ဆောင်းပါး

စစ်တပ်ကို ထောက်ခံသည့် ပျူစောထီး ပိုမိုလှုပ်ရှားလာ

ယမန်နေ့(ဇူလိုင် ၂) ည ၇နာရီခန့်တွင် မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက် (‌ချောင်းဒေါင်း) ရှိ နေအိမ်သို့ ဆိုင်ကယ်စီးလူတစ်စုရောက်လာသည်။ 

၎င်းတို့က ထိုအိမ်တွင် ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မြင်းခြံမြို့နယ် အလုပ်အမှုဆောင်ဟောင်းများဖြစ်ကြသော ပုဂ္ဂလိကကျောင်းအထက်တန်းပြဆရာ  ၅၅ နှစ်အရွယ် ဦးမိုးဟိန်း၊ ၄၅ နှစ်ဝန်းကျင် ဇနီးသည် ဒေါ်စုစုလှိုင်တို့ကို ပစ်သတ်လိုက်ကြသည်။ 

ထိုလူစုက “ပျူစောထီးအဖွဲ့က ပစ်တာကွ”ဟု အော်ဟစ်ကြုံးဝါးသွားကြောင်း အနီးအနားတွင် နေထိုင်သူတချို့က အတည်ပြုသည်။

“လူဦးရေတော့ ကျွန်တော် အတိအကျမသိဘူးဗျ။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး။ သူတို့ ဝင်လာတဲ့အချိန်မှာ ဆရာကြီးက ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့အချိန်။ သူတို့က ပစ်မလို့လုပ်တော့ ဆရာကြီးက မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ဆိုပြီး ပြောနေတဲ့ကြားကနေ ပစ်လိုက်တာ”ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ အကြမ်းဖက်နှိမ်နင်းခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ကို သတင်းပေးနေသည်ဟု စွပ်စွဲခံရသူတို့ ဆက်တိုက်သတ်ဖြတ်ခံလာရသည်။ ဤအခြေအနေတွင် တပ်ကို ထောက်ခံသည့် ပျူစောထီးဟူသော အဖွဲ့က ထိုသို့တိုက်ခိုက်ခံရသူများကို ကာကွယ်ပေးမည်ဟု ကြေညာလှုပ်ရှားလာခြင်းဖြစ်ပြီး မြင်းခြံရှိ သတ်ဖြတ်မှုမှာ ၎င်းတို့၏ ထင်ရှားသော လုပ်ရပ်ဖြစ်လာသည်။ 

သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပျူစောထီးအဖွဲ့၏ လုပ်ရပ်ကို အရေးယူသည့် ပုံစံမှာ ပစ်ခတ်တိုက်ခိုက်မှု၊ လုပ်ကြံမှုများကို ကိုင်တွယ်စစ်ဆေးပုံနှင့် ခြားနားနေသည်ကို တွေ့ရသည်။  

ခြိမ်းခြောက်မှု

ရပ်ရွာတည်ငြိမ်ရေးနှောင့်ယှက်လျှင် ပြင်းထန်စွာစီရင်မည်ဟု ပျူစောထီးဟူသော အဖွဲ့က မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်တွင် မြင်းခြံဒေသခံ ၃၈ ဦး၏ အမည်ကို ထည့်သွင်းခြိမ်းခြောက်ထားပြီး အဆိုပါစာရင်း၌ ပါဝင်သည့် ဇနီးမောင်နှံသည် ခြိမ်းခြောက်မှုပေါ်လာပြီး ၆ ရက်အကြာတွင် ထိုသို့ပစ်ခတ်ခံရခြင်း ဖြစ်သည်။

နေအိမ်တွင် နှစ်ဦးတည်းနေထိုင်သည့် ဦးမိုးဟိန်းတို့ ဇနီးမောင်နှံ ပွဲချင်းပြီးသေဆုံးသွားရာ ရုပ်အလောင်းများကို စစ်တပ်နှင့် ရဲက ညတွင်းချင်း လာရောက်ယူဆောင်သွားသော်လည်း ယနေ့ (ဇူလိုင် ၃) အထိ အိမ်နီးချင်းများကို စစ်ဆေးမေးမြန်းမှုမရှိဟု ဒေသခံတချို့ထံမှ သိရသည်။

“ပြည်သူတွေဘက်ကလုပ်ပြီဆိုရင်သာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အနီးပတ်ဝန်းကျင်က လူတွေကို ပတ်ဖမ်းတာလေ။ အခုကျတော့ သူတို့ပထွေးတွေ ပျူစောထီးက လုပ်သွားတာဆိုတော့ အဖမ်းအဆီးနဲ့ ပတ်သက်ပြီး ဘာမှမရှိဘူး။ ကြားလည်းမကြားဘူး”ဟု အထက်ပါမြို့ခံကပင် မှတ်ချက်ပြုသည်။

ထိုသို့ အမှုစုံစမ်းဖော်ထုတ်နေမှုအခြေအနေကို မသိရရုံမျှမက မိသားစုဝင်များ၊ ဆွေမျိုးများထံ ရုပ်အလောင်းပင် ပြန်မပေးဘဲ ယနေ့နံနက် ၉ နာရီတွင် ဆူးဖြူကုန်းသုသာန်၌ စစ်ကောင်စီက ၎င်းတို့အစီအစဉ်ဖြင့်ပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းအပြင် ဦးမိုးဟိန်းတို့ဇနီးမောင်နှံ ပစ်သတ်ခံရသော နေရာသည် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ မြင်းခြံအခြေစိုက် ခမရ(၁၅) ခြေမြန်တပ်ရင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရဲစခန်းတို့နှင့် အနီးတဝိုက်တွင်ရှိသည်ဟုလည်း မြို့ခံအချို့က ထုတ်ပြောသည်။

မြင်းခြံမြို့ နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးမိုးဟိန်းတို့ ဇနီးမောင်နှံ

အဆိုပါဖြစ်ရပ်မတိုင်မီ ရက်ပိုင်းအတွင်းကပင် NLD ပါတီဝင်နှင့် ထောက်ခံသူများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု နိုင်ငံအနှံ့ ခြိမ်းခြောက်နေသည့် ပျူစောထီးအဖွဲ့ဝင်တို့က ၎င်းတို့၏ နောက်ကွယ်တွင် စစ်တပ်ရှိနေသည်ဟု Myanmar Nowကို အတည်ပြုပြောဆိုထားကြပြီးဖြစ်သည်။

“တပ်က ကျွန်တော်တို့ ဒါတွေ ဒါတွေ လုပ်ဆောင်မယ်၊ ဒါတွေ ဒါတွေ ကူညီပေးရမယ်ဆိုရင် ကျွန်တော်တို့ ဝိုင်းကူပေးတယ်” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဆိုသူက Myanmar Now ကို ပြောသည်။

မည်သည့်ကိစ္စများဆောင်ရွက်ခဲ့သည်၊ မည်သည့်အစီအမံများရှိသည်၊ စစ်တပ်နှင့် မည်သို့ချိတ်ဆက်လုပ်ဆောင်သည်တို့ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

“ကျွန်တော်က အောက်ခြေအဆင့်ဆိုတော့ အဲဒါတော့ သေချာမသိဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

မြို့နယ်တချို့တွင် ဖွဲ့စည်းထားသည်ဟူသော ထိုအဖွဲ့ခွဲများသည် အင်အားမည်မျှရှိသည်ကို ထုတ်ဖော်ခြင်းမရှိသော်လည်း ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကို အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် ကြော်ငြာထားသည်။ 

ပျူစောထီးမှာ စစ်အာဏာသိမ်းပြီး သုံးလအကြာ မေလဆန်းပိုင်းတွင် စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့နှင့် ဆက်စပ်နေသူများပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီက ပိတ်ပင်ထားသော်လည်း မြန်မာပြည်သားတို့ ကျော်ခွအသုံးပြုနေကြသည့် Facebook တွင် ပျူစောထီးတို့၏ စာမျက်နှာတချို့ကို တွေ့နိုင်သည်။ ထိုစာမျက်နှာများသည် ပရိသတ်များစွာမရှိသော်လည်း NLD ထောက်ခံသူများကို ဝေဖန်ပြစ်တင်ပြီး ပစ်မှတ်ထားတိုက်ခိုက်ရန် လှုံ့ဆော်ရေးသားရာတွင်တော့ တူညီကြသည်။

ပျူစောထီး၏ ရည်ရွယ်ချက်

ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်မည်ဆိုသော ပျူစောထီးကို ရဲနှင့် စစ်တပ်က အရေးမယူသော်လည်း လက်နက်ကိုင် ခုခံတိုက်ပွဲဝင်နေသူအဖွဲ့တချို့ကမူ ပေါ်ပေါ်ထင်ထင် စစ်ကြေညာထားပြီးဖြစ်သည်။

ပျူစောထီးများကို သုတ်သင်ရှင်းလင်းမည်ဟု ကြေညာထားသည့် နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့ကလည်း ဇွန်တစ်လတည်း၌ပင် ပျူစောထီးအဖွဲ့ဝင် ၂၂ ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဟု Myanmar Now ကို ပြောသည်။

