သတင်း

ရေစကြိုမှ ဒလန်ဟုသတင်းကြီးသူ အသတ်ခံရပြီး ဒေသခံရာချီထွက်ပြေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်ပန်းရွာတွင် ဒလန်ဟု နာမည်ထွက်နေသူတစ်ဦး ယမန်နေ့ (ဇွန် ၂၇) ညပိုင်း၌ အသတ်ခံရပြီးနောက် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ယမန်နေ့ (ဇွန် ၂၇)၊ ည ၈နာရီဝန်းကျင်၌ အောင်ပန်းရွာမြောက်ဘက်တွင် အသက် ၅၀ ဝန်းကျင် ဦးညွှန့်တင်ဆိုသူမှာ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသောကြောင့် အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

“စစ်တပ်လာမှာ ကြောက်လို့ အကုန်ရှောင်နေကြတယ်။ အခု ရွာမှာ တစ်ယောက်မှ မရှိတော့ဘူး။ သူ့ (ဦးညွှန့်တင်) မိန်းမနှစ်ယောက်နဲ့ သားသမီးတွေပဲ ရှိတော့တယ်”ဟု အမည်မဖော်လိုသည့် ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။

အသတ်ခံလိုက်ရသည့် ဦးညွှန့်တင်မှာ တစ်ရွာတည်းတွင် အမျိုးသမီးနှစ်ဦးအား ပေါင်းသင်းနေထိုင်သူဖြစ်ပြီး စစ်ကောင်စီ၏ သတင်းပေး (ဒလန်) ဟု နာမည်ထွက်နေကာ စစ်တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။  

ယမန်နေ့က ရွာမြောက်ဘက်တွင် သေနတ်သံ ၅ ချက်ထွက်ပေါ်လာပြီး ဦးညွှန့်တင် အသတ်ခံလိုက်ရသည်ကို ကြားသိရပြီး မည်သူမျှသွားမကြည့်ရဲကြသော်လည်း နာရီပိုင်းအကြာတွင် စစ်ကားများရောက်လာသည်ဟု အောင်ပန်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လာကြပါဦးအော်သံတော့ ကြားရတယ်။ ရွာထဲကလူတွေက ဘယ်သူမှ သွားမကြည့်ရဲဘူး။ ညတွင်းချင်းပဲ အဆင်ပြေတဲ့နေရာကို ပြေးကြတယ်။ ဆန္ဒပြပွဲတွေလုပ်ရင် သတင်းပေးတာတွေလုပ်တယ်။ သူက လိုက်ကြည့်ပြီး သတင်းပေးတာ။ ရွာကလူတွေကတော့ ကိုယ့်ရွာသားလည်းဖြစ်နေတော့ မပြောရဲကြဘူး”ဟု ၎င်းက ဆိုသည်။

သစ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးညွှန့်တင်သည် စစ်ကောင်စီအဖွဲ့ဝင်များအား ခေါ်၍ အရက်တိုက်၊ ပိုက်ဆံပေးလေ့ရှိသူဖြစ်ပြီး ရွာတွင် ဆန္ဒပြပွဲများမပြုလုပ်ရန် မကြာခဏလာရောက်တားမြစ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ ဒလန်ဟု နာမည်ထွက်နေသူများ အသတ်ခံရပါက စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းဖြင့် အခင်းဖြစ်နေရာသို့ ရောက်လာတတ်ပြီး ပိတ်ဆို့စစ်ဆေးကာ ရပ်ရွာအတွင်း ပစ်ခတ်လေ့ရှိသည်။ 

ဦးညွှန့်တင်၏ ရုပ်အလောင်းကို ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

ဦးညွှန့်တင်သေဆုံးမှုနှင့် ပတ်သက်၍ ပျူစောထီးအဖွဲ့ဝင်ဒလန်တစ်ဦးကို အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် သုတ်သင်ရှင်းလင်းခဲ့သည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေစကြို PDF) က ယနေ့ (ဇွန် ၂၈) တွင် ထုတ်ပြန်ကြေညာထားသည်။

ဦးညွှန့်တင်သည် ၎င်းက ပျူစောထီးအဖွဲ့ဝင်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်သူများကို အချိန်မရွေးဒုက္ခပေးနိုင်သည်ဟု ခြိမ်းခြောက်လေ့ရှိကြောင်း၊ မေလအတွင်း စစ်သားများကို ပိုက်ဆံပေးခေါ်၍ ညသပိတ်ဆင်နွှဲသည့် အိမ်တစ်လုံးကို  ဝင်ရောက်စီးနင်းခိုင်းပြီး ပိုက်ဆံ ၅ သိန်း၊ လက်တော့ကွန်ပျူတာနှင့် ဆိုင်ကယ်များကို ယူဆောင်သွားကြောင်း ဒေသခံ PDF နှင့် နီးစပ်သူ ရေစကြိုမြို့ခံက ဆိုသည်။

ရွာသားများကို မခြိမ်းခြောက်ရန် PDF က ၃ ကြိမ်သတိပေးခဲ့သော်လည်း ဦးညွှန့်တင်က မလိုက်နာခဲ့ကြောင်း ၎င်းက ဆိုသည်။

“ရွာကလည်း ကြောက်နေရတာ။ သူကလည်း ပျူစောထီးဆိုပြီး ရွာကို ခြောက်နေတာ။ အစကတော့ PDF က သတိပေးတယ်လို့ သိရတယ်။ ရွာသားတွေကို မခြိမ်းခြောက်ဖို့ သတိပေးတယ်လို့ ပြောတယ်။ ဆက်လုပ်နေတော့ မတတ်သာလို့ သူတို့ ရှင်းလိုက်ရတဲ့သဘောလို့ သိရတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဦးညွှန့်တင်အသတ်ခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်း၊ စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို ဆက်သွယ်မေးမြန်း၍ မရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်နှင့် အဆင်ပြေသူများ၊ စစ်ကောင်စီကို သတင်းပေးနေသူ (ဒလန်) များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီကို ထောက်ခံသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ မကြာခဏဆိုသလို လုပ်ကြံသတ်ဖြတ်ခံနေရသည်။

စစ်ကောင်စီကလည်း ဒေသတချို့တွင် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများကို အကြမ်းဖက်သမားများက သေနတ်၊ တုတ်၊ ဓားများဖြင့် လုပ်ကြံသတ်ဖြတ်မှုများရှိနေကြောင်း ထုတ်ပြန်ထားပြီး ပြီးခဲ့သည့် ဇွန် ၂၁ ကလည်း သတင်းပေး(ဒလန်) ဆိုသော မိသားစုအသတ်ခံရမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ ရပ်ကွက်နေပြည်သူ ၁၆ ဦးကို စစ်ကောင်စီက သေဒဏ်ချခဲ့ခြင်းဖြင့် တုံ့ပြန်ဆောင်ရွက်နေသည်။ 

Show More

Related Articles

Back to top button