သတင်း

မုံရွာ၊ လယ်ဇင်ရွာ ရက်ပိုင်းအတွင်း နှစ်ကြိမ်ဝင်စီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ လယ်ဇင်ရွာကို စစ်ကောင်စီက ရက်ပိုင်းအတွင်း နှစ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိကာ ယင်းတို့အနက် ဆေးမင်ကြောင်ထိုးထားသူ ၁ ဦးမှာ စစ်ကြောရေးတွင် ၂၄ နာရီမပြည့်မီ၌ပင် သေဆုံးခဲ့ရသည်။ 

“သေသွားတဲ့လူက ဘယ်ထဲမှ မပါပါဘူးဗျာ။ ဒါပေမယ့် အမေစုဓာတ်ပုံတို့၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတို့ကို တက်တူးတွေ ထိုးထားတာရှိတယ်ဗျ” ဟု ရွာသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သေဆုံးသူမှာ လက်သမားအဖြစ် အသက်မွေးနေသူ အသက် ၃၃ နှစ်အရွယ် ကိုဇေယျာလင်းဆိုသူဖြစ်သည်။ ၎င်းသည် ဇွန် ၂၁တွင် စစ်ကောင်စီတပ် ပထမအကြိမ်စီးနင်းစဉ် ဖမ်းဆီးခံရသူခြောက်ဦးထဲတွင် ပါဝင်သူဖြစ်သည်။ 

ဖမ်းသွားပြီး ၂၄ နာရီပင်မပြည့်မီ နောက်တစ်နေ့(ဇွန်၂၂)နံနက်ခင်းတွင် မိသားစုက အလောင်းသာ ပြန်လည်ရရှိခဲ့သည်။ 

“နောက်အုပ်ဆက်ပွင့်သွားတယ်။ ပါးတို့၊မေးတို့၊ နဖူးတို့ အဲဒီမှာတော့ လက်သုံးဆစ်လောက် အအာကြီးတွေ(ကွဲအက်ဒဏ်ရာ) တွေ့ရတယ်”ဟု ယခုအခါ တိမ်းရှောင်နေရသည့် အထက်ပါ ဒေသခံကပင် ပြောသည်။

စစ်ကောင်စီကမူ စာသင်ကျောင်းမီးလောင်မှုကို စစ်ဆေးရန် လယ်ဇင်ရွာသို့သွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသားခြောက်ဦးကို လက်နက်များနှင့်အတူ ဖမ်းမိသည်ဟု ဇွန် ၂၃တွင် သတင်းထုတ်ပြန်သည်။

ဖမ်းဆီးထားသူများမှာ ကျော်နန္ဒ၊ အောင်အောင်၊ ကျော်မျိုးထွေး၊ ဆန်းမင်းထက်၊ ဘချစ်(ခ) ချစ်ထွန်းနိုင်နှင့် ဇေယျာလင်းတို့ဖြစ်ကြောင်း စစ်ကောင်စီက ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ မှတ်တမ်းဓာတ်ပုံတွင် ကိုဇေယျာလင်း၌ သေစေလောက်သည့် ဒဏ်ရာရှိသည်ကို မတွေ့ရပေ။

ထို့အပြင် ၎င်းတို့ဖမ်းသွားပြီး ၂၄ နာရီမပြည့်မီ သေဆုံးခဲ့ရသူ ကိုဇေယျာလင်း၏ အကြောင်းကိုမူ စစ်ကောင်စီက ထိမ်ချန်သည်။

ရွာသားများကမူ လယ်ဇင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဇွန်၂၁တွင် မီးလန့်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။

အဆိုပါဖြစ်စဉ်ကို အကြောင်းပြု၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ခန့် ကျေးရွာသို့ ပထမအကြိမ်ရောက်ရှိလာခြင်းဖြစ်ကာ ဝင်လာသည်နှင့် ရွာလမ်းတစ်လျှောက် တွေ့သမျှသူအားလုံးကို ရိုက်နှက်ဖမ်းဆီးသည်အထိ ပြုမူခဲ့ကြောင်း ၎င်းတို့က ပြောကြသည်။

“ကျွန်တော်တို့ရွာက ဒလန်တွေက မဖြစ်စလောက် အိမ်မွှေးတဲ့မီးတောက်လေး(မီးဖိုမီးကဲ့သို့) ကို မီးလောင်တယ်ဆိုပြီး မလာလာအောင် ခေါ်လိုက်တာ။ မီးတောက်တောင် မမြင်လိုက်ရဘူး”ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။

ပထမအကြိမ်စီးနင်းစဉ် ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရသူ ၁၅ဦးခန့်ရှိပြီး ယင်းတို့အနက် ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ 

“ လက်တွေ မကျိုးဘူးဗျ။ မည်းပုပ်နေတာပေါ့။ ကျောမှာ ရိုက်ခံရတဲ့ တစ်ယောက်ဆို ဖင်တို့၊ တင်ပါးဆုံတို့ မည်းပုပ်ပြီးတော့ကို တော်တော်လေးကို ဆိုးတယ်။ ပြောရရင် ပက်လက်တောင် မအိပ်နိုင်ဘူး။ ကုန်းကုန်းကြီးတွေ အိပ်ရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်အပြီး ဇွန် ၂၃တွင် စစ်ကောင်စီတပ်များ လယ်ဇင်ရွာကို ဒုတိယအကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားလေးဦးကို ထပ်မံဖမ်းဆီးခဲ့ပြန်သည်ဟု ဒေသခံများက ပြောသည်။

“ရွာအဝင်မှာလည်း သေနတ်အချက်ပေါင်းများစွာ ပစ်သတဲ့။ ရွာအဝင်တကျောမှာ။ ရိုက်စရာနှက်စရာကတော့ တစ်ရွာလုံးက လူမကျန်လောက်အောင် ထွက်ပြေးကြတာ”ဟု ဒေသခံတစ်ဦးကပြောသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။

လယ်ဇင်ရွာကို ဝင်စီးပြီးနောက် ဇွန် ၂၃ တွင် သတင်းပေး(ဒလန်) ဟု ရပ်ရွာအတွင်းကျော်ကြားသူ၏ နေအိမ်ကို “နယ်စည်းမခြားမိုးကြိုးမုန်တိုင်း”အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်က ဒုတိယအကြိမ်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ဒလန်ဟု ယူဆထားသူ ထိခိုက်မှုမရှိသော်လည်း ၎င်း၏ သမီးကို ထိမှန်ခဲ့ပြီး သေဆုံးသွားသည်။ ထိုဖြစ်ရပ်အပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်း တတိယအကြိမ်ဝင်ရောက်စီးနင်းစဉ် ဖမ်းခံရသူရွာသားအချို့ရှိကြောင်း အဆိုပါအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။

သို့သော် နောက်ဆက်တွဲအခြေအနေနှင့် ဖြစ်စဉ်အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

Show More

Related Articles

Back to top button