သတင်း

စေတနာ့ဝန်ထမ်းများ တိမ်းရှောင်နေရချိန် ကိုဗစ်လူနာ များပြားလာ 

အာဏာသိမ်းမှုဆန့်ကျင်သည့် ကိုဗစ်စေတနာ့ဝန်ထမ်းများ စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုက အဆမတန် မြင့်တက်လာနေသည်။ 

ကျန်းမာရေးဌာနထုတ်ပြန်ချက်များအရ ဇွန်လဆန်းတွင် စတင်မြင့်တက်လာခြင်းဖြစ်ပြီး ဇွန်လကုန်ခန့်တွင် တစ်နေ့လျှင် ကူးစက်သူ ၁၂၀၀ ကျော် ရှိလာသည်။ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ခြင်း မရှိသော်လည်း ဇူလိုင် ၃ တွင် ၁၈၇၇ ဦးအထိ မြင့်တက်လာသည်။  

ရန်ကုန်၊ မန္တလေးအပါအဝင် ပုသိမ်၊ မြောင်းမြ၊ စစ်တွေ၊ မောင်တောတို့တွင် ပိုးတွေ့လူနာ များပြားနေပြီး ရက်ပိုင်းအတွင်း ဧရာဝတီတိုင်း မြောင်းမြမြို့၊ ပုသိမ်မြို့နှင့် ရခိုင်ပြည်နယ် မောင်တောမြို့တွင် တစ်နေ့တည်း လူအစုလိုက်အပြုံလိုက် ကူးစက်ခဲ့သည်။ 

ယခင်က မြောင်းမြမြို့တွင် ကိုဗစ်ဖြစ်သူ၂၃၀ သာ ရှိခဲ့ပြီး ယခု ရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၂၂၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်သည်။ ယခုကဲ့သို့ အစုလိုက်အပြုံလိုက်ကူးစက်မှုမျိုး မကြုံခဲ့ရကြောင်း မြောင်းမြမြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ တွင် ရခိုင်ပြည်နယ်၊ မောင်တောသို့ ပြောင်းလာသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၀၀ နီးပါးတွင် ပိုးတွေ့ရှိခဲ့သည်။ 

စစ်တပ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဦးဆောင်ပါဝင်ခဲ့ကြပြီး လုပ်ငန်းခွင်ဝင်ရောက်ခြင်း မရှိကြတော့ပေ။ ကိုဗစ်စေတနာ့ဝန်ထမ်းများသည်လည်း ဆန္ဒပြပွဲများ၌ ပါဝင်နေသည်။ 

စေတနာ့ဝန်ထမ်းအများအပြား အဖမ်းခံရပြီး တိမ်းရှောင်ရသူလည်း များလာသည်။ 

ကိုဗစ်စေတနာ့ဝန်ထမ်းခေါင်းဆောင် ကိုသူနေအောင် ဖမ်းဆီးခံထားရသည့် ပုသိမ်မြို့တွင် ဇွန် ၃၀ ၌ တစ်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၇၀ ထက်မနည်း ရှိခဲ့သည်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးတွင် အဓိကပါဝင်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့ရုံးအများအပြားကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းကာ တွေ့သည့်သူကို ဖမ်းဆီးခြင်း၊ လိုအပ်သောအရာများ ယူဆောင်ခြင်းကြောင့် စေတနာ့ဝန်ထမ်းများ ခြေရာဖျောက်နေကြပြီဖြစ်သည်။

“အသင်းရဲ့လှုပ်ရှားမှုတွေလည်း ရပ်တန့်သွားတာကြာပါပြီ။ အသင်းက ကလေးတွေလည်း ဒီဆန္ဒပြပွဲတွေမှာ ပါကြတော့ အခုအချိန် စစ်ကောင်စီက ပိုက်စိပ်တိုက်ဖမ်းနေတဲ့အချိန်မှာ သူတို့လည်း လွတ်ရာကျွတ်ရာ ရှောင်နေရတယ်” ဟု မြောင်းမြမြို့တွင် ကိုဗစ်စေတနာ့ဝန်ထမ်းအဖြစ် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

မတ် ၂၁ က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၉၁ လမ်းရှိ  ကိုဗစ်ကာလ စေတနာ့ဝန်ထမ်းအဖွဲ့ကြီးဖြစ်သည့် We Love Yangon ၏ ရုံးခန်း ဝင်ရောက်စီးနင်းရှာဖွေခံရသည်။ 

CDM ဝန်ထမ်းတို့အတွက် အလှူငွေ၊ ဆေးဝါးနှင့် ပစ္စည်းမျိုးစုံရှိသော ထိုရုံးခန်းနှင့် ဘေးမှအဆောက်အအုံ ဝင်ရောက်ရှာဖွေခံရစဉ် အမျိုးသမီး ၁ ဦး ၅ လွှာမှ ပြုတ်ကျ သေဆုံးသွားသည်။ 

စစ်ကား ၁၆ စီးဖြင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းကို မတ် ၃ ညဉ့်သန်းခေါင်ယံအချိန်တွင် ဝင်ရောက်သွားပြီး ရုံးခန်းရှိပစ္စည်းများကို ဖျက်ဆီးကာ အသင်းသား ၁၀ ဦးကို ရိုက်နှက်ခဲ့သည်။ နာကူအသင်းသည် ကိုဗစ်စေတနာ့ဝန်ထမ်းလုပ်ငန်းများစွာ လုပ်ကိုင်ခဲ့သောအဖွဲ့ဖြစ်သည်။ 

လတ်တလောတွင် ပိုးတွေ့လူနာများနေသော ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ သာပေါင်းမြို့တို့ကို နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် ပါဝင်ကြောင်း စစ်ကောင်စီက ယနေ့ (ဇူလိုင် ၄) တွင် ကြေညာခဲ့သည်။ 

စေတနာ့ဝန်ထမ်းများလိုအပ်နေကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးက ဇူလိုင် ၂၆ တွင် ပြောခဲ့သော်လည်း အတွေ့အကြုံရှိသူများက လုပ်အားပြန်ပေးရန် အသင့်မဖြစ်ကြသေးပေ။  

“လက်ရှိအချိန်မှာ တော်တော်စိုးရိမ်ရတဲ့အခြေအနေပါ၊ စစ်ကောင်စီနဲ့ လူထုကလည်း တက်တက်ကြွကြွ၊ အတူတူပူးပေါင်းကာကွယ်ရမယ့် အခြေအနေမဟုတ်တာလည်း လူထုက အသိပဲလေ။ (ကိုဗစ်) ဖြစ်လာရင်တော့ တော်တော်ကြီးကို အခြေအနေဆိုးမှာပါ။ အခြေအနေဆိုးမဲ့ အရိပ်အယောင်လည်း ကျွန်တော်တို့ မြင်နေရပါတယ်” ဟု ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် လုပ်အားပေးခဲ့သူတစ်ဦးက ပြောသည်။

မန္တလေး အလုပ်သမားဆေးရုံရှိ ဗော်လန်တီယာများအား ၂၀၂၀ ဒီဇင်ဘာအတွင်း တွေ့ရစဉ်။

စစ်ကောင်စီဘက်ကမူ လိုအပ်သည့် စေတနာ့ဝန်ထမ်းများကို နေ့စားဝန်ထမ်းများဖြင့်  အစားထိုးသွားမည်ဟု ဆိုသည်။

သို့သော်လည်း ထိုအစီအစဉ်အလုပ်ဖြစ်ရေးမှာ မသေချာပေ။  

“အရင်ကိုဗစ်လှိုင်းတွေတုန်းက စေတနာ့ဝန်ထမ်းတွေအများကြီး ဘာအခကြေးငွေမှ မယူဘဲ စိတ်ဓာတ်နဲ့ လုပ်ကြတာ။ သူတို့ အဲ့ဒီလောက်အများကြီး နေ့စားခန့်နိုင်မလား မေးခွန်းထုတ်ချင်တယ်” ဟု ကိုဗစ်ပထမလှိုင်း စေတနာ့ဝန်ထမ်းဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။ 

၎င်းကိုယ်တိုင်သည်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့အပြီး ရှောင်တိမ်းနေရသည်။ 

ကိုဗစ်ကူးစက်နှုန်းများ မြင့်တက်နေသဖြင့် နေအိမ်တွင်သာ နေထိုင်ရန် မြို့တချို့တွင် ကြေညာချက်ထုတ်ထားသော်လည်း စာသင်ကျောင်းများ ၊ ဌာနဆိုင်ရာရုံးများ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များကို ဆက်လက်ဖွင့်လှစ်ထားဆဲ ဖြစ်သည်။ 

ကိုဗစ်ကုသရေးနှင့် ကွာရန်တင်းစင်တာများတွင်လည်း ယခင်ကကဲ့သို့ ဂရုတစိုက်လုပ်ဆောင်နိုင်ခြင်း အားနည်းသောကြောင့် ကူးစက်နှုန်းမှု ပိုဆိုးလာနိုင်ကြောင်း အများက စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်၌ ဒုတိယလှိုင်းပေါ်ပေါက်လာနိုင်ကြောင်း NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့ပြီးနောက် ၂၀၂၀ ဩဂုတ် ၁၇ တွင် စစ်တွေမြို့၌ အတည်ပြုလူနာများ တွေ့ရှိခဲ့ပြီး ဒေသတွင်း ကူးစက်ခံရမှုအများဆုံး ဖြစ်ခဲ့သည်။ 

ယခုအခါ ရခိုင်တစ်ပြည်နယ်လုံးတွင် ကူးစက်ခံရသူ ၂၀၀ ဝန်းကျင်ခန့် ရှိနေပြီး ပုဏ္ဏားကျွန်း၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနှင့် စစ်တွေမြို့တို့မှဖြစ်ပြီး မောင်တောမြို့နယ်တစ်ခုတည်းမှာပင် အတည်ပြုလူနာ ၁၀၀ ကျော်ထက်မနည်း ရှိနေသည်။

ပိုးတွေ့လူနာများလာသော မောင်တောမြို့တွင်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်၊ ဘဏ်၊ ရုံး၊ စျေးဆိုင်နှင့် စာသင်ကျောင်းများကို ပိတ်ထားခြင်းမရှိသေးပေ။ မောင်တောတွင် ပိုးတွေ့လူနာများမှာ စစ်ကောင်စီတပ်ဖွဲ့အတွင်း အများဆုံးရှိနေပြီး  ဘဏ်ဝန်ထမ်း၊ ကျောင်းဆရာဆရာမ၊ ကျောင်းသူကျောင်းသားတချို့လည်း ကူးစက်ခံထားရသည်။

ကျောင်းဆရာမနှစ်ဦး ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ပြီးနောက်ပိုင်း ၎င်းတို့တာဝန်ကျရာ မောင်တောမြို့နယ်ရှိ စာသင်ကျောင်း ၂ ကျောင်းကို ပိတ်ထားသည်။ 

ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြစ်ခဲ့စဉ်က မည်သည့်နေရာမှ လာသည်ကို သိရှိရကြောင်း၊ ယခုတတိယလှိုင်းတွင် မည်သည့်နေရာမှလာပြီး မည်သူများနှင့် ဆက်စပ်မှုရှိခဲ့ကြောင်း၊ ကွင်းဆက်ရှာမရဖြစ်နေသည်ဟု သိရကြောင်း မောင်တောမြို့ နယ်၊ ကရုဏာကွန်ရက်ပရဟိတအသင်းဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က ဆိုသည်။

ထို့ကြောင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုများအနေဖြင့် လူစုလူဝေး မသွားရန်၊ မလိုအပ်ဘဲ အပြင်မထွက်ရန်၊ မဖြစ်မနေ အပြင်သွားရမည်ဆိုပါက Mask (နှာခေါင်းစည်း) တပ်ရန်၊ ကျန်းမာရေးစည်းကမ်းချက်များ လိုက်နာရန် ၎င်းက အကြံပြုခဲ့သည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၃ အထိ ပိုးတွေ့လူနာစုစုပေါင်း တစ်သိန်းခြောက်သောင်းကျော်၊ ထပ်မံသေဆုံးသူ ၂၀ ဦးအပါအဝင် သေသူစုစုပေါင်း သုံးထောင်ကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။ 

ယနေ့ ဇူလိုင် ၄ ညနေပိုင်းတွင် ဧရာဝတီတိုင်းရှိ Stay at Home သုံးမြို့၌ စာသင်ကျောင်းများပိတ်ထားရန် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ 

Show More

Related Articles

Back to top button