သတင်း

စစ်ကောင်စီမှ လူပုဂ္ဂိုလ် ၂၀ ကျော်နှင့် ကုမ္ပဏီ ၄ ခုကို အမေရိကန် ထပ်မံအရေးယူ

အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို တုံ့ပြန်သောအားဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် လူပုဂ္ဂိုလ် ၂၂ ဦးနှင့် ကုမ္ပဏီလေးခုကို အမေရိကန်အစိုးရ ယမန်နေ့ (ဇူလိုင် ၂) တွင် ထပ်မံအရေးယူလိုက်သည်။ 

ယခင်က အရေးယူပြီးဖြစ်သော စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများ၏ ဇနီးများနှင့် သားသမီးများ စုစုပေါင်း ၁၅ ဦးကို ပထမဆုံးအကြိမ် ထည့်သွင်းအရေးယူလိုက်ပြီး ကျန်ရှိနေသည့် စစ်ကောင်စီအဖွဲ့ဝင် အရပ်သားသုံးဦးနှင့် စစ်ကောင်စီခန့် ဝန်ကြီးလေးဦးကိုလည်း အမေရိကန်က ထပ်မံအရေးယူလိုက်သည်။ 

“စစ်ခေါင်းဆောင်တွေအနေနဲ့ လက်ရှိလမ်းကြောင်းကို နောက်ပြန်မလှည့်မချင်း၊ ဒီမိုကရေစီပြန်လည်မဖော်ဆောင်မချင်း ဆက်လက်ပြီး အရေးယူပိတ်ဆို့သွားဦးမှာ ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စစ်အာဏာသိမ်းမှုကို ထောက်ခံအားပေးခဲ့သူ အားလုံး၏ တာဝန်ရှိမှုကို ဖော်ညွှန်းရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။ 

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာန ဒါရိုက်တာဖြစ်သူ အန်ဒရီယာဂါစ်ကီကလည်း “ဒီမိုကရေစီအရေးနဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေက လက်ခံနိုင်စရာ မရှိပါဘူး” ဟု ပြောသည်။ 

စစ်ကောင်စီနှင့် ဆက်နွှယ်သော လူပုဂ္ဂိုလ် ၂၂ ဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာနက ဒဏ်ခတ်အရေးယူလိုက်ခြင်းဖြစ်ပြီး မြန်မာစစ်တပ်ကို အထောက်အကူပြုနေသည့် ကုမ္ပဏီလေးခုကိုလည်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒဏ်ခတ်အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။

တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ Wanbao Mining, ၎င်း၏ လက်ခွဲကုမ္ပဏီများဖြစ်သော Myanmar Wanbao နှင့် Myanmar Yang Tse, စစ်တပ်ကို ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုပေးနေသည့် ပြည်တွင်းမှ King Royal Technologies ကုမ္ပဏီတို့ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူမှုစာရင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းနွယ်တို့ ပထမဆုံးအကြိမ် ပါဝင်လာသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများဖြစ်ကြသော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ကို အမေရိကန်အစိုးရက ပြီးခဲ့သည့်မတ်လအတွင်း ဒဏ်ခတ်အရေးယူခဲ့ပြီး ၎င်းတို့ပိုင်ဆိုင်သော ကုမ္ပဏီ ၆ ခုကိုလည်း တစ်ပါတည်းအရေးယူခဲ့သည်။ 

စစ်အာဏာသိမ်းနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူမှုစာရင်းတွင် ထပ်မံပါဝင်လာသူများ။ 

ယမန်နေ့က အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုစာရင်းတွင် ပါဝင်လာသူများအနက် စစ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်ဦး၏ ဇနီး ဒေါ်သက်သက်အောင်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ ဇနီး ဒေါ်သန်းသန်းအေးနှင့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ ဇနီး ဒေါ်အောင်မာမြင့်တို့ဖြစ်သည်။

ယခင်က တပ်မတော်တွင် နံပါတ် ၃ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့သည်။ ယခင်ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဖြစ်လာပြီး ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ လက်ရှိလေတပ်အကြီးအကဲဖြစ်သည်။ 

စစ်ကောင်စီအဖွဲ့ဝင် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ ဇနီး ဒေါ်ခိုင်ပပချစ်နှင့် သမီးဖြစ်ကြသည့် မိုးထက်ထက်ထွန်း၊ ခိုင်မိုးမြင့်နှင့် ရတနာမိုးမြင့်တို့ကိုလည်း အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့သည်။ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ စစ်ကောင်စီခန့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌလည်းဖြစ်သည်။

စစ်ကောင်စီအတွင်းရေးမှူးဖြစ်သူ ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ ဇနီး ဒေါ်ဥမ္မာမြင့်နှင့် သမီးဖြစ်သူ ရွှေရည်ဖူးအောင်၊ သားများဖြစ်ကြသည့် လှိုင်ဘွားအောင်နှင့် ဖြိုးအာကာအောင်တို့သည်လည်း အမေရိကန်၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံရသည်။ စစ်ကောင်စီအတွင်းရေးမှူးဖြစ်သူ ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှာ လက်ရှိတပ်မတော်စစ်ဥပဒေချုပ်လည်းဖြစ်သည်။ 

ထို့ပြင် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဇနီး ဒေါ်နီလာနှင့် သမီး သိမ့်သဉ္ဇာရည်တို့ကိုလည်း အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့သည်။ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးမှာ လက်ရှိတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်လည်းဖြစ်သည်။

စစ်ကောင်စီအဖွဲ့ဝင် အရပ်သားများအနက် ကျန်ရှိနေသူသုံးဦးဖြစ်သည့် စောဒယ်နီရယ်၊ ဗညားအောင်မိုးနှင့် ဒေါ်အေးနုစိန်တို့ကိုလည်း အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့သည်။ စောဒယ်နီရယ်မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ဒုဥက္ကဋ္ဌဟောင်းဖြစ်ပြီး ဗညားအောင်မိုးမှာ မွန်ညီညွတ်ရေးပါတီ (MUP) နှင့် ဒေါ်အေးနုစိန်မှာ ရခိုင်အမျိုးသားပါတီမှ ဖြစ်သည်။ 

ထို့အတူ စစ်ကောင်စီခန့်ဝန်ကြီးများဖြစ်ကြသည့် ဦးချစ်နိုင်၊ ဦးအောင်နိုင်ဦး၊ ဦးမြင့်ကြိုင်နှင့် ဒေါ်သက်သက်ခိုင်တို့ကိုလည်း အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့သည်။ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဖြစ်လာသူ ဦးချစ်နိုင်မှာ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ဖြစ်ပြီး ယခင်က ဦးသန်းရွှေအစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သည်။

ဦးအောင်နိုင်ဦးမှာ ယခင်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူးဖြစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် အသစ်ဖွဲ့စည်းခဲ့သော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် အမြဲတမ်းအတွင်းဝန်ဖြစ်ခဲ့သည်။ 

ဦးမြင့်ကြိုင်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်သည်။ ဒေါ်သက်သက်ခိုင်မှာ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ပိုင်ရှင်နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်မရခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်ဝန်ကြီးဖြစ်လာသူဖြစ်သည်။

အမေရိကန်အစိုးရက ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဦးဆောင်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်ကြီးများကို တစ်ဦးချင်းပစ်မှတ်ထား ပိတ်ဆို့အရေးယူခဲ့သည့်အပြင် ပတ်သက်ဆက်နွှယ်သူများ၊ စစ်တပ်နှင့်ဆိုင်သော အဖွဲ့အစည်းများကိုလည်း ဆက်တိုက်ဆိုသလို ဒဏ်ခတ်အရေးယူနေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုသမ္မတဦးမြင့်ဆွေ၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီးရဲအောင်၊ ဗိုလ်ချုပ်ကြီးမြတ်ထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့အပြင် ဆက်နွှယ်နေသည့် လုပ်ငန်းသုံးခုဖြစ်သည့် Myanmar Ruby Enterprise, Myanmar Imperial Jade ကုမ္ပဏီနှင့် ကျောက်မျက်ရတနာကုမ္ပဏီ Cancri တို့ကိုလည်း ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပထမဆုံး စတင်အရေးယူခဲ့သည်။

ထို့နောက် မတ်လဆန်းပိုင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးနှစ်ဦးနှင့် ၎င်းတို့ပိုင် ကုမ္ပဏီ ၆ ခု၊ မတ်လကုန်ပိုင်းတွင် စစ်တပ်၏ အဓိကစီးပွားရေးလုပ်ငန်း အင်ပါယာကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက်သည်။

ထို့ပြင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်နေသော လူပုဂ္ဂိုလ် ၁၆ ဦးကို ထပ်မံဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မေလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့အရေးယူခံရသူများတွင် စစ်ကောင်စီအဖွဲ့ထဲမှ အရပ်သားများဖြစ်ကြသည့် ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးစိုင်းလုံးဆိုင်၊ ဦးခင်မောင်ဆွေတို့ ပါဝင်သည်။

စစ်ကောင်စီခန့်ဝန်ကြီးများဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ စီးပွားကူးသန်းဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးဝင်းရှိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီတို့လည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ သားများဖြစ်ကြသည့် ဟိန်းထက်နှင့် ကောင်းထက်၊ စစ်ကောင်စီအဖွဲ့ဝင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ သမီး ယင်မင်းသူတို့သည်လည်း အမေရိကန်၏ မေလအတွင်း အရေးယူမှုတွင် ပါဝင်ခဲ့သည်။ 

မဟာမိတ်နိုင်ငံများရှိ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ ပိုင်ဆိုင်မှုများကို စုံစမ်းဖော်ထုတ်ကာ ထိန်းချုပ်ထားရန် အမေရိကန်ဥပဒေပြုအမတ်များက ဇူလိုင် ၁ တွင် စာရေးသားပေးပို့ တောင်းဆိုခဲ့သည်။ 

Show More

Related Articles

Back to top button