သတင်း

ယင်းမာပင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာတွင် ယမန်နေ့ (ဇွန် ၂၂) ၌ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ၂၀ ဦးသေဆုံးပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ဘက်မှ တစ်ဦးသေဆုံးကြောင်း သိရသည်။ 

နံနက် ၈ နာရီဝန်းကျင်တွင် မုံရွာမြို့မှ ၁၆ မိုင်အကွာ မုံရွာ – ကလေးဝ – ယာကြီးလမ်းပေါ်ရှိ တရော်ကျင်းကျေးရွာသို့ စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ရောက်ရှိလာပြီး ရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်ရှာဖွေသည့်အပြင် ရွာသားတို့၏ ဆိုင်ကယ်များ၊ ဖုန်းများကို စစ်ဆေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် စစ်တပ်က ရွာအနီးတဝိုက်ကို ဒရုန်းဖြင့် ထောက်လှမ်းခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ၎င်းကျေးရွာမှ တစ်ဖာလုံအကွာ၌  ဒေသခံ PDF နှင့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။ 

နာရီဝက်ခန့်အကြာတွင် စစ်တပ်က ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေရာယူခဲ့သည်ဟု PDF တစ်ဦးက ပြောသည်။

“(တိုက်ပွဲ) စဖြစ်တုန်းကတော့ သူတို့ (စစ်တပ်) ရွာအပြင်ထွက်တယ်။ ပြည်သူနည်းမယ်အထင်နဲ့။ အဲ့ဒီနေ့က ကျွန်တော်တို့ဘက်က အင်အားမြင်ပြီး (ရွာထဲ) ပြန်ဝင်သွားတယ်ထင်တာပဲ။ ရွာအတွင်းထဲအထိ ဝင်နေရာယူတယ်” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ ရွာတွင်းပြန်ဆုတ်ပြီး နေရာယူတဲ့အချိန်မှာ PDF ကလည်း မပစ်တဲ့အချိန်မှာ ရွာအတွင်း ပိတ်မိတဲ့ပြည်သူတွေ ထွက်ချိန်ရတယ်ပေါ့။ အကုန်လုံးနီးပါးလောက် အပြင်ရောက်ပြီလို့ ခန့်မှန်းရလောက်တဲ့အချိန်မှာ PDF တွေက ပတ်ပတ်လည်ဝိုင်းရတာပေါ့”  

ထို့နောက် ကျေးရွာအတွင်းရှိ အထက်တန်းကျောင်းခွဲ၊ ဘုန်းကြီးကျောင်းဝင်းနှင့် စေတီကို အကာအကွယ်​ယူထားသည့် စစ်တပ်သည် PDF နှင့် ၃ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့သည်။  

“စေတီကတော့ တော်တော်ပဲ့ကျတယ်။ ထိတယ်။ သွပ်မိုးအဆောက်အအုံတွေ တော်တော်များများ အပေါက်တွေဖြစ်ကုန်တယ်။ ရွာတွင်းအဆောက်အအုံတွေရော”ဟု PDF  တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

တိုက်ပွဲဖြစ်နေစဉ် မုံရွာဘက်မှ တရော်ကျင်းကျေးရွာသို့ စစ်ကူလာသည့် စစ်ကား ၂ စီးကို ကျေးရွာရောက်ရန် ၄ မိုင်ခန့်အလိုတွင် PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးမှုရှိခဲ့ကြောင်း PDF ဘက်က ဆိုသည်။

ထိုသို့ မိုင်းဆွဲခံရသော စစ်ကူတပ်များသည် အနီးရှိ ဘန့်ဘွေးအုပ်စု၊ ထန်းဇင်တောပြင်မှ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် ညနေ ၆ နာရီခွဲဝန်းကျင်တွင် PDF အဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး ခဏအကြာ ည ၇ နာရီခန့် တွင် စစ်တပ်က တရော်ကျင်းကျေးရွာနှင့် ၂ မိုင်ခန့်ကွာဝေးသည့်နေရာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ 

တရော်ကျင်းကျေးရွာတွင်းတိုက်ပွဲနှင့် စစ်ကူတပ်များ တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့ (ဇွန် ၂၂) တစ်ရက်တည်းတွင် စစ်တပ်ဘက်မှ အသေအပျောက်များသည်ဟု PDF က အခိုင်အမာပြောသည်။

“တိုက်ပွဲဝင်တွေပြောပြချက်အရ နှစ်နေရာပေါင်း(စစ်တပ်က သေတာ) ၂၀ ကတော့ သေချာသလောက်ပဲ”ဟု PDF အဖွဲ့ဝင်က ဆိုသည်။

ကျေးရွာအတွင်း တိုက်ပွဲတွင်မူ PDF တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ပြီး လက်၊ ခြေထောက်တို့တွင် ဒဏ်ရာရသူနှစ်ဦးရှိသည်။

စစ်တပ်ဘက်က စနိုက်ပါများ၊ မော်တာများ အသုံးပြုပစ်ခတ်ခဲ့ကာ PDF များက တူမီးဖြင့်သာ ခုခံခဲ့သည်ဟု ဆိုသည်။’

“ရှေ့လျှောက်ကတော့ အောင်မြင်မှုမရမချင်းတော့ သွားနေကြမှာပဲ။ စစ်အကြမ်းဖက်အဖွဲ့ကို ကျွန်တော်တို့က လုံးဝလက်မခံဘူးဆိုတော့ အောင်မြင်မှုမရမချင်းကတော့ ဆက်ရှိနေဦးမှာပဲ” ဟု ၎င်းက ပြောသည်။

ယနေ့ (ဇွန် ၂၃)  နံနက် ၈ နာရီတွင်လည်း တရော်ကျင်းရွာသို့ စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် ရောက်ရှိလာပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားသည်။

“အခုချိန်ထိ ရွာထဲမှာ တပ်စွဲထားတုန်းပဲ။ တစ်ယောက်မှ ရွာထဲကို မကပ်ရဲသေးဘူး။ ရွာကိုလာတဲ့ လမ်းတလျှောက်မှာ တွင်ခုံရှိတဲ့အိမ်တစ်အိမ်ကိုလည်း ဖျက်ဆီးသွားတယ်။ ရေတွင်းတူးတဲ့ သံပိုက်တွေကိုလည်း ယူသွားတယ်” ဟု တရော်ကျင်းရွာ ဒေသခံတစ်ဦးက ယနေ့ညနေပိုင်း၌ ပြောသည်။

စစ်တပ်က ရွာအတွင်း တပ်စွဲထား၍ တရော်ကျင်းရွာနှင့် အနီးဝန်းကျင် ချင်းတောင်ရွာနှင့် ဘန့်ဘွေးရွာများအပါအဝင် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ 

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ လူမှုကူညီရေးယာဉ်နှင့် ယာဉ်မောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို အကြမ်းဖက်သူများက တူမီးသေနတ်၊ ဓားများဖြင့် ချောင်းမြောင်းပစ်ခတ်၊ ထိုးခုတ်တိုက်ခိုက်ခြင်း ပြုလုပ်နေသည်ဟု စစ်တပ်က သတင်းထုတ်ပြန်လျက်ရှိသည်။

Show More

Related Articles

Back to top button