ရေအကုန်အကျသက်သာစေတဲ့ အိမ်နောက်ဖေးက စျေးဆိုင်

ဓာတ်ပုံ - ထက်ခေါင်လင်း / Myanmar Now
ဓာတ်ပုံ - ထက်ခေါင်လင်း / Myanmar Now

မြင်းခြံ၊ တောင်သာ - မိုးနည်းရေရှားရပ်ဝန်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်က တောင်သူ တစ်ယောက်ဖြစ်တဲ့ ကိုမောင်နိုင်က သူ့ရွာမှာ စိုက်ပျိုးလို့မရတဲ့ ဟင်းသီးဟင်းရွက် ဝယ်ယူ စားသုံးဖို့အတွက် ဆိုရင် စျေးရှိတဲ့ အိမ်နီးချင်းရွာဘက်ကို သွားခဲ့ရပါတယ်။ ဒါမှမဟုတ် ဆိုင်ကယ်နဲ့ လှည့်လည်ရောင်းချတဲ့ စျေးသည် သူတို့ ရွှေဘုံသာရွာကို ရောက်လာချိန်အထိ စောင့်ခဲ့ရပါတယ်။

အခုတော့ အဲဒီလိုလုပ်စရာ မလိုတော့ပါဘူး။ အကူအညီပေးရေးအဖွဲ့တစ်ခုကနေ ရတဲ့ နည်းလမ်းကို သုံးပြီး ပေ ၁ဝဝ ပတ်လည်ဝန်းကျင်ရှိတဲ့ သူ့အိမ်ဝိုင်းထဲက ရေသန့်ဘူးအခြေပြုစိုက်ခင်းထဲမှာ ကန်စွန်းရွက်၊ ပူဒီနာ၊ ဆလပ််ရွက်၊ နံနံပင် အပါအဝင် ဟင်းရွက်မျိုးစုံကို စိုက်ထားပါပြီ။

“အိမ်နောက်ဖေးမှာ စျေးဆိုင်တည်ပါ ဆိုတဲ့ စကားပုံအတိုင်း ကျွန်တော်တို့ လုပ်လာနိုင်ပြီ”လို့ ကိုမောင်နိုင်က သူ့အပင်တွေကို ကြည့်ရင်း ပြောလိုက်ပါတယ်။

“ရောင်းတန်း ဟင်းသီးဟင်းရွက်တွေက ဓာတ်မြေသြဇာတွေနဲ့ စိုက်ထားချင် ထားမှာပေါ့။ အခုလို ကျွန်တော်တို့ဘာသာ စိုက်ရတော့ ဘာဓာတ်မြေသြဇာမှ မပါသလို လတ်လည်း လတ်ဆတ်တယ်”

ကိုမောင်နိုင်တို့ ကျေးရွာမှာ အသုံးပြုနေတဲ့ စနစ်က ရေစက်ချစိုက်ပျိုးရေးနည်းစနစ်ပါ။ ဒါက ရေအနည်းငယ်သာ လိုအပ်တဲ့ မိုးခေါင်ရေရှားဒေသမှာ နေထိုင်တဲ့ သူတို့အတွက် အလွန် အဆင်ပြေနေပါပြီ။ ကိုယ့်အိမ်ဝန်းကျင်မှာ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်ကိုပဲ စားသုံးတဲ့အတွက် အိမ်ရဲ့ ကုန်ကျစရိတ် အင်မတန် သက်သာလာပါပြီ။ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ရာကနေ စီးပွားဖြစ်လုပ်ကိုင်ဖို့အတွက်ပဲ နည်းလမ်းတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ရေအစက်ချစိုက်နည်းစနစ်

ကိုမောင်နိုင်ခြံထဲက ရေစက်ချစိုက်နည်းအတွက် ဖင်ဖောက်ပြီး အတန်းလိုက် ဆက်ထားတဲ့ ရေသန့် ပုလင်းခွံတန်းကို စင်ထိုးပါတယ်။ ပုလင်းဘေးမှာ အပေါက်ဖောက်ထားတာကတော့ မြေဆွေးထည့်ပြီး အပင် စိုက်နိုင်ဖို့ အတွက်ပါ။

မြေဆွေး၊ မီးကျွမ်းရုံတင်လေး ရှို့ထားတဲ့ စပါးခွံတို့ကို ရောစပ်အသုံးပြုတာကြောင့် ရေစိမ့်လွယ်ပါတယ်။ ပုလင်းတွေထဲ ရေဝပ်မနေစေဖို့လည်း စိုက်ခင်းစင်ကို တစ်ဘက်စောင်းထားပါတယ်။

လူတစ်ရပ်ခန့်အမြင့်ရှိတဲ့စင်ပေါ်မှာတော့ ရေတိုင်ကီအသေးလေး တွေ့ရပါတယ်။ တိုင်ကီနဲ့ စိုက်ခင်းစင်ကို ဆက်သွယ်ထားတဲ့ ပိုက်လိုင်းတစ်လျှောက် ဖောက်ထားတဲ့အပေါက်တွေကနေ ရေစက်ကျတဲ့အတွက် အပင်တွေ ရေရှိပါတယ်။

ပုလင်းခွံအသီးသီးကနေ ရေပိုလျှံလို့ စိမ့်ထွက်ကျလာတာကို စိုက်ခင်း အောက်ခြေမှာ ပုံးခံပြီး ပြန်စုထားပါတယ်။ ဒီရေကိုပဲ စင်ပေါ်ကတိုင်ကီထဲ ပြန်ဖြည့်ကြတာပါ။

ဒီလိုစိုက်ခင်းမျိုးကို ၂ဝ၁၅ ခုနှစ်ကစပြီး မန္တလေးတိုင်းဒေသကြီးထဲက မြင်းခြံနဲ့တောင်သာ နှစ်မြို့နယ်မှာ Terre des hommes Italia (TDH Italia) အဖွဲ့က မိတ်ဆက်ပေးခဲ့တာပါ။ ဒါဟာ ကုလသမဂ္ဂက ကြီးကြပ်တဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေရဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ပုလင်းခွံစိုက်ခင်းအပြင် မြေစိုက် စိုက်ခင်းတွေလည်း ဒီရွာမှာ ရှိပါတယ်။ မြေစိုက်ခြံကတော့ မြေကိုဆွပြီး မီးကျွမ်းရုံလုပ်ထားတဲ့ စပါးခွံနဲ့ရောသမကာ သီးပင်စားပင်တွေကို အတန်းလိုက် စိုက်ပျိုးရပါတယ်။ ရေကိုပိုက်နဲ့ သွယ်တန်းကာ အပင်ရဲ့အောက်ခြေကို တစ်စက်ချင်းစီချပေးတဲ့ နည်းနဲ့ စိုက်ရတာပါ။ အပင်ရဲ့ အာဟာရအတွက် နိုက်ထရိုဖော်စကာကို တစ်ပတ်တစ်ကြိမ် အနည်းငယ်ထည့်ပေးရတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၉ဝ ကျော်ရှိတဲ့ ကိုမောင်နိုင်တို့ ရွှေဘုံသာရွာမှာ ရေသန့်ဘူးနဲ့စိုက်တဲ့ ၁၂ စင်၊ မြေပေါ်မှာ တိုက်ရိုက် စိုက်ပျိုးတာ၂၂ ခြံ ရှိပါတယ်။ ရွာမှာနေကြတဲ့သူ အချို့ဟာ ပဲစိုက်ခင်း အနည်းငယ်သာ ပိုင်ဆိုင်ကြပြီး တချို့ကတော့ ယာစိုက်ရာသီမှာ အငှားလုပ်သား လုပ်လိုက်၊ ကျန်တဲ့ အချိန်မှာ ရွာကနေ ၃ မိုင်လောက်ဝေးတဲ့ နေရာကိုသွားပြီး ထင်းခုတ်၊ မီးသွေးဖုတ်ရောင်းကြတဲ့အလုပ်တွေ လုပ်ကိုင်ကြတဲ့သူတွေပါ။

တောင်သာမြို့နယ်ထဲက အိမ်ခြေ ၂ဝဝ ဝန်းကျင်ရှိတဲ့ ကန်ကြီးကျေးရွာမှာ ရေသန့်ဘူးသုံးစိုက်ခင်း ၁၁ ခု၊ မြေစိုက်ခြံ ၉ ခု ရှိပါတယ်။ TDH အဖွဲ့က ရေသန့်ဘူးစင်တွေမှာ အရွက်စားအပင်၊ မြေစိုက်ခြံတွေမှာ အသီးစားအပင် စိုက်ပျိုးဖို့ အကြံပေးကြောင်း ဒေသခံ ကိုမြင့်ဇော်က ပြောပါတယ်။

“ရေသန့်ဘူးစင်နဲ့စိုက်တာကတော့ ကိုက်လန်၊ မုန်ညင်း၊ ကန်စွန်း စတဲ့ အရွက်ကိုပဲစားရတယ်။ မြေစိုက်ခြံကြတော့ ခရမ်း၊ ရုံးပတီတို့လို အသီးကို စားရတယ်။ အရင်တုန်းက သူများတွေ ရွာထဲကိုလာရောင်းမှ စားရတာကို အခုတော့ ကိုယ့်ဘာသာ အလွယ်တကူ ခူးစားလို့ရတာကတော့ အကျိုးကျေးဇူးတစ်ခုလို့ ကျွန်တော်ထင်တယ်” လို့ သူက ဆိုပါတယ်။

မြေစိုက်ခြံတွေထဲမှာ သမားရိုးကျရေဖျန်းစိုက်ပျိုးမယ်ဆိုရင် အကျယ် ၁ဝ ပေ၊ အနံ ၆ ပေဝန်းကျင်ရှိတဲ့ စိုက်ခင်းကို တစ်နေ့မှာ ရေတစ်ပေပါကုန်မယ်၊ ရေအစက်ချစိုက်ပျိုးနည်းနဲ့ဆိုရင် ပေပါဝက် သက်သာတယ် လို့ ကိုမြင့်ဇော်က ဆိုပါတယ်။

နည်းပါးနေတဲ့ ရေအား၊ လူအား

မြင်းခြံမြို့နယ်၊ သိမ်းကုန်းကျေးရွာမှာနေတဲ့ ကိုသိန်းတန်က ရေသန့်ဘူး စင်ထိုးစိုက်ခြံငယ်တစ်ခုဟာ အိမ်စားဖို့ လုံလောက်တဲ့အပြင် ပိုလျှံတဲ့အတွက် ပြန်ရောင်းချမယ်ဆို ရင် တနေ့ကို ဝင်ငွေ ကျပ် ၅ဝဝ လောက်တော့ ရှိတယ်လို့ ပြောပါတယ်။ မြေစိုက်ခြံရဲ့ ဝင်ငွေကလည်း အသီးသီးချိန်မှာ အထက်ပါ ပမာဏထက် မနည်းပါဘူး။

မြေစိုက် စိုက်ခင်းတစ်ခုကို အရင်းအနှီး ကျပ်တစ်သိန်းကျော်၊ ရေသန့်ဘူးစိုက်စင်တစ်ခုကို တစ်သိန်း နီးပါး ကုန်ကျတာကြောင့် ဒီငွေပမာဏဟာ ဒေသခံအများအပြားအတွက် ရင်းနှီးမြှုပ်နှံဖို့ အဟန့်အတား ဖြစ်စေတယ်လို့ ကိုသိန်းတန်က ဆက်ပြောပြပါတယ်။

မြေယာနည်းတဲ့ တောင်သူတွေ၊ မြေယာမဲ့ တောင်သူတွေကို အဓိကဦးတည်ပြီး အိမ်တွင်း စားသုံးဖို့ အာဟာရပြည့်ဝတဲ့ စားပင်၊ သီးပင်တွေကို စိုက်ပျိုးရေအသုံးပြုမှု သက်သာစေတဲ့ ရေအစက်ချစိုက်ပျိုး နည်းပညာကို မြင်းခြံ၊ တောင်သာမြို့နယ်တို့မှာ ကျေးရွာ ၂၂ ခုမှာ TDH ရဲ့ စီမံကိန်း ရောက်နေပါပြီ။

၂ဝ၁၅ အောက်တိုဘာမှာ TDH ဝန်ထမ်းတွေရဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ လုပ်ငန်းလုပ်ဆောင်နေတဲ့ နှစ်မြို့နယ်မှာ ဟင်းသီးဟင်းရွက်စားသုံးမှု ၂၃ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရပါတယ်။ စုစုပေါင်း အိမ်ထောင်စု ၉၃၄ ခုဟာ မြေမဲ့စိုက်ပျိုးနည်း၊ အိမ်ထောင်စု ၅ဝ၄ ခု ရေအစက်ချစိုက်နည်းကို စတင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ LIFT အဖွဲ့ရဲ့ ၂ဝ၁၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နွေရာသီမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ၄၊ ၅ မျိုးကို နေ့စဉ်စားသုံးရပြီး အသက် ၅ နှစ်အောက် ကလေး ငယ်တွေဟာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို နွေရာသီအပါအဝင် တစ်လကို ၁ဝ ကြိမ်မှ အကြိမ် ၃ဝ အထိ စားသုံးရတယ်၊ အိမ်ထောင်စုတစ်စုက လစဉ်ထုတ်လုပ်လိုက်တဲ့ ဟင်းသီးဟင်းရွက်ရဲ့ ပျမ်းမျှတန်ဖိုးဟာ ကျပ် ၂,ဝဝဝ ကနေ ၁၄,ဝဝဝ အထိ ရှိတယ်လို့ ၎င်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စီးပွားဖြစ် စိုက်ခင်းအဖြစ် အကောင်အထည် ဖော်ဖို့ရာမှာတော့ ရေရရှိမှုအခြေအနေက အဓိက စိန်ခေါ်မှုကြီးအဖြစ် ရှိနေဆဲဖြစ်နေပြန်ပါတယ်။

မိုးရေကနေ စုဆောင်းထားတဲ့သောက်သုံးရေကန်ဟာ မိုးများတဲ့နှစ် ဆိုရင် တစ်နှစ်ပတ်လုံးသုံးစွဲဖို့ လောက်ငှနိုင်တယ်ဆိုပေမယ့် ခုလို အစက်ချ စိုက်ခင်းတွေကို တစ်ရွာလုံး အိမ်တိုင်း စိုက်ပျိုးမယ်ဆိုရင် ရေပြတ်လပ်မှုကို မလွဲမသွေ တွေ့လာမယ်လို့ ကိုမောင်နိုင်က ယူဆပါတယ်။

TDH အဖွဲ့ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဒေါ်ခင်မာဦးက မိုးခေါင်ရေရှားဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ယခင်ကတည်းက ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးဟာ လာရောက်လုပ်ကိုင်ကြပေမယ့် တချို့ဒေသတွေမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်မှုအားနည်းတာကို လေ့လာတွေ့ရှိရတယ်လို့ သုံးသပ်ပါတယ်။

စီမံကိန်းတစ်ခု အကောင်အထည်ဖော်နေတဲ့ကာလမှာ ဒေသခံတွေ အကျိုးခံစားရပေမယ့် အဲ့ဒီစီမံကိန်း ပြီးဆုံးသွားတဲ့နောက်မှာ ထပ်မံပံ့ပိုးကူညီမှုတွေ အဆက်ပြတ်သွားတတ်တဲ့အတွက် ဒေသခံတွေမှာ ယခင်ကအခြေအနေကို ပြန်ရောက်သွားတာကို တွေ့ရတယ်လို့ သူက ပြောပြပါတယ်။

“အစိုးရတစ်ခုတည်းရဲ့တာဝန်ရှိတာမဟုတ်ဘူး။ လူတိုင်းမှာ တာဝန်ရှိတယ်။ အစိုးရ၊ INGO NGO အားလုံးက ချိတ်ဆက်မှု အားကောင်းဖို့လိုမယ်။ နောက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လိုတယ်။ အဲ့ဒီလို တွေ့ဆုံ ဆွေးနွေးနေမယ် ဆိုရင် ဘယ်သူက ဘာလုပ်နေတယ်ကို တစ်ပြိုင်တည်းသိမယ်။ ဒါမျိုးတွေ မဖြစ်အောင် ရေရှည်စီမံချက်တွေ လိုတယ်။ အကုန်လုံးချိတ်ဆက်ပြီးမလုပ်ရင် ဘယ်လောက်ပဲနှစ်တွေ ကြာကြာ နဂိုအတိုင်း ပြန်ဖြစ်သွားတာပေါ့။ အကုန်လုံး ချိတ်ဆက်ပြီး ပြောင်းလဲအောင်လုပ်ဖို့လိုတယ်လို့ ကျွန်မ မြင်တယ်” လို့ ဒေါ်ခင်မာဦးက သုံးသပ်တယ်။

TDH အဖွဲ့က ကမကထပြုထားပေးတဲ့ နမူနာစိုက်ခင်းတွေဟာ မိသားစုထမင်းဝိုင်းအတွက်ပဲဖြစ်တယ်၊ ဒီစိုက်ခင်းတွေကို ကြည့်ပြီး စိတ်အားထက်ထက်သန်သန် လုပ်ကိုင်မယ့်သူတွေ ပေါ်လာမယ်လို့ ဒေါ်ခင်မာဦးက မျှော်လင့်ပါတယ်။
"ကျွန်မတို့ စီမံချက်ရှိတဲ့ တောင်သာမြို့နယ်က အေးရွာ ဆိုတဲ့ရွာက ဒေသခံတစ်ဦးက ခြံ ၅ ခြံ လောက်ကို တိုးချဲ့ပြီး စျေးကွက်အထိ ထိုးဖောက်နိုင်သေးတယ်။ သူတို့ ဆက်လုပ်ဖို့ ဆိုတာ သူတို့ရဲ့ စိတ်ဝင်စားမှုပေါ်လည်း မူတည်တယ်" လို့ ဒေါ်ခင်မာဦးက ပြောပါတယ်။

သင့်လျော်တဲ့ စိုက်ပျိုးရေ ရရှိဖို့ အခက်အခဲဖြစ်နေတာကိုလည်း သူတို့အဖွဲ့က သဘောပေါက်တယ်လို့ ဆိုပါတယ်။

“ ဒီဒေသ တော်တော်များများက ရေကို အချဉ်နဲ့ အငန်ဓာတ် တိုင်းကြည့်လိုက်ရင် လိုအပ်တာထက် တော်တော် များနေတာကို တွေ့ရတယ်။ ရေကောင်းမှ ဒီလိုစိုက်ခင်းတွေက စိုက်လို့ရမှာ” လို့ ဒေါ်ခင်မာဦးက ရှင်းပြပါတယ်။

နောက်ထပ် အခက်အခဲတစ်ခုကတော့ အလုပ်လုပ်မယ့် လူငယ်အင်အားစု ရှားပါးလာမှုပါ။ မြို့ပြကို၊ သို့မဟုတ် နိုင်ငံခြားကို ရွှေ့ပြောင်း သွားရောက် လုပ်ကိုင်သူတွေများလာပါပြီ။

မြင်းခြံဒေသခံ ကိုမောင်နိုင်ကတော့ သူတို့ရွှေဘုံသာရွာမှာ လူဦးရေ ၉ဝဝ ကျော်လောက်ရှိရာကနေ လူငယ် ၃ဝဝ နီးပါး ဟာ မြို့ပြကို သွားကုန်ပြီလို့ ခန့်မှန်းပါတယ်။ သွားကြတဲ့ထဲမှာ သူ့ရဲ့ သားသမီးသုံးယောက်စလုံးလည်း ပါဝင်နေတာပါ။
မိသားစုထမင်းဝိုင်းအတွက်ပဲ စိုက်ပျိုးတဲ့အနေအထားကနေ စီးပွားဖြစ်စိုက်ပျိုးကြမယ်၊ ရေကောင်းရေသန့် ရရှိမယ်ဆိုရင် ဒေသခံတွေ အကျိုးများလာမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“အဓိကက စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ကိုင်နိုင်တဲ့အထိ ရေကောင်းရေသန့်ကိုရအောင် ပံ့ပိုးကူညီပေးဖို့ပဲ။ တကယ်သာစီးပွားဖြစ်စေလောက်တဲ့ စိုက်ပျိုးရေးကဏ္ဍ ဖြစ်လာရင် ထွက်သွားသူတွေ ကိုယ့်မိသားစုနဲ့ အတူတူနေရင်း ဒီစိုက်ပျိုးရေးကို လာပြန်လုပ်ကြမှာပဲ” လို့ ကိုမောင်နိုင်က ဆိုပါတယ်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading