လူတွေကို တုန်လှုပ်ချောက်ချားစေချင်တာကြောင့် လေဆိပ်ကို ရွေးချယ်တာလို့ ကောက်ချက်ချနိုင်တယ် (အင်တာဗျူး)

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် (ဓာတ်ပုံ - ဆွေဝင်း / Myanmar Now)
ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် (ဓာတ်ပုံ - ဆွေဝင်း / Myanmar Now)

နေပြည်တော် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည်မှာ သီတင်းပတ်သုံးပတ်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။ ယခုအမှုအား စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ဦးဆောင် စစ်ဆေးမှုများပြုလုပ်နေပြီး၊ ၎င်းတို့ထံမှ ရရှိလာသော သတင်းအချက်အလက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ပေးလျက်ရှိသည်။ သို့သော် ယခုအမှုနှင့်ပတ်သက်၍ အာဏာပိုင်တို့၏ ကိုင်တွယ်အရေးယူပုံ၊ သတင်းထုတ်ပြန်ပေးမှုတို့ကို  ပြည်သူများက အားမလိုအားမရ မကျေနပ်မှုများလည်း ရှိနေသည်။ ဒုတိယတရားခံ ဦးအောင်ဝင်းဇော်ကို အခင်းဖြစ်ပွားပြီး ၁၂ နာရီအကြာ ဇန်နဝါရီ ၃ဝ ရက် မနက်တွင် ဖမ်းမိခဲ့သည်ဟု ဆိုသော်လည်း ၄င်း၏ညီဖြစ်သူ အောင်ဝင်းခိုင် ဆိုသူ ပါဝင်ပတ်သက်မှုကို သီတင်းနှစ်ပတ်ကျော် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်မှ သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က ရေးဆွဲခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲတပ်ဖွဲ့သည်၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနကို စစ်တပ်က ထိန်းချုပ်ထားသည်။ ယခုအမှုတွင် ပြည်သူများသာမက၊ နိုင်ငံတော်သမ္မတနှင့် အစိုးရ သတင်းထုတ်ပြန်ရေးအတွက် တာဝန်ယူထားသော ပြန်ကြားရေးဝန်ကြီးဌာနပါ တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းအမှောင်ချခြင်း ခံထားရသလော ဆိုသည်ကို Myanmar Now သတင်းဌာနက ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို မေးမြန်းထားပါသည်။
 
မေး။     ။ ဦးကိုနီလုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဝန်ကြီးတစ်ယောက်အနေနဲ့ရော၊ နိုင်ငံသားတစ်ယောက်အနေနဲ့ပါ ခံစားချက် ဘယ်လိုရှိတယ် ဆိုတာကို ပြောပြပါ။

ဖြေ။    ။ ဦးကိုနီက ကျွန်တော်နဲ့ အရင်ကတည်းက ရင်းနှီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ အခုခရီးစဉ်မှာ အတူတူသွားတယ်။ တစ်ပတ်လောက်အတွင်းမှာ နေ့တိုင်း တွေ့ဆုံ စကားပြောတယ်၊ ပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးတော့ အခုခရီးစဉ်က အောင်မြင်တယ်ဆိုပြီးတော့ ကျွန်တော်တို့တစ်ဖွဲ့လုံးက ခံယူကြတယ်၊ အဲဒီတော့ နောက်လည်း တွေ့ကြ ဆုံကြဦးမယ်ဆိုပြီးတော့ လေဆိပ်မှာ နှုတ်ဆက်ပြီးတော့ ဆင်းကြတာပေါ့ဗျာ။ အဲဒါပြီး ခဏနေတော့ ဦးကိုနီ လုပ်ကြံခံရတယ်၊ သေနတ် အပစ်ခံရတယ်ဆိုပြီးတော့ ကြားရတာပေါ့ဗျာ။ ကြားရတော့ ကျွန်တော်တို့ သွားကြည့်တယ်။ သူ့ကို သွေးအိုင်ထဲမှာ တွေ့ရတယ်။ ခုနလေးကတင် စကားပြောလာတဲ့ မိတ်ဆွေတစ်ယောက် ဒီလိုဖြစ်သွားတယ် ဆိုတော့ တော်တော် လူပ်လူပ်ရှားရှား ခံစားရတယ်။

မေး။     ။ လေယာဉ်ပေါ်ကနေ စဆင်းလိုက်တဲ့အချိန်ကနေပြီး ဦးကိုနီ လဲနေတဲ့နေရာထိ အဲဒီအချိန်ကာလအကြောင်း အသေးစိတ်ပြောပြပေးပါလား ခင်ဗျ။

ဖြေ။    ။ ကျွန်တော်တို့ဆင်းလာပြီးတော့ ဆိုက်ရောက်ဧည့်သည်တွေ နားကြတဲ့နေရာမှာ  နူတ်ဆက်တဲ့သဘောမျိုးနဲ့ ကျွန်တော်တို့ စုကြတယ်။ ခရီးစဉ်အဆင်ပြေတဲ့အတွက် ဝမ်းသာတယ်။ နောက်လည်းပဲ ကျွန်တော်တို့ ခရီးသွားတဲ့ အတွေ့အကြုံတွေကို ဖလှယ်မယ်။ နောက်ထပ် ပြောဆို ဆွေးနွေးစရာတွေလည်း ရှိတာပေါ့ဗျာ၊ အဲဒီတော့ အဆက်အသွယ်တွေ နောက်လည်း တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မူတွေ ရှိကြမယ်ပေါ့နော်။ ပြောပြီး နူတ်ဆက်ပြီးတော့ ဆင်းသွားတာပေါ့ဗျ။  သွားတုန်;ကတော့ VIP အဆောင် ဆိုတဲ့နေရာမှာ စုပြီးတော့ ထွက်ကြတယ်။ အပြန်ကြတော့ ပြန်ရောက်ပြီဖြစ်တဲ့အတွက် ဒီလိုပဲ ကိုယ့်အစီအစဉ်နဲ့ကို ထွက်ကြတာပေါ့။ ပြည်တွင်း သွားလာနေရင်တော့ ပုံမှန်အားဖြင့် ကျွန်တော်တို့လည်း အဲဒီနေရာမျိုးကပဲ ထွက်ကြတာပဲ။ အဲဒီနေ့မှာတော့ ကျွန်တော်တို့က အကြောင်းအားလျော်စွာ ဟိုဘက်နားကို ရောက်နေတယ်။ အဲဒီအချိန်မှာ သေနတ်သံတွေ ကြားနေကြတယ်လို့ ပြောတယ်။ အဲဒီအခါမှာ ဘာဖြစ်သလဲ မေးနေမြန်းနေကြတယ်။ နောက် ဦးကိုနီလို့ ပြောတယ်၊ တက္ကစီသမားလို့ ပြောတယ်။ သတင်းတွေက အဲဒီအနားမှာပဲ ကြားနေတယ်။ နောက်တော့ ကျွန်တော်တို့ အဖွဲ့နဲ့ အတူတူသွားတဲ့ တစ်ယောက်ကပဲ ဦးကိုနီ သေနတ်မှန်ပြီး လဲနေပြီဆိုတော့၊ ပြည်ထဲရေးက ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးရယ် နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်ချူပ်သန်းထွဋ်ရယ် လိုက်သွားကြတယ်ပေါ့။ အဲဒီမှာ သူ့ကို တွေ့တယ်။

မေး။      ။ ဒီလိုနိုင်ငံတော်အဆင့်ခရီးစဉ်မှာ လုပ်ကြံခံရတယ်ဆိုတာ အတွင်းသတင်းပေးရှိတယ်ဆိုတဲ့ သံသယတွေရှိတယ်။ လေကြောင်းလိုင်း နံပါတ်တွေ၊ အချိန်တွေကအစ တစ်ယောက်ယောက်က ကြိုတင်ပြီး ပေါက်ကြားအောင် လုပ်တယ်လို့ သံသယတွေ ရှိတယ်။ ဆရာကော ဒီလို သံသယရှိလား။

ဖြေ။      ။ ကျွန်တော်ကတော့ ဒီလို ခရီးအတူတူသွားနေတဲ့ သူတွေထဲမှာတော့ ဒီလိုမျိုး ရှိလိမ့်မယ်လို့ သံသယ မရှိပါဘူး။ ဒါက လူတွေအများကြီးနဲ့ သွားရတဲ့ ခရီးစဉ်တွေဖြစ်တယ်။ သိပ်လျှို့ဝှက်ပြီးသွားတဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ပထမထွက်တဲ့နေ့ကတည်းကပဲ အဖွဲ့လိုက်ဓာတ်ပုံရိုက်တယ်။ ကျွန်တော်ထင်တယ် အဲဒါက လျှို့ဝှက်ထားတာမဟုတ်တော့ အများကသိတယ်လို့ ထင်တယ်။ သိနေတော့ လုပ်ကြံချင်တဲ့လူအဖို့ကလည်း ခက်ခက်ခဲခဲစုံစမ်းရမယ့် ကိစ္စတော့ မဟုတ်ဘူး။

မေး။ ။ ခရီးစဉ်အတွင်းမှာ ဦးကိုနီနဲ့ အခြား ဒီခရီးစဉ်မှာပါလာတဲ့သူတွေကြား ဆက်ဆံရေးကော အဆင်ပြေလား။

ဖြေ။     ။ ကျွန်တော်တို့ ဒီအဖွဲ့က စုစုပေါင်း ၂၁ ယောက်ပေါ့။ ဆက်ဆံရေးက နွေးထွေးတယ်လို့ပြောရမယ်။ နဂိုတုန်းကတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ပြီးမသိကြဘူး။ လေးငါးရက်လောက်ကြာပြီးတဲ့အခါမှာ ရင်းရင်းနှီးနှီးနဲ့ ရယ်စရာ မောစရာပြော၊ နောက်နောက်ပြောင်ပြောင်နဲ့ အဲဒီလောက်အထိကို အခြေအနေ ဆက်ဆံရေးတွေ ကောင်းတယ်ဗျ။

မေး။  ။ ဒီခရီးစဉ်မှာ ဦးကိုနီကကော မှတ်မှတ်ရရ ဘာတွေပြောဆိုတာရှိခဲ့သလဲ။

ဖြေ။     ။ ဦးကိုနီကတော့  ခင်ဗျားလည်း သိပါလိမ့်မယ်။ ကျန်တဲ့သူတော်တော်များများလည်း သိပါလိမ့်မယ်။ ဦးကိုနီက နိုင်ငံရေး စိတ်ဝင်စားတယ်ဗျာ။ ဥပဒေအရေး စိတ်ဝင်စားတယ်။ နောက် လူမျိုးရေး ဘာသာရေး ပဋိပက္ခတို့ စသဖြင့် တိုင်းပြည်ရဲ့အရေးကိစ္စတွေ တော်တော်များများ စိတ်ဝင်စားပြီးတော့ ပြောတဲ့၊ ဆိုတဲ့၊ ရေးလည်းရေးတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်ပေါ့ဗျာ။ ဆိုတော့ ကျွန်တော်တို့ ခရီးစဉ်တလျှောက်မှာ ကျွန်တော်တို့ ဟိုတိုင်းပြည်က ပုဂ္ဂိုလ်တွေ အစိုးရပိုင်းကရော တခြားအဖွဲ့အစည်းကရော အမျိုးမျိုးသော ပုဂ္ဂိုလ်တွေ အများကြီး တွေ့တယ်။ တွေ့တဲ့အခါမှာ သူတို့ဟာသူတို့ တင်ပြဆွေးနွေးကြတယ်။ အဲဒီအခါမှာ ဦးကိုနီကတော့ တော်တော်များများ ဝင်ဆွေးနွေးတယ်။ ဒါကတော့ သူ့ပင်ကိုယ်သဘာဝပဲ ထူးခြားတယ်လို့ ပြောရမှာပေါ့။

မေး။      ။ ရခိုင်ကိစ္စရော ဆွေးနွေးဖြစ်လား။

ဖြေ။      ။ အမျိုးစုံ ပါပါတယ်။ ကျွန်တော်တို့သွားတာက အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီကူးပြောင်းမူဖြစ်စဉ်ပေါ့။ အဲဒီရဲ့ အတွေ့အကြုံတွေ နားထောင်ဖို့ သွားတယ်။ အဲဒီအကူးအပြောင်းကာလအစပိုင်းမှာ သူတို့ဆီက မာလုကူ ဆိုတဲ့ ကျွန်းစုမှာ လူမျိုးရေးဘာသာရေး ပဋိပက္ခတစ်ခု တော်တော် ပြင်းပြင်းထန်ထန်ဖြစ်တယ်ဗျ။ အဲဒီမှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေ ရှိတယ်။ လူဦးရေက ဆတူလောက်ရှိတယ်။ အဲဒီနေရာမှာ လေးငါးနှစ်လောက် ပြင်းပြင်းထန်ထန် ပဋိပက္ခတွေ ဖြစ်ခဲ့တယ်ဗျ။ ဖြစ်တော့ အဲဒီနေရာက ပုဂ္ဂိုလ်တွေက သူတို့ဆီမှာ ပဋိပက္ခတွေ ဘယ်လိုဖြစ်တယ်၊ ပြေလည်အောင် ဘယ်လိုဖြေရှင်းကြတယ်ဆိုတဲ့ အကြောင်းတွေကို ကိုယ်တွေ့တွေ ပြောတယ်၊ သဘောတရားတွေ ပြောတယ်။ ဒါတွေပြောတာရှိတယ်၊ နောက် အကူးအပြောင်းနဲ့ပတ်သက်လို့ ပြောတာတွေရှိတယ်။  ဦးကိုနီက ပြောဆို ဆွေးနွေးတတ်တဲ့လူတစ်ယောက် ဆိုတော့ အဲဒီကိစ္စတွေမှာ သူတော်တော်ပြောဆိုဆွေးနွေးခဲ့တယ်။

မေး။      ။ ဦးကိုနီက မွတ်စလင်တွေ မြန်မာပြည်မှာ နှိပ်ကွပ်ခံနေရတယ်ဆိုတာ မျိုးရော ပြောဆိုခဲ့တာရှိလား။

ဖြေ။      ။ ကျွန်တော်တို့က လေ့လာရေးအဖွဲ့ဆိုတော့ ဟိုဘက်က ဆွေးနွေးတာတွေကို နားထောင်ရတယ်၊ မရှင်းတာ မေးတယ်။ တချို့ဟာတွေကို ဆွေးနွေးတယ်ပေါ့ဗျာ၊ ဒီသဘောလောက်ပါပဲ။ အဲဒီအခါမှာ ကျွန်တော့်အထင် သိပ်ပြီး ထူးခြားတဲ့၊ ပြင်းထန်တဲ့ ဆွေးနွေးမူတွေ မတွေ့ရပါဘူး။ ပြီးတော့ သူက အကျိုး အကြောင်းနဲ့ စကားပြောတဲ့လူတစ်ယောက်ဖြစ်လို့ သူသိပ်ပြီးတော့ ငြင်းခုံတာမျိုးတွေ မတွေ့ရဘူး။ သူ့အယူအဆကိုတော့ ရှင်းလင်းအောင်တော့ ပြောတဲ့သူမျိုးပါ။

မေး။    ။ ခုဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုက သတင်းအမှောင်ချခံထားရသလိုဖြစ်နေတယ်။ လုံခြုံရေးအရ လျှို့ဝှက်ဖို့ မလိုတဲ့ အချက်တွေပါ ပြည်သူလူထုက မသိရဘူး။ ဒါဟာဘာဖြစ်လို့လဲ။

ဖြေ။       ။ ကျွန်တော်ကတော့ ဒီအမူက ထူးခြားတဲ့အမူတစ်ခုလည်းဖြစ်တယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ဖြစ်တယ်။ သုံးသပ်ပြောဆိုနေတာတွေကလည်း အများကြီး ထွက်ပေါ်နေတဲ့ အခါမျိုးမှာ စုံစမ်း စစ်ဆေးရေး လုပ်ရတဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ တော်တော်လေးကို အလေးအနက်ထားပြီးတော့ လုပ်နေလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ သို့သော် ဒီလိုအမူမျိုးမှာ သူတို့ရဲ့ စုံစမ်းထောက်လှမ်းတဲ့ လုပ်ထုံးလုပ်နည်းတွေတော့ ကျွန်တော်လည်း သိပ်ပြီးတော့ နားမလည်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ ကြားရသလောက်ဆိုရင် တချို့ကိစ္စတွေမှာ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ လွတ်သွားမှာစိုးလို့ပေါ့။ သူတို့ အသုံးအနှုန်းတော့ ကျွန်တော်လည်း အတိအကျ မသိဘူး။  အခုအချိန်မှာဆိုရင် နှစ်ပါတ်ကျော်ကျော်လောက်ရှိပြီ။ နှစ်ပါတ်ကျော်ကျော်သည် ရှည်ကြာတယ်လို့ ပြောမလား၊ ဒီလောက်ကတော့ကြာနိုင်လား ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူးပေါ့ဗျာ။ ဒီကြားထဲမှာ တကယ့်လက်သည်တရားခံက ထင်ထင်ရှားရှားကြီး ဆိုတော့ ဖမ်းမိတယ်။ နောက်ထပ် ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုလည်း ဖမ်းမိပြီလို့ ဆိုထားတယ်။ ဆိုတော့ ဒါကနေပြီးတော့ နောက်ထပ် ဘာတွေ ဘယ်လောက်ရှိဦးမလဲ၊ အဲဒါတွေကို ဆက်စပ် ဖော်ထုတ်နေတယ်လို့ ထင်တယ်။ ဒီထက်ကြာလာရင်တော့ ဒီအမူဟာ ကြာနေတယ်လို့ ပြောလာတာတွေရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ ဒီသတင်းအမှောင်ချတယ်ဆိုတာ ပြည်ထဲရေးနဲ့တပ်မတော်က အရပ်သားအစိုးရကို သတင်း အချက်အလက် မပေးလို့လား။ ဝန်ကြီးကိုယ်တိုင်ကော ကျွန်တော်တို့ပြည်သူတွေလို သတင်းအချက်အလက် ဘာမှမသိရဘူးလား။

ဖြေ။   ။ ဒီအမူအခင်းကတော့ အင်မတန်မှ အရေးကြီးတဲ့အမူအခင်းဖြစ်တယ်။ ဒီအမူကို စုံစမ်း ထောက်လှမ်းဖို့အတွက်ကို လုံခြုံရေးအဖွဲ့လိုမျိုး ဒီလိုမျိုးနဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေက ဆောင်ရွက်နေတယ်။ ကျွန်တော်တို့လည်း ဒီအဖြေတွေကို အများနည်းတူ သိချင်တယ်။ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက လုပ်တဲ့ကိုင်တဲ့ကိစ္စတွေ အဲဒီနေရာတွေမှာ ဖြစ်ပေါ်တဲ့ အကြောင်းရပ်တွေကို အများ သိအောင်လို့ ကျွန်တော်တို့ သတင်းအချက်အလက်တွေကို ရယူပြီး ဖြန့််ချီပေးတဲ့အလုပ် လုပ်တာပေါ့ဗျာ။ အခုကတော့ စုံစမ်းရေးအဖွဲ့ရှိတယ်။ စုံစမ်းရေးဖွဲ့ကနေ ပြောလာတဲ့အခါမှာ ကျွန်တော်တို့ကနေပြီးတော့ ဆက်လက်ပြီး ဖြန့်ချီသွားရမယ့် သဘောရှိတာပေါ့။ မပြီးသေးတဲ့ ကာလမှာတော့ ထထပြောတတ်တဲ့အလေ့အထတော့ မရှိဘူးပေါ့ဗျာ။ သူတို့ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် သိပြီးတော့ ထုတ်ပြန်လို့ရတဲ့အခါမျိုးမှသာ ထုတ်ပြန်တာပေါ့။ ဒီလိုမျိုးတွေရှိတော့ ကျွန်တော်ထင်တယ်။ အဲဒီအချိန်မှသာ ကျွန်တော်တို့ သိနိုင်မယ်လို့ ထင်တယ်။ ဒီကြားထဲမှာ ဘယ်တော့ သိနိုင်မလဲ၊ ဘယ်တော့ ထုတ်ပြန်နိုင်မလဲ ဆိုတာကတော့ သတင်းသမားတွေ အနေနဲ့ကတော့ မေးမြန်းလို့ ရနိုင်မယ်လို့ ထင်တယ်။ စုံစမ်းရေးလုပ်နေတဲ့အဖွဲ့ကနေပြီးတော့ ဒါက ဒီလိုဖြစ်ပါတယ်၊ တရားခံဘယ်သူ့ကိုတော့ မိထားပါပြီ။ ဘယ်သူကတော့ ထွက်ပြေး တိမ်းရှောင်နေပါတယ်၊ နောက်ထပ် ပါဝင်နေသူတွေရှိတယ်၊ ဒါကို ဖော်ထုတ်နေတယ် စသဖြင့် သူတို့ဆီကနေ ထုတ်ပေးလာရင်တော့ ကျွန်တော်တို့ရဲ့မီဒီယာတွေ သတင်းစာ၊ ရုပ်သံ၊ ဝက်ဆိုက် ဒါတွေကနေပြီးတော့ ဖြန့်ချီပေးမှာပေါ့။ ဒီအနေအထားရှိပါတယ်။

မေး။   ။ လေဆိပ်က စီစီတီဗွီမှတ်တမ်းတွေ၊ အဖမ်းခံထားရသူတွေရဲ့ ကိုယ်ရေးရာဇဝင်အချက်အလက်တွေ၊ ဥပမာ ဖမ်းခံထားရသူ အောင်ဝင်းဇော်ဟာ ယခင်တပ်မတော်အရာရှိဟောင်းဆိုတာ ဟုတ်လား မဟုတ်လား၊ စသည်ဖြင့် ဒါတွေဟာ လုံခြုံရေးအရ လျှို့ဝှက်ထားစရာမလိုအပ်ဘူးဆိုတာ ရှင်းလင်းနေတယ်။ ဆိုတော့ လျှို့ဝှက်စရာ မလိုတာတွေပါ အကုန်လျှို့ဝှက်ထားတယ်ဆိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တမင် သတင်းထိမ်ချန်ပြီး ဒီအမှုကို လိုသလို ပုံဖော်ဖို့ ကြိုးစားနေတာလား။

ဖြေ။   ။ ကျွန်တော်တို့ကလည်း အများနည်းတူ သိချင်တာပါပဲ။ စုံစမ်းတဲ့တာဝန်တွေ ထမ်းဆောင်နေကြတဲ့သူတွေကည်း အဖြေ ပေါ်အောင်လို့တော့ သူတို့စွမ်းဆောင်နေကြတယ်လို့ မြင်ပါတယ်။ အဲဒီတော့ သူတို့အဖြေရတဲ့အထိကို စောင့်ဆိုင်းရမယ်လို့ပဲ ကျွန်တော်ကတော့ နားလည်ပါတယ်။

မေး။   ။ နိုင်ငံတော်သမ္မတကရော ဒီစုံစမ်းစစ်ဆေးနေမှုအခြေအနေနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီ ရရှိလာတဲ့အချက်အလက်မှန်သမျှကို ပြည့်ပြည့်ဝဝ ရရှိနေပါသလား။

ဖြေ။    ။ ကျွန်တော်တို့ကတော့ ပြန်ကြားရေးဝန်ကြီးဌာနပေါ့။ နိုင်ငံတော်သမ္မတ အနေနဲ့ကတော့ ဒီစုံစမ်းစစ်ဆေးရေးသည် ဘယ်အတိုင်းအတာ ရောက်နေတယ်၊ ဘယ်လောက်သိရမလဲ ဆိုတာကတော့ သူသိချင်လို့ မေးမြန်းရင် သူသိနိုင်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

မေး။     ။ ခု ဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး ပြန်ကြားရေးဌာနကထုတ်ဝေတဲ့ Global New Light of Myanmar သတင်းစာမျက်နှာဖုံးမှာ ဦးကိုနီဓာတ်ပုံနဲ့ သတင်းကို ဇန်နဝါရီ ၃ဝ ရက် မနက်စောစောမှာ အင်တာနက်မှာ တွေ့ရတယ်။ တကယ် သတင်းစာထွက်လာတော့ ဒီသတင်းနဲ့ ဦးကိုနီဓာတ်ပုံဟာ အထဲရောက်သွားတယ်။ ဆိုတော့ ဘယ်လိုဖြစ်သွားပါသလဲ။ ဒါဟာ နိုင်ငံရေးအရ တွက်ဆပြီး ဆရာတို့သဘောနဲ့ဆရာတို့ လုပ်လိုက်တာလား၊ ဒါမှမဟုတ် သမ္မတရုံး၊ သို့တည်းမဟုတ် ပြည်ထဲရေးက ညွှန်ကြားတာလား၊ ဖိအား ပေးတာလား။

ဖြေ။  ။ အဲဒါတော့ ကျွန်တော်လည်း တိတိကျကျမသိဘူး။ သို့သော် စာမျက်နှာရှေ့ပိုင်းမှာ ဘယ်ပုံမျိုးကို တင်မယ်၊ ဘယ်သတင်းမျိုးကိုတင်မယ် ဆိုတဲ့ဟာတွေတော့ အယ်ဒီတာတွေ ယေဘုယျ မူဝါဒတော့ ရှိတယ်ဗျ။ ဒါပေမဲ့ အသေးစိတ်ကတော့ သက်ဆိုင်ရာအယ်ဒီတာအဖွဲ့တွေ လုပ်ကြတာပါပဲ။ ကျွန်တော်လည်း တခါတလေ သတင်းစာတွေကို ညဘက်ကြည့်တာ ရှိပါတယ်။ အဲဒီညကတော့ စီစစ်တာတွေ လုပ်ဖြစ်လား မလုပ်ဖြစ်လား ဆိုတာတော့ သေချာမမှတ်မိတော့ဘူး။

မေး။  ။ ဦးကိုနီ သတ်ခံရတာ အများထင်မြင်နေတဲ့နိုင်ငံရေးကြောင့်လား၊ ဒါမှမဟုတ် လူမျိုးရေး ဘာသာရေးကြောင့်လား၊ ဒါမှမဟုတ် ဒါသူ့ပုဂ္ဂလိကကိစ္စတစ်ခုကြောင့်လား။ တစ်ခုခုများ သိရပြီလား။

ဖြေ။    ။ ဒီအမူမျိုးကတော့ တော်တော်ရှုပ်ထွေးတဲ့အမူမျိုး ဖြစ်မှာပေါ့ဗျာ။ ကျွန်တော်တို့ မှန်းဆတာတွေကတော့ အမျိုးမျိုး အဖုံဖုံ လျှောက်ပြီးတော့ မှန်းဆလို့ရတာပေါ့။ မှန်းဆချက်တွေကတော့ ပြောဖို့ ခက်ပါတယ်။ ဦးကိုနီကို ဒီလိုလုပ်ချင်ရင် ဦးကိုနီသည် ရန်ကုန်မြို့ထဲ ဟိုအစည်းအဝေး၊ ဒီအစည်းအဝေး၊ အဖွဲ့အစည်းကိစ္စရော ပုဂ္ဂိုလ်ရေးအရလည်း ဒီလိုပဲ သွားလာလှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တမင်တကာ ကြံစည်ပြီးတော့ လူရှေ့သူရှေ့တောင်မှ လုပ်ရဲတဲသူတွေအတွက်တော့ ခက်ခဲစရာအကြောင်း မရှိဘူးပေါ့ဗျာ။ အဲဒါကို ဒီလိုလေဆိပ်လိုနေရာမျိုးမှာ လုပ်တာကတော့ ဒီလုပ်ကြံမူကို ပေါ်လွင်စေချင်တဲ့သဘော ရှိတာပေါ့ဗျာ။ လူတွေကို တုန်လှုပ်ချောက်ချား စေချင်တဲ့စိတ်၊ မလုံခြုံတဲ့စိတ် ဒီလိုမျိုးဖြစ်စေချင်တာပေါ့။ ထင်ထင်ရှားရှား လုပ်တယ် ဆိုတော့ မတည်ငြိမ်မူတွေဖြစ်အောင်လုပ်တယ် ဆိုတဲ့ ကောက်ချက်မျိုးတော့ ချလို့ရနိုင်တယ်။ ဒီအပြင် အများကြီး စဉ်းစားပြီးတော့ စဉ်းစားမှု တစ်ခုတည်းနဲ့တင် ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာ ကောက်ချက်ချဖို့တော့ မလွယ်ဘူး ထင်တယ်။

မေး။   ။ ဒီအမှုမှာ ပါဝင်သူတွေအားလုံး တရားဥပဒေရှေ့မှောက်ကို ခေါ်ဆောင် အပြစ်ပေးနိုင်မယ်လို့ ဆရာယုံကြည်ပါသလား။

ဖြေ။   ။ အားလုံးလို့ပြောတာတော့ ခက်တာပေါ့။ ဥပမာပြောရရင် ကြီးကျယ်သွားမလားလို့တော့ မပြောတတ်ဘူး ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတယ်၊ ဂဠုန်ဦးစောရဲ့ တပည့်တွေက ကိုယ်ထိလက်ရောက်သွားလုပ်တယ်။ ဂဠုန်ဦးစောက ခိုင်းစေတယ်လို့ ဆိုတယ်။ ပြီးတော့ သူတို့ကို အပြစ်ပေးလိုက်တယ်ပေါ့နော်။ သို့သော် အခုကာလအထိကို ဂဠုန်ဦးစောတင် မဟုတ်ဘူး၊ ဘယ်သူတွေက ဘာတွေဘာတွေ စသဖြင့် သီအိုရီတွေက ရှိတယ်။ ဒီလိုအမူအခင်းမျိုးတွေမှာတော့ ဟိုဟာဟိုလို ဖြစ်နိုင်တယ်၊ ဒီဟာဒီလိုဖြစ်နိုင်တယ် ဆိုတာတွေကတော့ ရှိနိုင်တာပေါ့။ ဆိုလိုချင်တာက ဂဠုန်ဦးစောလည်း မိပြီ၊ သူ့တပည့်တွေလည်း မိပြီဆိုတော့ သာမန်အားဖြင့် ကွင်းဆက်ကတော့ ပျက်သွားပြီလို့ ထင်တယ်။ အခုကတော့ ဒီဟာကို အလေးအနက်ထားပြီး စုံစမ်းထောက်လှမ်းနေတယ်လို့တော့ ကျွန်တော်တို့ကတော့ နားလည်တယ်။ လောလောဆယ် လက်ငင်း လုပ်ကြံတဲ့လူတွေလည်း မိထားပြီ၊ နောက်ကွယ်က ခိုင်းစေတဲ့သူတစ်ယောက်ကိုလည်း မိထားပြီ။ စောစောကပြောတဲ့ အတိုင်းအတာမျိုးကတော့ ကျွန်တော်ကတော့ အချိန်တန်ရင်မိမယ်လို့ ထင်တယ်။  ။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading