သတင်း

ရခိုင်ဒေသရောက် နယ်ခြားစောင့်ရဲများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပြောင်းရွှေ့‌ရောက်ရှိလာသော စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲများနှင့် မိသားစုဝင်များတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုရှိနေပြီး နယ်ခြားစောင့်ရဲတပ်ကြပ်တစ်ဦး ကိုဗစ်နိုင်တင်း (Covid -19) ရောဂါဖြင့် သေဆုံးခဲ့သည်။ 

သေဆုံးသူသည် မောင်တောမြို့နယ်မြောက်ပိုင်း၊ ရွက်ညိုတောင်ကျေးရွာ နယ်ခြားစောင့်ရဲကင်းစခန်းမှ တပ်ကြပ်တစ်ဦးဖြစ်ပြီး ယခင်ကတည်းက တာဝန်ကျနေသူဖြစ်သည်။ 

ဇူလိုင် ၃ တွင် ရဲတပ်ကြပ်သည် သေဆုံးပြီးမှ ဆေးရုံရောက်လာသည်ဟု မောင်တောခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာနုကေသီဇံက ပြောသည်။

“မောင်တောမှာ သေတာက နှစ်ယောက်ပါ။ နယ်ခြားစောင့်(ရဲ)က အသေရောက်လာတာပါ။ သေပြီးမှ စစ်ဆေးကြည့်တဲ့အခါ ပိုးတွေ့ခဲ့တာပါ”  ဟု ဒေါက်တာနုကေသီဇံက ပြောသည်။

ယင်းနေ့မှာပင် ဖျားနာ၍ ဆေးရုံတက်ရောက်နေသော မောင်တောမြို့မ အမှတ်(၂)ရပ်ကွက်နေ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးလည်း ထိုရောဂါဖြင့် သေဆုံးခဲ့သည်။ 

မောင်တောမြို့နယ်တွင် နယ်ခြားစောင့်ရဲနှင့် မိသားစုဝင် ၁၀၅ ဦး ၊ ဘူးသီးတောင်မြို့နယ်တွင် ၅၀ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည်။ 

ပြီးခဲ့သည့် ဇွန် ၂၈ က မောင်တောသို့ အသစ်ပြောင်းရွှေ့ရောက်ရှိလာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် မိသားစုဝင် ၉၁ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပြီး မောင်တောသို့ ကမ်းထိုးရေယာဉ်တစ်စီးတည်းဖြင့် အတူလာရောက်စဉ် ပိုးရှိလူနာမှတစ်ဆင့် တခြားသူများကို ကူးစက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။ 

လက်ရှိတွင် ၎င်းတို့အားလုံးကို အသွားအလာကန့်သတ် စောင့်ကြည့်ထားသည်ဟု မောင်တောဆေးရုံအုပ်က ဆိုသည်။ 

ဇူလိုင် ၁ တွင် နယ်ခြားစောင့်ရဲများအပါအဝင် လူ ၁၀၀ နီးပါး အစုလိုက်အပြုံလိုက်ကူးစက်ပြီးနောက် ဇူလိုင် ၃ တွင် နယ်ခြားစောင့်ရဲဝန်ထမ်းများနှင့် မိသားစုဝင် ၁၄ ဦးအပါအဝင် လူ ၂၀ ခန့်ကို ကူးစက်ကြောင်း မောင်တောဆေးရုံမှ အချက်အလက်များအရ သိရသည်။ 

မောင်တောမှ ကူးစက်ခံရသူများထဲတွင် ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်းများ ပါဝင်နေသည်။ 

ဘူးသီးတောင်မြို့တွင်လည်း ပြည်မဘက်မှ ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲများနှင့် ၎င်းတို့မိသားစုဝင် စုစုပေါင်း ၅၀ ခန့်တွင် ကူးစက်ခံထားရကြောင်း ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာစောမင်းသိန်းက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၉ တွင်  ဘူးသီးတောင်သို့ ရန်ကုန်မှ ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲဝန်ထမ်း ၂ ဦးတွင် ပိုးတွေ့ရှိခဲ့သောကြောင့် ဇူလိုင် ၁ တွင် ကျန်နယ်ခြားစောင့်ရဲများနှင့် မိသားစုဝင်များကို ထပ်မံစစ်ဆေးခဲ့ရာ ၄၈ ဦးတွင် ပိုးတွေ့ရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ဘူးသီးတောင်ဘက်မှာ ဒေသတွင်းကူးစက်မှု မရှိသေးပါ။ တွေ့ထားတဲ့ (လူ) ၅၀ ကလည်း ရန်ကုန်က ပြောင်းလာတဲ့ ဝန်ထမ်းတွေမှာ တွေ့တာပါ။ နယ်ခြားစောင့်ရဲဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေပါ” ဟု ၎င်းက ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်နိုင်တင်းကူးစက်မှုများအနက် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တွင် အများဆုံးဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်မြေချင်းထိစပ်နေသော မောင်တောမြို့နယ်တွင် ဇူလိုင် ၄ အထိ ကိုဗစ်ပိုးတွေ့လူနာ ၃ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂ ဦး၊  ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၁၇၉ ဦး၊  ဆေးကုသမှုခံယူနေရသူ ၁၇၀ ရှိသည်။

ကူးစက်မှုမြင့်မားလာနေသောကြောင့် မောင်တောမြို့တွင် ဇူလိုင် ၃ မှစ၍ ဆိုင်ထိုင်စားသောက်ခွင့် မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်ယာယာရေးအဖွဲ့က စာထုတ်ပြန်ထားသည်။

ယခင်က မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများ ရှိခဲ့သော်လည်း ဘဏ်နှင့် ကျောင်းများ၊ နယ်စပ်ဂိတ်များ ဆက်လက်ဖွင့်လှစ်နေခဲ့ပြီး ယခုရက်ပိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေး ခေတ္တပိတ်ထားရန် စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့က ကြေညာထားသည်။

မောင်တောမြို့၌ ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိမှုနှင့် ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ယနေ့ (ဇူလိုင် ၅) တွင် သတိပေးစာထုတ်ပြန်ခဲ့သည်။

“ဒေသခံများမဟုတ်ဘဲ ပြည်မဘက်မှ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသူများထဲတွင် ကိုဗစ်နိုင်တင်းကူးစက်ရောဂါပိုးအား တတိယလှိုင်းအစ၌ အစုလိုက်အပြုံလိုက် တွေ့ရှိခြင်းမှာ ကြိုတင်ကာကွယ်တားဆီးခြင်း၊ စစ်ဆေးခြင်း၊ သီးသန့်ထားခြင်းလုပ်ငန်းများကို ထိရောက်စွာမလုပ်နိုင်သေးခြင်း ပြသရာရောက်သည်ဟု” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျန်းမာရေးဆိုင်ရာစည်းကမ်းများနှင့် ULA က ထုတ်ပြန်ထားသော ဒေသန္တရအမိန့်ကို တသွေမတိမ်း တိကျစွာလိုက်နာကြရန်နှင့် မပေါ့ဆကြရန် သတိပေးထားသည်။ 

ဇူလိုင် ၄ အထိ မောင်တောခရိုင်တွင် အတည်ပြုလူနာ စုစုပေါင်း ၂၂၉ ဦးအထိရှိနေပြီး သေဆုံးသူ မောင်တောတွင် ၂ ဦး၊ စစ်တွေတွင် ၁ ဦး ရှိလာပြီဖြစ်သည်။

Show More

Related Articles

Back to top button