သတင်း

ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် ဒေသခံ ၃၀ ကျော်သေဆုံးခဲ့ 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာတွင် ဇူလိုင် ၂ ရက်က စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒေသခံ ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ 

ဒေသခံ PDF အဖွဲ့၏ ထုတ်ပြန်ချက်အရ ဆပ်ပြာကျင်းကျေးရွာအနီးတွင် ဇူလိုင် ၂ ရက် နံနက်ခင်းနှင့် ညနေပိုင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အင်အား ၁၈၀ ခန့်ရှိ  စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးများပါ အသုံးပြုတိုက်ခဲ့သည်ဟု သိရသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ၃၁ ဦး၏ ရုပ်အလောင်းများကို ကောက်ယူရရှိထားပြီး သေဆုံးသူများတွင် PDF အဖွဲ့ဝင်များသာမက ဒေသခံ အရပ်သားပြည်သူများလည်း ပါဝင်ကြောင်း ဒေသခံတစ်ဦးက ယနေ့ (ဇူလိုင် ၄) ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။

“အလောင်းကောက်တဲ့သူတွေဆီက သတင်းပို့တာက ၃၁ ယောက်အထိ ရှိသွားပြီ။ ၂ ရက်နေ့မှာ ဖြစ်ပေမယ့် ၃ ရက်နေ့မှ အလောင်းတွေကို ရှာဖွေသိမ်းဆည်းရတာပါ။ ပြည်သူလူထုလား၊ PDF လားဆိုတာ ခွဲပြောဖို့တော့ ခက်တယ်ဗျ” ဟု အဆိုပါဒေသခံက ပြောသည်။

ဆပ်ပြာကျင်းကျေးရွာသို့ ဦးတည်လာသည့် စစ်ကောင်စီတပ်ကို ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ဒေသခံ PDF အဖွဲ့က နှစ်နာရီကြာ ခုခံပစ်ခတ်ခဲ့သော်လည်း အင်အားမမျှသည့်အတွက် ဆုတ်ခွာခဲ့ရသည်ဟု PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ထို့နောက် မွန်းလွဲပိုင်းတွင် ဒဏ်ရာရရှိထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များကို ကယ်ဆယ်ရန် သွားရောက်စဉ် ဆပ်ပြာကျင်းနှင့် ကပ်လျက်ရှိသည့် ကျွန်းကလေးရွာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

“ကျွန်တော်တို့ နေရစ်တဲ့လူငယ်တွေ၊ ဒဏ်ရာရတဲ့ လူငယ်တွေကို ပြန်ထုတ်မယ်ဆိုတာမျိုးနဲ့ ပြန်ဝင်တဲ့ အချိန်ကျမှ ဟိုက လက်နက်ကြီးတွေနဲ့ ထုတာ” ဟု PDF အဖွဲ့ဝင်က ပြောသည်။ 

ညနေ ၆ နာရီဝန်းကျင်အထိ သုံးနာရီကျော်ကြာ ထပ်မံတိုက်ပွဲဖြစ်ပွားပြီးနောက် အင်အားချင်းမမျှသည့်အတွက် ထပ်မံဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။ ဒေသခံ PDF များမှာ တူမီးသေနတ်ကိုသာ အဓိကကိုင်စွဲပြီး ခုခံရသည့်အတွက် ထိခိုက်ကျဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“(တူမီး)က တစ်ချက်ပစ် တစ်ချက်ထွက်တဲ့ဟာလေ။ ပြီးတော့ ယမ်းအားက မကောင်းဘူး။ မိုးကရွာတော့ ယမ်းကစိုတော့ ဘာမှလုပ်လို့မရဘူး။ အဲ့ဒီအချိန်ကနေ ခုချိန်ထိ ပြေးရတော့တာပေါ့” ဟုလည်း အခြား PDF အဖွဲ့ဝင်နှင့် အဆက်အသွယ်ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ဆပ်ပြာကျင်းရွာဖြစ်စဉ်နှင့် ပတ်သက်၍ ချောင်းမြောင်းပစ်ခတ်ခံရခြင်းကြောင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း စစ်ကောင်စီက ဇူလိုင် ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦးကို စစ်တပ်က အနီးကပ်ပစ်သတ်သွားပြီး ဘုန်းကြီးကျောင်းဝင်းအနီး စုပုံထားသည်ကို ယမန်နေ့ (ဇူလိုင် ၃) ညနေပိုင်းတွင် တွေ့ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။  

“မသေသေးဘဲနဲ့ ခြေထောက်ကို ပထမ သေနတ်မှန်တယ်၊ မပြေးနိုင်မလွှားနိုင် ဖြစ်သွားတဲ့သူကို သူတို့က အလုံးအရင်းနဲ့ဖမ်း၊ ဖမ်းပြီးတော့မှ အဲ့လိုမျိုးသူတွေကို စုပြီးတော့ ခေါင်းမှာချည်းပဲ တေ့ပစ်သွားတာ တချို့ဆိုရင် ခေါင်းတွေနောက်စေ့မှာ ပွင့်ထွက်သွားတာတွေတို့ အစုလိုက်အပြုံလိုက် အဲ့လိုမျိုးပဲ ဖမ်းပြီးတော့မှ ပစ်သွားတာ”ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

တိုက်ပွဲဖြစ်ပွားအပြီး ဆုတ်ခွာသွားသည့် ဒေသခံကာကွယ်ရေးအဖွဲ့များကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် တောနင်းကာ လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီရန်ကြောင့် ဆပ်ပြာကျင်းရွာအပါအဝင်၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ပေကျင်းတော၊ ဆပ်လူးအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။ 

“တောထဲတဲတွေလည်း အကုန်လုံးတရစပ်လိုက်ပြီး ရှာနေတော့ ထွက်ပြေးနေရတာပေါ့။ တွေ့ရင်လည်း ပစ်သတ်ခံရမှာကြောက်တာနဲ့ အဘိုးကြီးအို၊ အမယ်ကြီးအိုတွေ တအားဒုက္ခရောက်နေတာ။ လှည်းနဲ့ တိုက်ပြေးရ။ လှည်းမရှိတဲ့သူက ကျောပိုးထမ်းပြေးရ။ ထမင်းချက်စားမယ်ဆိုတော့လည်း လာပဟဲ့ဆိုရင် ပြေးရပြန်ရော” ဟု ဆပ်ပြာကျင်းရွာဒေသခံက ပြောသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်များက ပြည်သူများထံ အကြောက်တရားရိုက်သွင်းရန် ရည်ရွယ်ပြီး ဒေသတစ်ခုကို အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းဖြစ်ပြီး လက်နက်အင်အား၊ လူအင်အားသာလွန်သည့် စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ပြောက်ကျားနည်းဖြင့် ခုခံသွားရန်လိုကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။ 

Show More

Related Articles

Back to top button