“လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”

တရားလွှတ်တော်ရှေ.နေ ဦးကြီးမြင့်။ (ဓာတ်ပုံ-Myanmar Now)
တရားလွှတ်တော်ရှေ.နေ ဦးကြီးမြင့်။ (ဓာတ်ပုံ-Myanmar Now)

ရန်ကုန် - ဦးကိုနီကိုလုပ်ကြံမှုနဲ့ ပတ်သက်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့နဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေတယ်လို့ မကြာသေးမီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးမယူတာကို မီဒီယာကမေးရာမှာ ဒီဥပဒေနဲ့ အရေးမယူဘူးဆိုတာ မနှစ်နှောင်ပိုင်းကဖြစ်သွားတဲ့ ရခိုင်ပြည်နယ်မောင်တော ရဲကင်းစခန်းများဝင်ရောက်တိုက်ခိုက်တဲ့ကိစ္စ၊ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကိစ္စတွေမှာတောင် အကြမ်းဖက်မှုဥပဒေကို မသုံးခဲ့ကြောင်း၊ ဒါ့ကြောင့် လူတစ်ဦးတည်းသာသေဆုံးတဲ့ ဦးကိုနီကိစ္စကိုလည်း အကြမ်းဖက်မႈပုံစံနဲ့ မကိုင်တွယ်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောခဲ့ပါတယ်။ ဦးကိုနီလုပ်ကြံမှုဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင်ပါသလား၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ၊ တရားရုံတင် စစ်ဆေးတဲ့အခါမှာရော အခုစွဲချက်တင်မယ့် ပုဒ်မတွေကို အပြောင်းအလဲ ဖြစ်သွားနိုင်မလားဆိုတာကို အသက် ၇၂ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကို Myanmar Now က သွားရောက်မေးမြန်းခဲ့ပါတယ်။

ဦးကြီးမြင့်ဟာ ၁၉၇၀ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့မှာ နိုင် ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီးတော့ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက် အကူပြုအဖွဲ့မှာ ယာယီဥက္ကဌအဖြစ် ဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။

မေး။ ။ ဦးကိုနီအမှုမှာ လူသတ်မှုပုဒ်မ ၃၀၂ လို ရာဇဝတ်မှုနဲ့ အရေးယူတယ်။ ဒါဟာလုံလောက်တဲ့ စွဲချက်တွေလို့ ဆရာထင်လား။

ဖြေ။ ။ မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီ ၃၀၂ ဆိုတာက သာမန်လူသတ်မှုပဲလေ။ ဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေက ၂၀၁၄ ခုနှစ်ကျမှပေါ်တာ။ ဘာလို့ပေါ်ရလဲဆိုတော့ ရှိနေတဲ့ဥပဒေနဲ့ မလုံလောက် တော့ဘူး။ အကြမ်းဖက်တာကြီးက တအားကိုခေတ်မီလာပြီးတော့၊ အုပ်စုနဲ့ ဂိုဏ်းနဲ့ ဖွဲ့လာပြီးတော့ အရမ်းကိုသူတို့ဘက်က ခေတ်မီမီလူသတ်မှုတွေ ဖြစ်လာတဲ့အခါကျတော့ ဒီဥပဒေမျိုးနဲ့ ပြန်လည်တုံ့ပြန်မှရမယ်ဆိုပြီး ဒီဥပဒေကို လွှတ်တော်မှာတင် အတည်ပြုလိုက်တာ။ ကမ္ဘာ့စံချိန်မီဥပဒေအနေနဲ့ ပြဋ္ဌာန်းလိုက်ရတာ။ ဦးကိုနီအမှုကို ကြည့်မယ်ဆိုလို့ရှိရင် ခဲလုံးတစ်လုံးတည်းနဲ့ ပစ်မှတ် ၄၊ ၅ ခုလောက်ကို မှန်အောင်ပစ်တာ။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေ စိတ်ဝမ်းကွဲပြားအောင်၊ အခြေခံဥပဒေပြင်ဆင်ရေးကို ရှေ့မတိုးရဲအောင်၊ မလုပ်ရဲအောင်ပေါ့။ နောက်တခါ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အားထုတ်နေတဲ့ ခရိုနီတွေရဲ့လှုပ်ရှားမှုတွေက ရှေ့ထွက်လာတာ။ အဲ့ဒီလိုဂိုဏ်းနဲ့၊ အုပ်စုနဲ့လုပ်တဲ့ဟာတွေ မှန်သမျှ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တည့်တည့်ပဲ။ ဒီဥပဒေနဲ့ အရေးယူမှုတွေ လုပ်ရမယ်။ သာမန် ၃၀၂ လောက်နဲ့ မဟုတ်တော့ဘူး။ သာမန် ရည်းစားနဲ့မကျေနပ်လို့ ကပ်ကြေးနဲ့ထိုးသတ်သလို ရိုးရိုးမဟုတ်ဘူး။ ဒီကိစ္စက နိုင်ငံတော်နဲ့ပတ်သက်နေတဲ့ အကြမ်းဖက်မှု ဖြစ်တယ်။ လေဆိပ်မှာ ဖြစ်တဲ့ကိစ္စ။ လေဆိပ်ဝန်ဆောင်မှုဖြစ်နေစဉ်ဆိုတာ ဘာကိုအဓိပ္ပါယ်ခေါ်သလဲဆိုတာ ပါလာတယ်။ လေယာဉ်ပေါ်က ဆင်းလာပြီး ၂၄ နာရီကာလအတွင်းကို လေယာဉ်ဝန်ဆောင်မှုကာလလို့ ခေါ် တယ်။ အဲ့ဒီကာလမှာဖြစ်တာတွေက သေဒဏ်ပဲ။ အထူးသဖြင့် လေဆိပ်မှာဖြစ်တာကိုလည်း အကျုံးဝင်စေတယ်။

