သတင်း

သွေးထွက်လွန်ပြီးသေဆုံးသူကို ကိုဗစ်အကြောင်းပြ၍ ချက်ချင်းသင်္ဂြိုဟ်ခိုင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပစ်ခတ်ဖမ်းဆီးခံရပြီး သွေးထွက်လွန်သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို ကိုဗစ်နိုင်တင်းပိုးတွေ့သည်ဆိုကာ စစ်ကောင်စီက နေ့ချင်းဖိအားပေးသင်္ဂြိုဟ်ခိုင်းခဲ့သည်။ 

အသက် ၁၉ နှစ်အရွယ် မိုင်နွမ်ဇာထျန်းမှာ ဇွန် ၂၃ ရက် ည ၉ နာရီခန့်က ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် အမျိုးသားတစ်ဦးနှင့် ဆိုင်ကယ်စီးနင်းလာစဉ် ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကာ မိုင်နွမ်ဇာထျန်းမှာ ပေါင်တွင်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ 

“သူတို့ရဲ့ ဆေးစာမှာ သွေးထွက်လွန်လို့ သေတယ်လို့တော့ရေးတယ်။ ဒါပေမယ့် ကိုဗစ်ပေါ့စတစ်ဖြစ်နေတယ်ဆိုပြီး အလောင်းကို အသေပိတ်ပြီး ကျွန်တော့်ကို ပြန်ပေးပါတယ်”ဟု သေဆုံးသူ၏ ဆွေမျိုးတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသူ မိုင်နွမ်ဇာထျန်းသေဆုံးသွားကြောင်းကို မိသားစုက ကလေးမြို့ စစ်ဆေးရုံကို သွားရောက်စုံစမ်းစဉ် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းမှသာ သိရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။

အခင်းဖြစ်သည့် ည ၁၀ နာရီဝန်းကျင်တွင် မိုင်နွမ်ဇာထျန်း ဆေးရုံသို့ ရောက်လာပြီး တစ်နာရီနီးပါးအကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးရုံကပြောကြောင်းလည်း ၎င်းထံမှ သိရသည်။

မိုင်နွမ်ဇာထျန်းသည် ဖလမ်းမြို့နယ် ၊ ဇောနူးလ်ရွာမှ ကလေးမြို့သို့ ဆွေမျိုးတော်စပ်သူ ဆလိုင်းငွန်နိုင်ပန်၏ ဆိုင်ကယ်ဖြင့် လမ်းကြုံလိုက်လာခဲ့ခြင်းဖြစ်ပြီး နေအိမ်မှ ထွက်လာစဉ်က နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းမရှိ၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း အထက်ပါဆွေမျိုးကပင် ပြောသည်။

“သူတို့ တစ်ခုခုများ ဖုံးကွယ်ချင်လို့ အချက်အလက်ကောင်းတစ်ခု နာမည်တပ်လိုက်တဲ့သဘောပါ။ …. သူတို့ပေးတဲ့စာရယ်၊ သူတို့ပေးတဲ့အလောင်းရယ်တွေ့တော့ သူတို့ပြောတာပဲ ယုံရတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ရုပ်အလောင်းကို စစ်ဆေးရုံမှတစ်ဆင့် တာဟန်းစုပေါင်းသုသာန်သို့ သယ်ဆောင်သွားပြီး မိသားစုက ချက်ချင်းသင်္ဂြိုဟ်ခဲ့ရသည်။ မိုင်နွမ်ဇာထျန်းသည် ဆယ်တန်းအောင်မြင်ထားပြီး တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေဆဲကာလတွင် စစ်ကောင်စီလက်ချက်ဖြင့် ကွယ်လွန်ခဲ့ရသူဖြစ်သည်။ 

မိုင်နွမ်ဇာထျန်းစီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်ကိုမောင်းနှင်သူ အသက်၂၄ နှစ်အရွယ် ဆလိုင်းငွန်နိုင်ပန်မှာမူ စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့ပြင် ယာဉ်မောင်းသင်တန်းကျောင်းအနီးရှိ ချောင်ကျသည့် လမ်းကြားတစ်ခုတွင် စစ်ကောင်စီတပ်က ဆလိုင်းငွန်နိုင်ပန်ကို စွန့်ပစ်ထားခဲ့ပြီး နောက်တစ်နေ့(ဇွန်၂၄) မနက်တွင်မှ မိသားစုက ရှာဖွေတွေ့ရှိခဲ့သည်။

“ပစ်သတ်တဲ့နေရာကနေ ကတ္တရာလမ်းပေါ်ကနေ ဆွဲချတာ။ ဆွဲတာသွေးတွေချည်းပဲ ကတ္တရာလမ်းပေါ်မှာ။ … ဟိုဘက်ချောင်ဖက်ရှိတဲ့နေရာကို ဆွဲသွားတာ။ ကျားဆွဲသလို ဆွဲသွားပြီးတော့ ချောင်နားမှာ ချထားတာ” ဟု အထက်ပါပုဂ္ဂိုလ်ကပင် ပြောပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့လက်ချက်ဖြင့် သေဆုံးသွားသူတို့ကို အလောင်းဖျောက်ခြင်း၊ ဖမ်းဆီးသွားပြီးနောက် သေဆုံးရသူတို့ကို ကိုဗစ်ဟုအကြောင်းပြမှုများ ရှိနှင့်ပြီးဖြစ်သည်။

စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ ကလေးမြို့သည် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပထမဆုံးခုခံတော်လှန်သည့် မြို့ဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအပေါ် ပစ်ခတ်ဖြိုခွင်းသည့် စစ်ကောင်စီတပ်ဖွဲ့များကို အာခံရာတွင် အဆိုပါမြို့ရှိ တာဟန်းခံတပ်မှာ ထင်ရှားသည်။

Show More

Related Articles

Back to top button