ငပလီ ရေလုပ်သားတွေရဲ့ မှေးမှိန်နေတဲ့ ကြီးပွားရေးအိပ်မက်

ဓာတ်ပုံ - ဇာနည်ဝင်း / Myanmar Now
ဓာတ်ပုံ - ဇာနည်ဝင်း / Myanmar Now

သံတွဲ - ငပလီကမ်းခြေ၊ ဂျိတ္တောရပ်ကွက်ဟာ ပယ်လယ်ထွက်ငါးဖမ်းပြန်လာသူများ၊ ငါးအပြည့် ဖြည့်ထားတဲ့ ခြင်းတောင်းကြီးငယ်တွေ ထမ်းရွက် သွားလာနေသူများနဲ့ စည်ကားနေပါတယ်။ အသေးစားငါးတွေကို နေလှန်းကြတဲ့ ကျယ်ကျယ်ပြန့်ပြန့်သဲသောင်ပြင်ဝန်းကျင်ရဲ့လေထုထဲ ငါးညှီနံ့က အပြည့် ရှိနေပါတယ်။

အလုပ်သမားတွေကြားထဲက မထူးမြစမ်းဟာ ကျောက်တော်မြို့နယ် ကျေးလက်ဒေသတစ်ခုက ဖြစ်ပြီး ငပလီကို ပြောင်းရွှေ့လာတာ သုံးနှစ်ဝန်းကျင် ရှိပါပြီ။

“ဒီမှာက ငါးခြင်းတောင်းတွေကို ပုခုံးမှာ ထမ်းရတာဆိုတော့ ကျောကုန်းမှာ အဖုတွေ ထတာကလည်း အရမ်းပဲ။ ပင်ပန်းလွန်းလို့ ရွာကို ပြန်ပြေးချင်တယ်” လို့ ၂၃ နှစ်အရွယ် မထူးမြစမ်းက ပြောပါတယ်။

နေရပ်ရင်းမှာ အလုပ်အကိုင် ရှားပါးတာကြောင့် မထူးမြစမ်းက ငပလီမှာပဲ သောင်တင်နေရတာပါ။

လွန်ခဲ့တဲ့ နှစ်လက ပုဏ္ဏားကျွန်းမြို့နယ် ရွာဟောင်းရွာကနေ မိသားစုလိုက် ထွက်လာတဲ့ ဒေါ်လှမြင့်သိန်းကလည်း ငပလီမြို့ ရေလုပ်ငန်းမှာ အသားကျနေပါပြီ။

“ရွာမှာက အလုပ်အကိုင်ရှားပါးတော့ အလုပ်ကလည်း လုပ်ရတစ်လှည့်၊ မလုပ်ရတစ်လှည့်။ ဒီမှာကျတော့ နေ့တိုင်း အလုပ်ရှိတယ်” လို့ ငပလီလာဖို့ လမ်းစရိတ်အတွက် နားကပ်ဖြုတ်ရောင်းခဲ့ရတဲ့ ၄၅ နှစ်အရွယ် ဒေါ်လှမြင့်သိန်းက ပြောပါတယ်။

နေရပ်ရင်းမှာ ကောက်စိုက်၊ စျေးရောင်းရတာတွေဟာ ဘယ်ဘက်မျက်လုံး မကောင်းတဲ့ သူ့အတွက် အဆင်မပြေဘူး၊ သံတွဲမြို့နယ်၊ ငပလီမှာ ငါးလှန်းတဲ့အလုပ် ဝင်လုပ်ရတာ ပိုအဆင်ပြေတယ်၊ တစ်လဝင်ငွေ သုံးသောင်းပိုပိုလေး ရတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးလိုပဲ ရေလုပ်သား အများစုဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ အလုပ်အကိုင်ပေါတဲ့ သံတွဲဒေသကို ရွှေ့ပြောင်းလာသူတွေပါ၊ သို့သော်လည်း ဝင်ငွေ အကန့်အသတ်ရှိတာကြောင့် အကြွေးသံသရာထဲက မထွက်နိုင်ကြသူ များစွာ ရှိနေ တွေ့ရပါတယ်။

ငပလီရောက်ရင် စုဆောင်းမိမယ် ဆိုတဲ့သူ့တို့ရဲ့ ကြီးပွားရေး အိပ်မက်ဟာ လုပ်သက်ရင့်လာချိန်မှာတော့ မှေးမှိန်လာပါတယ်။

အကြွေးပိတဲ့ ဝင်ငွေနည်းရေလုပ်သား

နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နယ်မြေတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူ လေးပုံသုံးပုံဟာ ဝင်ငွေနည်းသူများဖြစ်တယ်လို့ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဘဏ် အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်၊ တစ်ရက်ဝင်ငွေ ၁.၂၅ ဒေါ်လာအောက်သာ ရှိကြကြောင်း ဆင်းရဲမှုကို အဆုံးသတ်ခြင်း၊ အကူးအပြောင်းကာလတွင် ကြီးပွားမှုကို မျှဝေခြင်း ဆိုတဲ့ အစီရင်ခံစာက ဆိုပါတယ်။

သြဂုတ်လထုတ် လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်ရဲ့ စာတမ်းတစ်စောင်မှာတော့ ရခိုင်ဒေသ ရေလုပ်သားတွေရဲ့ ပျမ်းမျှ ဝင်ငွေဟာ တစ်နေ့ကို ၁,ဝဝဝ ကနေ ၁,၅ဝဝ ခန့်အထိပဲ ရှိတယ်လို့ ရေးထားပါတယ်။

"ရေလုပ်သားများအနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ကလေးများပညာရေးအတွက် အရေးပေါ် ငွေချေးယူနိုင်ရန် ငွေတိုးချေးစားသူများထံ မှီခိုအားထားပြုကြရသည်" လို့ စာတမ်းရှင် စောအယ်ထူးက 'ရခိုင်ပြည်နယ်မှ ရေလုပ်သားငယ်များ' စာတမ်းမှာ ရေးသားထားပါတယ်။

နိုင်ငံတကာစီမံကိန်းတစ်ခုဖြစ်တဲ့ အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ရဲ့ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း ရခိုင်ဒေသ ရေလုပ်သားတွေ ဝင်ငွေနည်းပါးလာတယ်လို့ ဖော်ပြထားပါတယ်။

"ရခိုင်ဒေသမှ လယ်မဲ့မြေမဲ့မိသားစုများအတွက် ငါးဖမ်းခြင်းသည် ပင်မဝင်ငွေရလမ်းပင်ဖြစ်သည်။ သို့သော် အလွန်အကျွံ ငါးဖမ်းမှုနှင့် ပတ်ဝန်းကျင်ပျက်စီးလာမှုကြောင့် ငါးလျော့နည်းလာသဖြင့် ရေလုပ်သားများမှာ မိသားစုများကို ဝလင်အောင် ကျွေးရန် ခက်လာသည်" လို့ ကုလသမဂ္ဂအဖွဲ့က ကြီးကြပ်တဲ့ LIFT အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရေလုပ်ငန်းဟာ ရခိုင်ပြည်နယ်မှာ ဝင်ငွေ ဒုတိယအများဆုံး ရှာပေးတဲ့ကဏ္ဍပါ။ ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းအရ ဆိုရင် သံတွဲခရိုင်မှာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေ ၂,ဝဝဝ ဝန်းကျင်၊ လှေလိုက် ရေလုပ်သား ၇,ဝဝဝ ကျော် ရှိနေတာပါ။
သံတွဲငါးလုပ်ငန်းရှင်အများအပြားက သူတို့လိုအပ်တဲ့ ဝန်ထမ်းရရှိဖို့အတွက် ပြည်နယ်မြောက်ပိုင်းဘက်က အလုပ်အကိုင် ရှာဖွေသူတွေကို လမ်းစရိတ် ထုတ်ချေးပြီး ခေါ်ယူကြပါတယ်။ ရောက်လာတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်တွေ စီစဉ်ပေးတဲ့ နေရာမှာပဲ နေထိုင်ကြ၊ ပေါပေါများများ ဖမ်းဆီးရမိတဲ့ ငါးကိုလည်း အလုပ်သမားတွေက ဟင်းချက်စရာအဖြစ် ရကြပါတယ်။

မကြာသေးခင်က ငပလီကမ်းခြေ ဂျိတ္တော တံငါရွာက ရေလုပ်သားတွေနဲ့ တွေ့ဆုံရာမှာ အမျိုးသားတွေရဲ့ လစဉ်ဝင်ငွေက တစ်သိန်းနှစ်သောင်းဝန်းကျင်၊ အမျိုးသမီးတွေကတော့ တစ်သိန်း မပြည့်ဘူးလို့ ပြောပြကြပါတယ်။ သူတို့ရဲ့ ဝင်ငွေက ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘဲ ဖမ်းဆီးရမိတဲ့ ငါးပမာဏပေါ်မှာ အဓိက မူတည်နေပါတယ်။

ရေလုပ်သားတွေထဲမှာ အမျိုးသမီးနဲ့ အမျိုးသားဝင်ငွေမညီမျှမှုဟာ လုပ်ငန်းခွင် အန္တရာယ်ရှိခြင်း မရှိခြင်းနဲ့ ဆက်စပ်နေဖွယ်ရှိတယ်လို့ သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းက သုံးသပ်ပါတယ်။

"အမျိုးသမီးကျတော့ (မြေပြင်မှာ) ငါးလှန်း၊ အမျိုးသားကတော့ ပင်လယ်ထဲကိုထွက်ပြီး ငါးဖမ်းရတာ။ လုပ်ငန်းသဘာဝမတူ၊ လစာလည်း မတူညီဘူး။ ကျွန်တော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်" လို့ ဦးစီးမှူးက ပြောပါတယ်။

သံတွဲဒေသ ငါးလုပ်ငန်းရှင် လူငယ်တစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းဦးက အလုပ် လုပ်ချင်သူအတွက် ပင်လယ်က အလုပ်အကိုင် ပေးထားတယ်၊ လိုအပ်တာကတော့ ကြိုးစားဖို့ပါပဲလို့ ပြောပါတယ်။

"ဒီဒေသရောက်လာရင် ချွေတာမယ်၊ စုဆောင်းတတ်မယ်၊ အကွက်မြင်တတ်တယ် ဆိုရင် ဘယ်သူမဆို ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်နိုင်မယ်၊ ဒီနည်းနဲ့ ကြီးပွားတိုးတက်လာသူတွေ ရှိတယ်" လို့ ကိုထွန်းထွန်းဦးက ပြောပါတယ်။

ရေလုပ်သားတွေက ငွေရေးကြေးရေး အခက်အခဲ ပေါ်ပေါက်လာရင် ငွေတိုးချေးယူခြင်း၊ အခြားသော အလုပ်အကိုင်များ လုုပ််ကိုင်ခြင်း၊ အလုပ်ရှင်ထံ အကူအညီတောင်းခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနေကြတာပါ။

နည်းပညာနဲ့ ငွေကြေး

အစိုးရက ရေလုပ်ငန်းသုံး ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချမယ်၊ သို့မဟုတ် အတိုးနှုန်းနည်းတဲ့ ချေးငွေ ပမာဏများများ ထုတ်ချေးမယ် ဆိုရင် ရေလုပ်သားများ အဆင်ပြေမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပါတယ်။

“အရင်းအနှီး မရှိကြတော့ တချို့က အိမ်ပေါင်၊ ခြံပေါင်ပြီး ဝယ်တယ်။ ပေါင်စရာမရှိရင် နှစ်ဆယ်တိုးနဲ့ ချေးပြီးတော့ ဝယ်တယ်။ သူတို့လုပ်ငန်းမှာ တကယ်ရရှိမယ့် အကျိုး အမြတ်တွေက အတိုးထဲမှာပဲ နစ်ရင်းနဲ့ နောက်ဆုံးကျတော့ ရေလုပ်သားတွေက လှေဆိုးနဲ့ပက်ခွက်လောက်ပဲ ကျန်တဲ့ ဘဝကိုရောက်တာ တွေ့ရတယ်” လို့ သံတွဲမြို ့နယ် မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက NGO အဖွဲ့တချို့နဲ့ ပေါင်းစပ်ပြီးတော့ ရေလုပ်သားတွေ ဘဝ တိုးတက်ရေးအတွက် ဘာတွေလုပ်ရမလဲ ဆိုတာကို ကျေးလက်ဒေသအထိ စစ်တမ်း လိုက်ကောက်နေပြီး လောလောဆယ်တော့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ဖော်ဆောင်နေတဲ့ မြစိမ်းရောင် စီမံကိန်းအရ သံတွဲခရိုင်ထဲက ရပ်ကွက်သုံးခုကို အရင်းမပျောက် မတည်ငွေအဖြစ် သိန်း ၃ဝဝ စီ ထောက်ပံ့ထားတာပါ။

အိမ်၊ စက်လှေ၊ ငါးဖမ်းပိုက် ပိုင်ဆိုင်သူတို့သာ အကျုံးဝင်တဲ့ ဒီစီမံချက်မှာ မိသားစုတစ်စု ချေးယူနိုင်တဲ့ ပမာဏက ကျပ် ၃ သိန်း ဖြစ်ပါတယ်။ ရေလုပ်ငန်းလုပ်ကိုင်သူ အများအပြားကတော့ ဒီစီမံကိန်းကို အားမရကြပါဘူး။

ဒေသခံတို့အတွက် သတင်းကောင်းတစ်ခုကတော့ LIFT အဖွဲ့ရဲ့ ချေးငွေအကြောင်း ဖြစ်ပါတယ်။ ၂ဝ၁၆ မှာ LIFT ရဲ့ အသေးစား ငွေရေးကြေးရေးရုံးခွဲများကို သံတွဲ အပါအဝင် ရခိုင်ပြည်နယ်မြို့တချို့မှာ ဖွင့်မယ်၊ ဒီစီမံချက်ကို ၂ဝ၁၇ အထိ တိုးချဲ့မယ်လို့ ပြီးခဲ့တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ငပလီ၊ ဂျိတ္တောရပ်ကွက်က ဦးတင်မောင်လှိုင်က ငါးဖမ်းလုပ်သက်၂၈ နှစ်ရှိပါပြီ။ လုပ်ငန်းအတွက် လိုအပ်တာတွေ ဝယ်နိုင်တဲ့ အခြေအနေရှိမယ် ဆိုရင် တင်နေတဲ့အကြွေးဆပ်နိုင်မယ်လို့ သူက ရှင်းပြပါတယ်။

“အခု ဒီအလုပ်က လုပ်နေရင်းနဲ့ကို အကြွေးက နစ်နေတာ။ ရေလုပ်ငန်းသုံး ပစ္စည်းကိရိယာကလည်း မရှိတော့ နေ့တိုင်း ငါးဖမ်းပိုက် အလေးကြီးကို အတင်အချ လုပ်ရတာဆိုတော့ ခါးကလည်း ဒဏ်ဖြစ်ပြီး နာလှပြီ” လို့ ဦးတင်မောင်လှိုင်က ပြောပါတယ်။

ဂျိတ္တောက လုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဦးမောင်ကြီးက ရေလုပ်ငန်းသုံး ပစ္စည်းတွေကို ပုဂ္ဂလိကဆိုင်ကနေ ဝယ်ယူ အသုံးပြုနေသူပါ။ အစိုးရ ဌာနတွေကသာ ငါးဖမ်းပိုက် ၊ စက်လှေ ၊ မော်တာ တို့ကို စျေးလျှော့ ရောင်းချမယ် ဆိုရင် သူတို့ ပိုမို အဆင်ပြေနိုင်မယ်၊ အလုပ်သမား ၂၆ ယောက်ရှိတဲ့ သူ့ရဲ့ ငါးဖမ်းလုပ်ငန်းအတွက် အရင်းအနှီး အများအပြား စိုက်ထုတ်ထားရတယ်လို့ ဦးမောင်ကြီးက ဆိုပါတယ်။

“လုပ်ငန်းကို အရင်းနည်းနည်းနဲ့ လည်ပတ်လို့ရရင် ရေလုပ်သားတွေကိုလည်း လစာများများတိုးပေးနိုင်မှာပါ” လို့ ဦးမောင်ကြီးက ရှင်းပြပါတယ်။

မြန်မာပြည်အနှံ့ တင်ပို့ရောင်းချတဲ့ ငါးနီတူ (ပင်လယ်ငါး အသေးစား) ကို အခြောက်လှန်းကြတဲ့ နေရာအများအပြားကို ဦးမောင်ကြီးတို့ ဂျိတ္တောရပ်ကွက်မှာ တွေ့နေရပါတယ်။

ငါးလုပ်ငန်း ဦးစီးမှူးဦးမြင့်သိန်းကတော့ နည်းပညာ အားကောင်းရင် ရေလုပ်ငန်း ကဏ္ဍမှာ ပါဝင်နေသူအားလုံး အကျိုးရှိမယ်လို့ ဆိုပါတယ်။

“ငါးနီတူ (ပင်လယ်ငါး အသေးစား) ကို ပြုတ်ပြီးတော့ လှန်းမယ်ဆိုရင် ပိုပြီးတော့ စျေးနှုန်း ပိုရလာမယ်။ စျေးနှုန်းပိုရတော့ ရေလုပ်သားတွေ လုပ်ခလည်း များများ ပေးနိုင်လိမ့်မယ်” လို့ ဦးစီးမှူးက သူ့ရုံးခန်းထဲမှာ ရှင်းပြပါတယ်။

ရေလုပ်သားတွေဟာ ငွေကြေးအကူအညီကိုပဲ မျှော်လင့်ကြတာများတယ်၊ ငါးထုတ်လုပ်ရေး နည်းပညာကို သိပြီးသားလို့ ထင်နေတတ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ငွေကြေး ပေးတိုင်းလည်း အဆင်မပြေနိုင်ဘူး၊ နည်းပညာ တိုးတက်လာမှ သူတို့ အဆင်ပြေမယ်။ ဥပမာ ငါးအတိုင်း ထုတ်လုပ်ဖို့ထက် ငါးမုန့်(ခြောက်)လုပ်ပြီး ထုတ်လုပ်မလား။ ငါးမုန့်(ခြောက်)လုပ်တဲ့ နည်းပညာ သူတို့တတ်ရင် ငါးရောင်းတာထက် ပိုက်ဆံပိုရမယ်” လို့ ဦးစီးမှူးက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading