သတင်း

ထောင်တွင်းခွဲခြားဖိနှိပ်မှုအကြောင်း လွတ်မြောက်လာသူများ ဖွင့်ဟ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့ ထောင်ထဲရောက်သွားလျှင် ရာဇဝတ်သားများထက်ပိုပြီး ခွဲခြားဖိနှိပ်မှုများနှင့် ရင်ဆိုင်ရသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသူများက Myanmar Now ကို ထုတ်ဖော်ပြောကြားသည်။

တက်ကြွလှုပ်ရှားသူများ၊ တက္ကသိုလ်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များကို စစ်ကောင်စီက ဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထိန်းသိမ်းထားသည်။ 

ဇွန် ၃၀ တွင် ရာပေါင်းများစွာကို စစ်ကောင်စီက ပြန်လွှတ်ပေးစဉ် လွတ်မြောက်လာသူတချို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့က ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်ရှိ နာမည်ကျော် အင်းစိန်အကျဉ်းထောင်တွင် လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အကျဉ်းကျခံနေရသူ ဒေါ်နန္ဒမာလာမှာ တခြားသော အကျဉ်းသားများ၏ အခြေအနေနှင့် မတူဘဲ ခမ်းနားစွာ နေထိုင်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု   လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

ဒေါ်နန္ဒမာလာသည် ၈ ပေ ၁၂ ပေ ကျယ်သည့် အခန်းတွင် ခုတင်၊ မွေ့ရာ၊ လေအေးပေးစက်၊ တီဗီ၊ ရေဒီယို စသည့် ပစ္စည်းများစုံလင်စွာဖြင့် နေထိုင်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ၎င်းက ပြောသည်။ 

“သူက ဘယ်သူ့မှ မကြောက်ဘူးလေ။ လုံးဝ ဗိုလ်ကျအနိုင်ကျင့်နေတာပေါ့ အဲ့ဒီမှာ” ဟု ၎င်းက ပြောသည်။

ဒေါ်နန္ဒမာလာသည် လူပုဂ္ဂိုလ် ၅၀ ထံမှ ကျပ် သိန်းကိုးသောင်းကျော်ကို လိမ်လည်မှုဖြင့် ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရသူဖြစ်သည်။

ဒေါ်နန္ဒမာလာကဲ့သို့ ပြစ်ဒဏ်ကျအကျဉ်းသားများမှာ ဆေးကုသခွင့်၊ ပိုမိုသက်တောင့်သက်သာရှိစွာ နေထိုင်ခွင့်ရကြသော်လည်း နိုင်ငံရေးအကျဉ်းသားများမှာ ထောင်အာဏာပိုင်များ၏ ဆိုးရွားသည့် ဖိနှိပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ရန်ကုန်မှ အမည်မဖော်လိုသူ အမျိုးသမီးက ပြောသည်။ 

ဆေးဝါးကုသခွင့်၊ အစားအသောက်တင်သွင်းခွင့်မရရှိသည့် အကျဉ်းထောင်တွင် ကျန်ခဲ့သည့် ၎င်း၏ မိတ်ဆွေများအတွက် စိုးရိမ်ပူပန်မိသည်ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ပရဟိတလုပ်ဆောင်မှုများကြောင့် ထင်ရှားသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် စစ်အာဏာသိမ်းသည့်နေ့တွင်ပင် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင် တရားရင်ဆိုင်နေရသည်။ 

စစ်ကြောရေးတွင် တစ်လကျော်ကြာနေထိုင်ခဲ့ရသူ ဒေါ်သန်းမြင့်အောင်သည် ဘယ်ဘက်မျက်စိ တိမ်စွဲနေပြီး ညာဘက်နားမှာ အကြားအာရုံချို့တဲ့နေကြောင်း သမီးဖြစ်သူက BBC သတင်းဌာနကို ဇွန် ၃၀ က ဖြေကြားထားသည်။

ရောဂါဝေဒနာခံစားနေရသူ ၎င်း၏ မိခင်ကို ဆေးကုသလိုသည့်အတွက် ထောင်အာဏာပိုင်များထံသို့ မေတ္တာရပ်ခံစာပို့ထားသည်မှာ ရက်သတ္တပတ် ၂ ပတ်ကြာမြင့်ပြီဖြစ်သော်လည်း အကြောင်းမပြန်သေးကြောင်း ၎င်းက ပြောသည်။

အင်းစိန်ထောင်အခြေအနေနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို ထိုဌာနကလည်း ထောင်တွင်းအခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိပေ။ 

စစ်ကောင်စီကို ဆန့်ကျင်သူများအပေါ် ထောင်တွင်းဖိနှိပ်မှုသည် တခြားထောင်များတွင်လည်း ဖြစ်ပေါ်နေသည်။ 

NLD ၏ အထက်မြန်မာပြည်ခေါင်းဆောင်တစ်ဦးဖြစ်သော၊ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသော ဒေါ်ဝင်းမြမြအပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ကို တိုက်ပိတ်ဒဏ်ခတ်ထားသည်ဟု ဇွန် ၃၀ တွင် အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်လာသူတစ်ဦးက ပြောသည်။ 

“ကျွန်မတို့ ၅၀၅ တွေကိုတော့ အရမ်းဖိထားပြီး အပြစ်သားတွေကို လွတ်လပ်စွာထားတယ်။ ပစ္စည်းတွေလည်း အကုန်ယူလို့ရတယ်။ ကျွန်မတို့ထက်စာရင် အများကြီးသာတယ်။ သူတို့ကတော့ အပေါ်ထပ်မှာ သွားချင်တိုင်း သွားလို့ရတယ်။ ကျွန်မတို့ကိုတော့ သော့ခတ်ထားတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသမီးက ပြောသည်။ 

“အပြစ်ရှိတဲ့သူတွေကျတော့ သူတို့ဆီမှာ လွတ်လပ်ခံစားခွင့်ရပြီး ကျမတို့ ဒီလိုကျလာတဲ့သူတွေကျတော့ အရမ်းကိုပေါ့နော်၊ တင်းကျပ်မှုတွေနဲ့ ကြုံခဲ့ရပါတယ်” 

၎င်းမြင်တွေ့ခဲ့ရသည့် ပြစ်ဒဏ်ကျအကျဉ်းသူအများစုမှာ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများဖြစ်ပြီး နိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအခြေအနေကို စိတ်ပျက်မိသည်ဟု သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများတွင် သက်ကြီးရွယ်အိုများ၊ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံထားရသူများ ဆေးဝါးကုသမှုမရသေးကြောင်း၊ ပြစ်ဒဏ်ကျအကျဉ်းသားများရရှိသည့် အခွင့်အရေးများပင် မပေးဘဲ ထောင်အာဏာပိုင်များက ဖိနှိပ်ထားကြောင်း သူက ဆက်ပြောသည်။

သူ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး အိုးဘိုအကျဉ်းထောင်ကို Myanmar Now က မေးမြန်းရန်အတွက် ဆက်သွယ်ခဲ့သည်။ သို့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။ 

စစ်အာဏာသိမ်းမှုကန့်ကွက်သူတို့ကို ပစ်ခတ်ဖမ်းဆီးမှုကြောင့် ၈၈၅ ဦး အနည်းဆုံးသေဆုံးခဲ့ပြီး ဆက်လက်ထိန်းသိမ်းခံထားရသူ ၅၁၉၅ ဦး အထိရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁ ၌ ထုတ်ပြန်ထားသည်။

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အကျဉ်းချခံထားရသူ သတင်းထောက်အများအပြားရှိရာ ဇွန် ၃၀ တွင် ၁၄ ဦး လွတ်မြောက်ခဲ့သည်။ 

NLD နှင့် ဆက်စပ်ဆိုင်သူများ၊ ကျောင်းသားသမဂ္ဂများတွင် ပါဝင်သူတို့သည် လွတ်မြောက်ရေးနှင့် လတ်တလော အလှမ်း‌‌ဝေးနေသည်။

ကျောင်းသားသမဂ္ဂများမှ ရာနှင့်ချီသည့် အဖွဲ့ဝင်များအနက်မှ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပညာရေးတာဝန်ခံ ကိုဘုန်းထက်နောင်တစ်ဦးသာ ဇွန် ၃၀ က ပြန်လည်လွတ်မြောက်ခဲ့သည်။ 

Show More

Related Articles

Back to top button