သတင်း

သေနတ်ထောက် ဖမ်းဆီးခံရသည့် NLD အမတ် ဆေးကုသခွင့်မရသေး

ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးရှေ့တွင် သေနတ်ထောက်ဖမ်းဆီးခြင်းခံခဲ့ရသူ NLD ဗဟိုကော်မတီဝင် ဦးဘမျိုးသိမ်းမှာ ဆေးဝါးကုသခွင့်မရသောကြောင့် မိသားစုဝင်များက သူ၏ ကျန်းမာရေးအတွက် စိုးရိမ်နေကြသည်။

အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ၆၆ နှစ်အရွယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိမ်းသည် အသည်းရောင်အသားဝါရောဂါ B ပိုး၊ C ပိုးတို့ကို တာရှည်ကုသတိုက်ဖျက်နေရသူဖြစ်သောကြောင့် ဆက်လက် ကုသမှုခံယူရန် လိုအပ်သည်ဟု သူ၏ ညီတော်စပ်သူက ပြောသည်။

“အသည်းရောင်အသားဝါဆိုတော့ ရမ်းကုလို့လည်းမရဘူး။ ထောင်ပိုင်ကနေပြီးတော့ ဆရာဝန်လွှတ်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့၊ ဒါမှမဟုတ်ရင်လည်း ဆေးရုံမှာဖြစ်ဖြစ် စစ်ဆေးခွင့်ရရင်တော့ ပိုကောင်းတာပေါ့ဗျာ။ အခုတော့ မရတော့ ခက်နေတာပေါ့ဗျာ” ဟု ၎င်းက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

လက်ရှိတွင် ဦးဘမျိုးသိမ်း၏ ကျန်းမာရေးအခြေအနေကို အင်းစိန်အကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များထံသို့ သတင်းပို့ထားပြီး ဆရာဝန်ဖြင့် ဆေးကုသခွင့်တောင်းဆိုထားသည်ဟု ၎င်းက ပြောသည်။

ဦးဘမျိုးသိမ်းသည် ပြီးခဲ့သည့် မေ ၈ မွန်းလွဲပိုင်းက NLD ပါတီ ရခိုင်ပြည်နယ်ဒုဥက္ကဋ္ဌ ဦးစိုးလေး၊ ရခိုင်ပြည်နယ်လူငယ်အဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့နှင့်အတူ အဖမ်းခံရခြင်းဖြစ်ပြီး ယနေ့အချိန်ထိ မိသားစုနှင့် တွေ့ခွင့်မရကြသေးပေ။

၎င်းတို့သုံးဦးကို မတ်ခ်တူးမော်တော်ယာဉ် အဖြူရောင် ၂ စီး ဖြင့် အရပ်ဝတ်လက်နက်ကိုင်များက သေနတ်ဖြင့် ထောက်၍ အဓမ္မဖမ်းဆီးသွားခြင်းဖြစ်သည်ကို လုံခြုံရေးကင်မရာ CCTV မှတ်တမ်းများတွင် တွေ့ရသည်။

လက်ရှိတွင် သုံးဦးလုံးကို ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 

ယခင်က ထောင်သွင်းသို့ ဆေးဝါးများပို့ဆောင်ရာတွင် ဆရာဝန်ဆေးစာဖြင့်သာ ပို့ခွင့်ရပြီး ယခုနောက်ပိုင်းတွင် ဆေးဝါးပို့ခွင့်ရရန် အကျပ်အတည်းဖြစ်နေသည်ဟု ဖမ်းဆီးခံထားရသည့် NLD ပါတီဝင်များ၏ ထောင်ဝင်စာနှင့် ကျန်းမာရေးအခြေအနေများကို ကူညီပေးနေသူ ဒေါ်အိရွှေစင်ညွန့်က ပြောသည်။

“ဆေးကို အဲ့ဒီလို ထည့်ပေးလိုက်လို့မရဘူး။ ဆေးက ဆရာဝန်ဆေးစာနဲ့ ထုတ်ပေးတဲ့ဟာမျိုးပဲ ရမယ်လို့ ပြန်ပြောတယ်။ ခြွင်းချက်က ဦးဟံသာမြင့်ကတော့ ကင်ဆာဆဲလ်တွေရှိတယ်။ ဆေးသောက်နေရတယ်။ အဲ့ဒီတော့ သူ့အတွက် ဆေးတွေထည့်ပေးတဲ့အခါမှာတော့ လက်ခံရရှိတယ်လို့တော့ ကျွန်မတို့ သိရတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီမှ ဇွန် ၁၆ အထိ သေဆုံးသူ ၈၆၅ ဦးအထိရှိနေပြီး ဖမ်းဆီးခံထားရသူ ၄၉၆၂ ဦး အထိရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၁၇ က ထုတ်ပြန်ထားသည်။ သေဆုံးသူနှင့် ဖမ်းဆီးခံရသူအရေအတွက်မှာ ထို့ထက်ပိုများနိုင်သည်ဟု AAPP က ဆိုသည်။

Show More

Related Articles

Back to top button