သို့သော်လည်း မြေအောက်အဖွဲ့အစည်းဖြစ်သော ပျူစောထီးသည် မြို့ကြီးတချို့တွင် အင်အားအမျိုးမျိုးဖြင့် ရှိနေသည်ဟု ယူဆရသည်။

ပျူစောထီးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ၎င်းတို့သည် ဖေဖော်ဝါရီ ၁ နောက်ပိုင်း ဒလန် (သတင်းပေး) ဟု စွပ်စွဲတိုက်ခိုက်ခံရသူများကို အကာအကွယ်ပေးရန် ဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“ကျွန်တော်တို့ အမျိုးသားရေးသမားတွေ အရင်လို ဒလန်လို့ စွပ်စွဲခံရပြီးတော့ အသတ်ခံရမယ့်ဘေးကနေ ကာကွယ်ပေးတယ်။ ကျွန်တော်တို့က ကူညီရေးသက်သက်ပဲ။ ဘယ်သူ့ကိုမှ အမုန်းပွားဖို့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် ကိုယ့်လူမျိုးအချင်းချင်းပဲ” ဟု အဆိုပါပျူစောထီးအဖွဲ့ဝင်က ပြောသည်။

သို့သော် Myanmar Nowက ရရှိထားသည့် မေ ၁၄ရက်စွဲပါ ပျူစောထီးအဖွဲ့(ဗဟို)ဟု ခေါင်းစဉ်တပ်ထားသော ညွှန်ကြားစာတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်နေသူများ၊ ထောက်ပံ့ကူညီသူများကို ဖော်ထုတ်စုံစမ်းရန်၊ CDM လှုပ်ရှားမှုများအတွင်း အသွင်ယူ၍ လိုက်ပါဆောင်ရွက်ရန်၊ ထိုသို့လုပ်ဆောင်စဉ် ဖမ်းဆီးခံရပါက ၆ နာရီအတွင်း သတင်းပို့ရန် စသည်တို့ ပါဝင်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ တိုက်ရိုက်သတင်းပေးခြင်း၊ လူကိုယ်တိုင်တွေ့ဆုံခြင်းတို့ကို မပြုလုပ်ရန်လည်း စာတွင် လမ်းညွှန်ထားသည်။

ထို့ပြင် မေ ၁၇ တွင် NLD ပါတီဝင်များ၏ ဓာတ်ပုံ၊ နေရပ်လိပ်စာနှင့် သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ပြီး သုံးရက်အတွင်း သတင်းပေးပို့ရန် အဖွဲ့ဝင်များထံ ပျူစောထီးအဖွဲ့(ဗဟို)က ညွှန်ကြားသည့် စာတစ်စောင် ထပ်မံထွက်ပေါ်လာသည်။

မတ် ၁၄ ရက်စွဲတပ်ထားသည့် ပျူစောထီးအဖွဲ့(ဗဟို)ညွှန်ကြားစာ

ထိုသို့ စတင်လှုပ်ရှားလာရာမှ ဇွန်လအတွင်းတွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးယန္တရားကို ထိပါးသည့် ပစ်ခတ်မှုများ၊ လုပ်ကြံမှုများ၊ ပေါက်ကွဲမှုများပေါ်ပေါက်လျှင် ထိုမြို့များတွင် နေထိုင်သော NLD ပါတီဝင်နှင့် ထောက်ခံသူများ၏ နေအိမ်၊ မိသားစု၊ ဆွေမျိုးတို့ကို ထိရောက်စွာ လက်တုံ့ပြန်စီရင်မည်ဟု ပျူစောထီးအဖွဲ့က ခြိမ်းခြောက်လာသည်။

ဇွန် ၃၀ အထိ Myanmar Now က စောင့်ကြည့်ကောက်ယူထားသော စာရင်းအရ ပျူစောထီး ထိုသို့ ခြိမ်းခြောက်ထားသည့် မြို့နယ်ပေါင်း ၁၃ ခုရှိနေပြီး နာမည်တပ်ဖော်ပြခံရသည့် မိသားစုပေါင်း ၃၆၇ စု အထိရှိသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ပျူစောထီးတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံထားရသူ (၄၈) ဦး ထဲတွင် ပါဝင်သည့် NLD အမတ်ဟောင်း ဦးညွန့်အောင်က အထက်ပါခြိမ်းခြောက်မှုမှာ စစ်ကောင်စီနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ထားသည်။

“ဒါက ပြည်သူပြည်သူချင်း ရန်တိုက်ပေးတာပဲ။ အားလုံး ရန်ပွားအောင်၊ စိုးရိမ်စိတ်တွေနဲ့ နေကြရအောင်၊ တစ်နိုင်ငံလုံး၊ အကုန်လုံး စိတ်ဆင်းရဲအောင်လုပ်တဲ့ စစ်အစိုးရရဲ့ လုပ်ကွက်လို့ ခံစားရတယ်ဗျာ”ဟု လွန်ခဲ့သော သုံးလခန့်မှစ၍ နေရပ်မှထွက်ပြေးတိမ်းရှောင်နေရသူ ၎င်းက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသော မြင်းခြံမြို့နယ်၊ NLD ပါတီဝင်တစ်ဦးကလည်း ခြိမ်းခြောက်ခံထားရသဖြင့် အနေအထိုင်အသွားအလာ ဆင်ခြင်နေရသည်ဟု ပြောသည်။

“ခေတ်အဆက်ဆက်ကတည်းက ဒီကောင်တွေ စစ်အာဏာသိမ်းပြီဆိုရင် စွမ်းအားရှင်တို့၊ ဘာတို့ညာတို့ဆိုတာက တွဲပါလာတာပဲလေ။ အခုက သူတို့က သေနတ်ပါ တပ်ဆင်ပေးလိုက်တယ်ဆိုတော့ ကျွန်တော်တို့က ပိုပြီးသတိထားရတယ်”ဟု ၎င်းက ပြောသည်။  

ပျူစောထီးကို စစ်တပ်က လက်နက်ပါတပ်ဆင်ပေးထားသည်ဟု သတင်းများရရှိနေသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြိုခွင်းမှု၊ လုံခြုံရေးအရ စုံစမ်းရှာဖွေမှုများအတွင်း အရပ်ဝတ်လက်နက်ကိုင်များဖြင့် စစ်ကောင်စီဘက်က လှုပ်ရှားသည်ကို ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများ၌ပင် တွေ့ရသည်။

ပျူစောထီးတို့၏ Facebook စာမျက်နှာတချို့

စစ်ကိုင်းတိုင်းလွှတ်တော်၊ ကန့်ဘလူမဲဆန္ဒနယ်အမှတ် ၂ အမတ်အဖြစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ရွေးချယ်ခံရပြီး ယခုအခါ တိမ်းရှောင်နေရသည့် NLD ကိုယ်စားလှယ် ဦးနေဇင်လတ်ကလည်း စစ်ကောင်စီသည် နိုင်ငံတကာကိုလှည့်စားရန် ထိုအဖွဲ့ကို အသုံးချမည်ဟု ယူဆနေသည်။ 

“အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတကာအမြင်မှာ သူတို့ကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို မတရားညှဉ်းပန်းသတ်ဖြတ်နေပါတယ်ဆိုတဲ့ အမြင်ကို အမြင်မခံနိုင်တဲ့အခါကျတော့ သူတို့ကနေပြီးတော့ တိုက်ရိုက်မလုပ်ဘဲနဲ့ တစ်ဖက်လှည့်နဲ့ လုပ်ဖို့အတွက် ဖန်တီးလိုက်တဲ့ အဖွဲ့ပဲဗျ”ဟု ၎င်းက သုံးသပ်သည်။

“အဲဒါကြောင့်မို့လို့ သူတို့အနေနဲ့ NLD ပါတီဝင်တွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်ဖို့ ကြိုးစားတာ”

ပျူစောထီးဆိုသည်မှာ လေးမြားကျွမ်းကျင်သည်ဟုဆိုသော ပုဂံခေတ်ဘုရင်တစ်ပါး၏ အမည်ဖြစ်သည်။ ၁၉၅၆ ဝန်းကျင်တွင် စစ်တပ်ကို ကူညီသည့် လက်ကိုင်တုတ်အရပ်ဘက်အဖွဲ့ကိုလည်း ပျူစောထီးဟု အမည်ပေး ဖွဲ့စည်းခဲ့ကြသည်။

ယခု စစ်ဗိုလ်ချုပ်များကို ထောက်ခံသူတို့က ထိုအမည်ကို ပြန်လည်အသုံးပြုနေခြင်းဖြစ်ပြီး မြေပြင်ထက် အွန်လိုင်းတွင် ပိုမိုထင်ရှားနေသည့် အဖွဲ့ဖြစ်သည်။

စစ်ကောင်စီဘက်ကမူ ၎င်းတို့ကိုထောက်ခံသည့် ပျူစောထီးလှုပ်ရှားမှုနှင့် ပတ်သက်၍ သတင်းမထုတ်ပြန်သေးပေ။ 

ဇွန် ၁၂ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ဒေါ်ဆွေဇင်ဦးဆိုသူက တပ်မတော်ထောက်ခံသူများကို လက်နက်တပ်ဆင်ပေးရန် တောင်းဆိုဖူးသည်။ 

တပ်မတော်ကိုထောက်ခံသူတို့သည် အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများအတွင်း ရန်ရှာခံနေရသည်ဟု ဒေါ်ဆွေဇင်ဦးက ပြောဆိုခဲ့သော်လည်း စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ ရေရာသည့်တုံ့ပြန်မှု မတွေ့ရပေ။ ဒေါ်ဆွေဇင်ဦး၏ Facebookစာမျက်နှာတွင် စစ်ဗိုလ်ချုပ်များတည်ထောင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီနှင့် ပတ်သက်ပြီး ရေးသားထားကြောင်း တွေ့ရသည်။ 

ပျူစောထီး Facebook စာမျက်နှာများသို့ စာရေးသားဆက်သွယ်လာသူများထဲတွင် စုံစမ်းမေးမြန်းသူ၊ လက်နက်လိုချင်သူ၊ သတင်းပေးပို့သူ၊ ချိတ်ဆက်ဆောင်ရွက်လိုသူ၊ အဖွဲ့ခွဲထူထောင်လိုသူတို့ ပါဝင်ကြောင်း သိရသည်။

စစ်တပ်နှင့် ရဲကို သတင်းပေးသည်ဟု ရပ်ရွာအတွင်း နာမည်ကျော်သူတို့ လုပ်ကြံခံလာရချိန်တွင် အများစုမှာ ပြည်ခိုင်ဖြိုးနှင့် တစ်နည်းတစ်ဖုံပတ်သက်သူများဖြစ်နေကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကိုယ်တိုင် ဇွန်လအတွင်း ဧရာဝတီသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဝန်ခံထားသည်။

ဇွန် ၁၀ ရက်နေ့က ရန်ကုန်၊ ဗိုလ်တထောင်ဘုရားကဲ့သို့ လူစည်ကားရာဝန်းကျင်၌ပင် ပစ်သတ်ခံရသည့် ဆိပ်ကမ်းမြို့နယ်၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်၏ ဖြစ်စဉ်မှာ ထင်ရှားသည်။

ထိုသို့ကြုံတွေ့နေရသည့် ပြည်ခိုင်ဖြိုးမှာ ပျူစောထီးအဖွဲ့၌ ပါဝင်ပတ်သက်နေခြင်းမရှိဟု ဒေါက်တာနန္ဒာလှမြင့်က မေလဆန်းကတည်းက ငြင်းထားသည်။

“ပြည်ခိုင်ဖြိုးကဖွဲ့တာတော့ မဟုတ်တာ အသေအချာပဲ” ဟု သူက RFA သတင်းဌာနကို ပြောသည်။  

သို့သော်လည်း အာဏာသိမ်းစစ်ဗိုလ်ချုပ်များကို ထောက်ခံကြသည့် အဖွဲ့များမှာ တစ်နည်းနည်းနှင့် ဆက်စပ်နေကြသည်ဟု အများက ယူဆနေသည်။

စစ်တပ်ထဲတွင် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM တွင် ပါဝင်နေသော ဗိုလ်ကြီးထွန်းမြတ်အောင်က ၎င်း၏ အတွေ့အကြုံများအရ ပျူစောထီးအဖွဲ့တွင် ပါဝင်သူတို့မှာ စစ်မှုထမ်းဟောင်းများနှင့် ကြံ့ခိုင်ရေးပါတီဝင်များသာဖြစ်ကြောင်း အခိုင်အမာမှတ်ချက်ပြုသည်။

“သူ့ (ပျူစောထီး) နောက်ကွယ်က လူက ကြံ့ခိုင်ရေးလား၊ စစ်တပ်လားဆိုတာက ကုလားကြီးလား၊ အရာကြီးလား ဆိုတာလိုဖြစ်နေပြီ။ တစ်ခုတည်းပဲ အဲဒါက ခွဲပြီး ကြည့်လို့မရဘူး။ ကြံ့ခိုင်ရေးက စစ်တပ်ပဲ။ စစ်တပ်ကလည်း ကြံ့ခိုင်ရေးပဲ”ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောလိုက်သည်။

Show More

Related Articles

Back to top button