မေး။ ။ အကြမ်းဖက်မှုဥပဒေမှာကော အတိအကျ ဘယ်လိုတွေ အဓိပ္ဗါယ်ဖွင့်ဆိုထားလဲ။

ဖြေ။ ။ ဥပဒေမှာ အဓိပ္ပါယ်ဖွင့်ထားတာက အကြမ်းဖက်မှုဆိုသည်မှာ အကြမ်းဖက်မှုတခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီပဲ တနည်းနည်းဖြင့် ကျူးလွန်သူ၊ သို့မဟုတ် ကျူးလွန်ရန်အား ထုတ်သူကိုသော် လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံးသိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုလိုတယ်။ အကြမ်းဖက်သမားဆိုသည်မှာ၊ အကြမ်းဖက်အုပ်စုဆိုသည်မှာ အကြမ်းဖက်မှုတခုခု ကျူးလွန်ရန် အချိန်ကာလတစ်ခုခုယူ၍ ဖွဲ့စည်းထားသည့် လူ ၂ ဦးနှင့် အထက်ပါသော အသင်းအ ဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရလည်းကောင်း၊ ဗဟိုအဖွဲ့က ပြည် ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့်လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုသည် ပါဝင်သည်။ နောက်တခါ လှုံ့ဆော်မှုဆိုသည်မှာ အကြမ်းဖက်မှုတခုခုကို ကျူးလွန်ရန်အတွက် လှုံဆော်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစကား သို့မဟုတ် သတင်းစကားအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြန့် ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိခြင်းကို ဆိုသည်။

မေး။ ။ ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ယခင်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းဟာ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး ဦးကိုနီကိစ္စ မကျေမနပ်ပြောခဲ့တယ်။ ဒီလိုပြောပြီး အပြန်မှာ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးက ကားပေါ်မှာစကားပြောရင်း ဦးကိုနီကိုသတ်ဖို့ စတင်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အမှုဖြစ်ပြီး သူ့ကို ခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း ဒီကိစ္စမှာသူမပါဘူးဆိုပြီး သတင်းထုတ်ပြန်ထားတယ်။ ဦးလင်းဇော်ထွန်းကိုယ်တိုင်လည်း သူ ဦးကိုနီကိစ္စ အောင်ဝင်းခိုင်တို့၊ ဇေယျာဖြိုးတို့နဲ့ စကားပြောဖူးတာသာရှိတယ်၊ သတ်မယ့်ကိစ္စသူမသိ၊ သူမပါဘူးဆိုပြီး သတင်းမီဒီယာတွေကို ပြောနေတယ်။ ဆိုတော့ ဦးလင်းဇော်ထွန်းရဲ့ အခြေအနေကို ဥပဒေကြောင်းအရဘယ်လိုမြင်လဲ။

ဖြေ။ ။ သူက လှုံ့ဆော်မှုထဲမှာပါတယ်။ သတင်းအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဒီလိုကျူးလွန်ဖို့ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းဆိုတာပါ။

မေး။ ။ ဒါပေမယ့် တိုက်ဆိုင်တာရော မဖြစ်နိုင်ဘူးလား။ ဦးကိုနီကိစ္စ စကားပြောမိတယ်။ သူစကားပြောပြီးအပြန်မှ ဟိုနှစ်ယောက်က သူတို့ဘာသာသူတို့ ဦးကိုနီကို သတ်ဖို့ ကြံတယ်။ နောက်သူလုံးဝမသိ၊ မမျှော်လင့်ပဲနဲ့ အခုလိုလုပ်ကြံမှု ဖြစ်သွားတယ်။ ဒါမျိုး မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ဥပဒေက အဲ့ဒီလိုပြောလို့မရဘူး။ ဥပဒေမှာက ရှင်းရှင်းလေးပဲ။ အဲ့ဒီကိစ္စမဖြစ်ခင် ဒီစကားတွေပြောခဲ့တယ်။ ပြီးတော့ အဲ့ဒီကိစ္စဖြစ်သွားတယ်။ ဒါပဲ။ အဲ့ဒီတော့ ဥပဒေက ဒီစကားရပ်တွေနဲ့ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အားပေးအားမြှောက်ပြုရာ ရောက်တယ်။

မေး။ ။ ဒါဆိုရင် ဒီအကြမ်းဖက်ဥပဒေနဲ့ အရေးမယူဘဲ ရာဇဝတ်မှုနဲ့ပဲ အရေးယူတာဟာ အာဏာပိုင်တွေက တမင်သက်သက် နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား။

ဖြေ။ ။ ဒီကိစ္စကြီးက ကျယ်ပြန့်သွားပြီးတော့ အများကြီး ဒီမှာပါလာနိုင်တယ်။ နောက်တစ်ခါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့သာ စွဲမယ်ဆိုရင် ဘယ်သူမှ သေဒဏ်ကနေ မလွတ်ဘူး။ အခုဒီမှာက ကြည်လင်းက သေဒဏ်ကျပြီး ကျန်တဲ့သူတွေက တစ်သက်တစ်ကျွန်းတို့၊ ၁၀ နှစ်တို့ ဘာတို့နဲ့ ကျသွားပြီး ပြီးသွားတာမျိုး ဖြစ်နိုင်တယ်။ အဲ့ဒီလမ်းကြောင်းကြီးကို ခင်းထားတယ်။

မေး။ ။ စွဲချက်တင်တာတော့ ရဲတပ်ဖွဲ့ကနေ စွဲချက်တင်တာပေါ့။ တရားရုံးမှာရော ပြောင်းလို့မရဘူးလား။ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကိုကြည့်ပြီးတော့ ဒီပုဒ်မတွေ ပြောင်းလိုက်တာမျိုးပေါ့။

ဖြေ။ ။ ဒါက ဥပဒေဝန်ထမ်းမှာ တာဝန်ရှိတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုမယ့် ဥပဒေဝန်ထမ်းက သတ္တိရှိမယ်၊ ဥပဒေကို ကျွမ်းကျင်မယ်၊ တိုင်းပြည်အပေါ်မှာ စေတနာထားမယ်ဆိုရင် ရဲတပ်ဖွဲ့က ဘယ်လိုပဲတင်တင်၊ ဥပဒေဝန်ထမ်းက ဒီကိစ္စဟာ ဒီဥပဒေနဲ့မဟုတ်ဘူး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ့်ကိစ္စ၊ ပြန်စစ်ပြီး သူက အမှုကို တည်ဆောက်လို့ ရတယ်။ ဥပဒေဝန်ထမ်းက ဒီနေရာမှာ အချက်ပဲ။

မေး။ ။ အခုရော အဲ့ဒီလိုတည်ဆောက်မယ်လို့ရော ယုံကြည်လား။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ဆရာလဲသိတာပဲ။ တရားရေးအဖွဲ့နဲ့ အားပြိုင်လို့ရှိရင်ပေါ့။

ဖြေ။ ။ ဒီဟာမှာ ရှေ့နေချုပ်ကို (အစိုးရက) ခန့်ထားတာပဲ။ ကိုယ်ခန့်ထားတဲ့သူက ဥပဒေကို မစောင့်ရှောက်ဘူးဆိုလို့ရှိရင် လက်ရှိအစိုးရကိုပဲ အပြစ်တင်ရတော့မှာပဲ။ ရှေ့နေချုပ်တို့၊ ရန်ကုန်တိုင်းဥပဒေချုပ်တို့က ကိုယ်ခန့်ထားတဲ့သူတွေ။ ရဲတပ်ဖွဲ့က ဘာပဲတင်တင် သူတို့က ထိန်းကျောင်းပေးပြီး လုပ်လို့ရတဲ့သူတွေ။ သူတို့ပျော့လို့၊ ညံ့လို့၊ ကြောက်လို့မလုပ်တာကတော့ သူတို့တာဝန်ပဲလေ။ ဒီအစိုးရတာဝန်ပဲ။

မေး။ ။ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားတာက ဦးကိုနီကိုသတ်တဲ့သူတွေကို ကျေးဇူးတင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးချင်သူတွေကို သတိပေးတယ်ဆိုတဲ့အပေါ် ဆရာ့အနေနဲ့ ဘယ်လိုယူဆလဲ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မကြာသေးခင်က သတင်းစာရှင်းလင်းပွဲအစမှာ အမုန်းစကားတွေ ရပ်သင့်ကြပြီလို့ ပြောခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိ ဒါ မျိုးကို အရေးယူတာမျိုးတွေ တခါမှမရှိသေးဘူး။

ဖြေ။ ။ သူက နောက်ထပ်အလားတူအမှုမျိုး ထပ်ကျူးလွန်အောင် လှုံ့ဆော်လိုက်တာလေ။ လူသတ်မှုက ဖြစ်ပြီးသွားလို့ အရေးယူလို့ မရတော့ဘူးဆိုတာမှ မဟုတ်တာ။ လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါပေမယ့် သူ့ကိုအရေးယူမှုမရှိတာနဲ့ ပတ်သက်ရင်တော့ ကိုယ်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုတော့ ဘုန်းကြီးတစ်ပါးကို အရေးယူဖို့ ပြောဖို့ရာမှာတော့ကွာ။ ဒါက နိုင်ငံတော်ရဲ့တာဝန်ပဲ။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading