သတင်း

အခြေခံဥပဒေပြင်လိုသူတွေကို မဘသ သတိပေး

ရန်ကုန် – ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်လိုသူတွေကို သတိထားကြပါလို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ အထင်ကရ ခေါင်းဆောင်တွေက ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

လုပ်ကြံခံရသူ ထင်ရှားတဲ့ အစ္စလာမ်ဘာသာဝင် ရှေ့နေ ဦးကိုနီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သူ တစ်ယောက် ဖြစ်ပြီး ဒီအခြေခံဥပဒေအရ လွှတ်တော်အသီးသီးရဲ့ နေရာ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားအမတ်တွေက ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ ရနေတာပါ။

မဘသ ခေါင်းဆောင် ဆရာတော် တစ်ပါး ဖြစ်တဲ့ ဦးဝီရသူက တခြားနိုင်ငံတွေရဲ့ လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မလိုအပ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လိုအပ်တယ်၊ အခြေခံဥပဒေဟာ တစ်မျိုးသားလုံးရဲ့ လုံခြုံရေးအတွက် အရေးကြီးတာကြောင့် လွှတ်တော်အတွင်းက တပ်မတော်သားကိုယ်စားလှယ် မရှိစေချင်သူ၊ အခြေခံဥပဒေကို ပယ်ဖျက်ချင်သူတွေ သတိထားကြပါလို့ သူက ရေးသားလိုက်ပါတယ်။

ဒါ့အပြင် ဦးဝီရသူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ကြသူတွေကို ကျေးဇူးစကား ဆိုပါတယ်။

“ဒီပွဲမှာတော့ အနာဂတ် မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်” လို့ မန္တလေးမြို့က ဦးဝီရသူက သူ့ရဲ့ အင်တာနက် လူမှု ကွန်ရက်စာ မျက်နှာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရေးသားလိုက်ပါတယ်။

ဦးကြည်လင်းက ရန်ကုန်လေဆိပ် သေနတ်သမား၊ ဦးအောင်ဝင်းဇော်က စီစဉ်သူဖြစ်ပြီး၊ ငွေကြေး ထုတ်ပေးသူက ဦး ဇေယျာဖြိုးတို့ဖြစ်တယ်၊ သူတို့ကို ဖမ်းဆီးပြီး လူသတ်မှုနဲ့ အရေးယူထားတယ်လို့ ပြည်ထဲရေးဌာနက ဖေဖော်ဝါရီ ၂၄ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပြီး ဦးဝီရသူကတော့ “သူတို့မိသားစုတွေကို စာနာမိတယ်” လို့ ဆိုပါတယ်။

လုပ်ကြံမှုမှာ ပါဝင်တဲ့ လေဆိပ်သေနတ်သမား၊ တပ်မတော်အရာရှိဟောင်းတွေနဲ့ ဘာအဆက်အသွယ်မှ မရှိကြောင်း၊ အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချပြီး အကြမ်းဖက်ခံရသူ တိုင်းကိုလည်း စာနာမိကြောင်း ဦးဝီရသူက ရေးပါတယ်။

ဦးဝီရသူဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ အစ္စလာမ်ဘာသာရဲ့ လွှမ်းမိုးမှုအန္တရာယ် ကျရောက်နေကြောင်းကို တက်တက်ကြွကြွလှုံ့ဆော်လေ့ရှိပြီး သူ့ရဲ့ တရားပွဲများမှာလည်း ဒီအကြောင်းတွေကို အမြဲတမ်း ဟောပြောလေ့ ရှိပါတယ်။

မဘသအတွင်းရေးမှူး မှတ်ချက်

Facebook ရေးသားချက်နဲ့ ပတ်သက်ပြီး ဦးဝီရသူကို Myanmar Now က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

မဘသ ဗဟိုအဖွဲ့ အတွင်းရေးမှူးကတော့ ဦးဝီရသူရဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရေးသားချက်ဟာ ရေးသားသူရဲ့ ပုဂ္ဂလိက အာဘော်သာဖြစ်တယ်၊ ဦးကိုနီအသတ်ခံရ စဉ်က အဖွဲ့အနေနဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန် ကြေညာပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော်လည်း ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်လို့ မဘသ အတွင်းရေးမှူး၊ မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိက ယူဆပါတယ်။

“ဦးကိုနီက မွတ်စလင်တွေ နေရာရအောင် တိုင်းပြည်ရဲ့ခြံစည်းရိုးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခုချင်း ဖယ်ရှားနေတယ်၊ အခုချိန်မှာက တိုင်းပြည်ရဲ့အခြေအနေက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ မလိုသေးဘူး၊ ရလည်း မရသေးဘူး၊ ဒါကို ပြင်မယ်လို့ပြောနေရင် အမုန်းပွားနေဦးမှာပဲ” လို့ ဆရာတော်က ဆိုပါတယ်။ မဘသ

“တပ်မတော်က ဒီဟာကို ကာကွယ်စောင့် ရှောက်ရမယ့်တာဝန် ရှိတယ်၊ ပြင်ချင်ရင် တပ်နဲ့ပေါင်းပေါ့၊ ဦးကိုနီက ဒီခြံစည်းရိုးကို တစ်ချောင်းချင်းဖြုတ်နေတာ၊ ဒါ တစ်နေ့ ချောက်ကျမှာပဲ။ ပြောလို့မှ မရရင် အမျိုးချစ်တဲ့ လူတွေရော၊ ဘုန်းကြီးတွေရော လက်မခံဘူး၊ တပ်ဘက်က အတွင်းကျကျ သိထားတာတစ်ခုက အခုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို တပ်ဘက်က စောင့်ကြည့်နေတယ်”

အခြားတစ်ဖက်မှ အသံများ

ကိုယ်တိုင်ကျူးလွန်သတ်ဖြတ်တာမဟုတ်ပေမဲ့ သံဃာတော်တစ်ပါးအနေနဲ့ ရန်ကုန်လေဆိပ် လူသတ်သမားတွေကို အားပေးအားမြှောက်ပြုတာ၊ ချီးမွမ်းတာ၊ ထောက်ခံတာဟာ ရဟန်းရဲ့ဝိနည်းတော်အရ တတိယပါရာဇိက ကျခြင်းဖြစ်တယ်၊ ရဟုန်းဘဝ ပြီးဆုံးသွားပြီး သာမန်လူတစ်ယောက်အဖြစ်သာ မှတ်ယူရမယ်လို့ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်သူ မန္တလေးမှ ဦးစိန္တိတက မှတ်ချက်ပေးပါတယ်။

“အဲ့ဒီလိုလုပ်တာဟာ ရဟန်းဘဝ ပြန်မရတော့ဘူး၊ ရဟန်းမဟုတ်တော့ဘူး၊ ဒါကို တာဝန်ရှိတဲ့ သံဃအဖွဲ့အစည်းတွေ သိရမယ်၊ သိချိန်မှာလည်း သာသနာတော်ပြင်ပကို ထုတ်ရမှာ၊ အခုက ဦးဝီရသူကိုယ်တိုင်က သူလုပ်တာဟာ ဝိနည်းနဲ့မညီတာကို မခံယူလို့လား၊ သက်ဆိုင်တဲ့အဖွဲ့တွေကပဲ ဒီအတိုင်း ကြည့်နေတာလားတော့ တွေးစရာဖြစ်တယ်” လို့ ဦးစိန္တိတက ဆိုပါတယ်။

လူသတ်မှုကျူးလွန်ကြသူတွေကို ကျေးဇူးတင်ကြောင်း အများသိထုတ်ဖော်ခြင်းဟာ ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုတဲ့သဘော သက်ရောက်ပေမယ့် ဥပဒေအရ အရေးယူနိုင်တဲ့အထိတော့ ပြစ်မှုမမြောက်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတချို့က မှတ်ချက်ပြုပါတယ်။

“အမှုဖြစ်စဉ် မဖြစ်ခင်မှာ သူ့အနေနဲ့ ဒီလိုရေးသားခဲ့မယ်ဆိုရင်တော့ ဥပဒေအရ အားပေးအားမြှောက်လုပ်တာ ဆိုပြီး သူ့ကိုအရေးယူလို့ရတယ်၊ အခုက ဖြစ်စဉ်ကြီး ဖြစ်ပျက်ပြီးမှ သူက သူ့စိတ်ခံစားချက်ကို လူမှုကွန်ရက်မှာ ရေးတာ ဖြစ်တဲ့အတွက် သူ့ကို အမှုဖွင့်အရေးယူလို့ကတော့ မရဘူး” လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

မဘသအဖွဲ့ရဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်ကလည်း ဦးဝီရသူရဲ့ ရေးသားချက်ဟာ ပုဂ္ဂိုလ်ရေး ခံစားချက်သာဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် နေ့ကပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဦးကိုနီသတ်ခံရမှုဟာ ပုဂ္ဂိုလ်ရေးမုန်းတီးတာကြောင့်ဖြစ်ပြီး၊ လူအချင်းချင်း အမုန်းပွားစေတဲ့ စကားတွေ ရပ်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဦးကိုနီသတ်ဖြတ်ခံမှုနဲ့ ပတ်သက်ပြီး အမုန်းပွားစေတဲ့စကားများ Facebook ကွန်ရက်မှာ ပျံ.နှံ့နေတာကိုတော့ အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း မပြုတာ တွေ့ရှိရပါတယ်။

Show More

Related Articles

Back to top button