန် အစိုးရပိုင်ဆန်ဂိုဒေါင်မလုံလောက်ခဲ့၍ ပုဂ္ဂလိကဆန်ဂိုဒေါင်များကို လစဉ် ကျပ်သိန်း ၁၀၀၀ နီးပါးဖြင့် ငှားရမ်းအသုံးပြုခဲ့ရသည်။

ထိုကုန်ကျစရိတ်ကို အစိုးရဘက်က မပေးရသော်လည်း ဝယ်ယူစားသုံးသူ ပြည်သူများက အစိုးရရောင်းဈေးထက် ဈေးပိုပေး၍ ဝယ်ယူခဲ့ရသည်။

နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို ယခင်အစိုးရအဆက်ဆက်က ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လက်လွှဲရောင်းချခဲ့မှုများကြောင့် အရေးပေါ်အခြေအနေ ကြုံလာပါက အသုံးချ၍မတော့သည့် ပစ္စည်းအစုတ်သာ ကျန်တော့သည်ဟု ယခင်နှစ် ဇူလိုင်လအတွင်း NLD အစိုးရ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက Myanmar Now ကို ပြောခဲ့သည်။

“အရင်က ဂိုဒေါင်လည်း ကျွန်တော်တို့ပိုင်ခဲ့တယ်။ ဆန်စက်တွေလည်း ကျွန်တော်တို့ပိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ဆီမှာ သုံးလို့မရတော့တဲ့ ဂိုဒေါင်တွေပဲ ကျန်တော့တယ်” ဟု ၎င်းက ဆိုသည်။

စစ်အစိုးရအဆက်အဆက်က ခြယ်လှယ်ရောင်းချခဲ့သော ရန်ကုန်မြို့တစ်မြို့တည်းတွင်ပင် အများပြည်သူပိုင် ပန်းခြံ၊ မြေနေရာ အဆောက်အအုံများကိစ္စကိုလည်း NLD အစိုးရသက်တမ်းအတွင်း ဖြေရှင်း၍ မပြီးပြတ်သေးပေ။ 

စစ်ကောင်စီက လက်ရှိရောင်းချရန် ကြိုးပမ်းနေသော နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများသည်လည်း ခရိုနီလုပ်ငန်းရှင်တချို့သာ ရရှိမည်ဖြစ်၍ နိုင်ငံအတွက် လွန်စွာနစ်နာရှုံးဆုံးကြောင်း ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

“တချို့နေရာတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရနိုင်ပြီး နိုင်ငံတော်အတွက် ဝင်ငွေများစွာရနိုင်တဲ့ နေရာတွေဖြစ်ပြီး စကစလက်ထက်မှာကတော့ စကစနဲ့ ကျင့်ဝတ်မရှိတဲ့ ခရိုနီတွေသာ အလကားပဲတင်းစျေးနဲ့ ရသွားကြတဲ့အတွက် နိုင်ငံအတွက် ဆုံးရှုံးမှုကြီးစွာ ရှိပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

Show More

Related Articles

Back to top button