ဒုက္ခသည်စခန်းထဲလိုက်လာတဲ့ အသံတိတ်ရာဇဝတ်မှု

ကွတ်ခိုင် - ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ပြင် ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေသူ ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရင်ဆိုင်ခဲ့ရတဲ့ အန္တရာယ်ကြီး နှစ်ခု ရှိခဲ့ပါတယ်။ တစ်ခုကတော့ သူတို့ရွာနား ဖြစ်ပွားတဲ့ တိုက်ပွဲတွေပါ။ နောက်တစ်ခုကတော့ အရက်သမား၊ ဆေးသမား ခင်ပွန်းသည် အနိုင်ကျင့်တဲ့ဒဏ်ကို ၁၆ နှစ်ကြာ ခံရခြင်းပါပဲ။

အမည်မဖော်လိုတဲ့ ဒီအမျိုးသမီးက သတ္တမမြောက်ကလေးကို ကိုယ်ဝန်လွယ်ပြီးချိန်မှာတော့ ကြိမ်ဖန်များစွာ အော်ဟစ်ဆဲဆို၊ ရိုက်နှက်ခံရတဲ့ဘဝမှာကနေ လွတ်မြောက်ဖို့အတွက် ခင်ပွန်းသည်နဲ့ ကွာရှင်း ပြတ်စဲလိုက်ပါတယ်။

“သူက ကျွန်မ အသားနာအောင် အကြိမ်ကြိမ် နှိပ်စက်ခဲ့သလို စိတ်ဓာတ် ဒဏ်ရာရအောင်လည်း နှိပ်စက်ခဲ့တဲ့ သူတစ်ယောက်ပါ။ ကျွန်မ သူ့ကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး” လို့ သူက ပါးပြင်ပေါ် လှိမ့်ဆင်းလာတဲ့ မျက်ရည်စတွေကို သုတ်ရင်း ပြောလိုက်ပါတယ်။

ကွတ်ခိုင်မြို့ပြင်က KBC စခန်းထဲ သူ့ကိုတွေ့ရချိန်မှာ ဒီအမျိုးသမီးက ၃ လ အရွယ် ကလေး အပါအဝင် ကလေး ၇ ယောက်ကို ပြုစုပျိုးထောင်၊ ပြန်ရောင်းနိုင်တဲ့ ဝက်တစ်ကောင်ကို လွတ်ကျောင်းမွေးမြူရင်းနဲ့ မိသားစုကို ဦးဆောင်နေတာ တွေ့ရပါတယ်။

စစ်ဒဏ်သင့်ရွာပေါင်း ၉ ရွာကနေ ထွက်ပြေးတိမ်းရှောင်လာသူ ၃ဝဝ နီးပါး စုဝေးခိုလှုံတဲ့ အဲဒီရွာအပြင် မကြာသေးခင်က ကွတ်ခိုင်မြို့ပြင် စစ်ရှောင် ဒုက္ခသည်စခန်းတချို့ကို ရောက်ရှိစဉ် တွေ့ခဲ့ရတဲ့ အမျိုးသမီး အများအပြားဟာ သူ့လိုပဲ အိမ်ထောင်ဘက်တွေရဲ့ အနိုင်ကျင့်တာကို ခံနေရသူတွေပါ။

စခန်းတွေထဲ မိသားစုတွင်း အကြမ်းဖက်မှု အထူးသဖြင့် ကျား မ အခြေပြု အကြမ်းဖက်မှု လျော့နည်း လာစေဖို့ အတွက် လတ်တလော အထောက်အကူပေးနေတာကတော့ အသိပညာပေး သင်တန်းများပါပဲ။

ပညာပေးခြင်း

ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ကတော့ အမျိုးသမီးများကို အကြမ်းဖက်မှု အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုတွေက မြန်မာနိုင်ငံမှာ တော်တော်လေး ဖြစ်ပေါ်နေတယ် လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ရှိလာတဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့ရဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှု ရေးရာ ကျွမ်းကျင်သူ အရာရှိ Alexandra Robinson က ကျား၊မအခြေပြု အကြမ်းဖက်ခံရခြင်းတွေမှာ ကာကွယ်မှုလုပ်ငန်းတွေက အရေးကြီးတယ်လို့ ပြောပါတယ်။

"ကျား၊ မ အခြေပြု အကြမ်းဖက်မှု ဆိုတာ အမျိုးသမီးတွေကို နှိပ်စက်မှု အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှု အကြီးစားဖြစ်လို့ အသံတိတ်ရာဇဝတ်မှုလို့ ပြောနိုင်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာတောင် ဒီပြဿနာတွေ ဖြစ်နေပါတယ်" လို့ သူက ဆိုပါတယ်။

သင်တန်းတွေပြုလုပ်ခြင်း၊ ပိုစတာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခြင်း အစရှိတဲ့ သတိပေးလုပ်ငန်းစဉ်ဟာ ပြည်သူတွေအတွက် နည်းမျိုးစုံနဲ့ အများကြီး အထောက်အကူပြုတယ်လို့ သူက ရှင်းပြပါတယ်။

ဒီလို အသိပေးခြင်းအားဖြင့် အကြမ်းဖက်မှုကြုံတွေ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် ကာကွယ် စောင့်ရှောက်မှု အစီအစဉ်တွေ ဘယ်လိုရနိုင်မလဲ၊ ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဥပဒေပိုင်းဆိုင်ရာ အကူအညီတွေ ဘယ်လိုရနိုင်မယ်ဆိုတာ သိလာနိုင်မှာပါလို့ သူက ဆက်ပြောပါတယ်။

မြို့ပြမှာ တွေ့နိုင်တဲ့ ပညာပေးသင်တန်းတွေဟာ မိသားစုတွင်းအကြမ်းဖက်မှုရှိတတ်တဲ့ စစ်ရှောင်စခန်းတွေကိုလည်း ရောက်လာပါပြီ။

နေ့ခင်းဘက် စခန်းတွေကို ရောက်သွားတဲ့အခါမှာ သက်ကြီးရွယ်အိုတွေ၊ ထမင်းချက်၊ အဝတ်လျှော်၊ တိရစ္ဆာန် အစာကျွေးနေတဲ့ ကလေးမိခင်တွေ၊ ဆော့နေတဲ့ ကလေးတွေကိုပဲ တွေ့ရလေ့ရှိပြီး အမျိုးသားတွေကတော့ ဝင်ငွေရဖို့ ပြင်မှာ ကျပန်းအလုပ် လုပ်ကြတယ်လို့ ဆိုပါတယ်။

KBC စခန်းမှာ နေထိုင်သူ ဒေါ်ဇေနန်းကတော့ သင်တန်းမတက်ခင်မှာ အမျိုးသားက အမျိုးသမီးကို ရိုက်နှက် နှိပ်စက်တာ မြင်ဖူးတယ်၊ ဒါဟာ အမျိုးသားတွေရဲ့ လုပ်ပိုင်ခွင့်လို့ ယူဆမိခဲ့ကြောင်း ပြောပြပါတယ်။

"ကျွန်မကိုယ်တိုင်ကလည်း အမျိုးသားနဲ့အမျိုးသမီးက တန်းမတူဘူး၊ အမျိုးသားကို ဦးစားပေးရမယ်ဆိုပြီး ထင်ထားတာ။ အခုနောက်ပိုင်း သင်တန်းတွေ တက်ပြီးတော့မှ အကြမ်းဖက်မှုဘာလဲ ဆိုတာကို ကိုယ်ကိုယ်တိုင် သိခဲ့ရတာပါ” လို့ သူက ဆိုပါတယ်။

RC Camp လို့ ခေါ်ကြတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်သူ ဒေါ်ဇောင်ယမ်းက ခန္ဓာကိုယ်ပိုင်း နာကျင်အောင် ပြုလုပ်တာဟာ အကြမ်းဖက်မှုဖြစ်တယ်၊ စိတ်ကိုနာကျင်အောင်လုပ်ရင်လည်း အကြမ်းဖက်မှုမြောက်တယ် ဆိုတဲ့ အသိပညာတွေပို့ချတဲ့ သင်တန်း တက်ရောက်ရတာကြောင့် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

“တစိမ်းယောက်ျားတစ်ယောက် အဓမ္မကျင့်တာ မပြောနဲ့၊ ကိုယ်နဲ့လက်ထပ်ထားတဲ့ အမျိုးသား ကိုယ်တိုင် ဖြစ်စေကာမူ ဇနီးသည်အလိုမတူဘဲ လိင်ဆက်ဆံတယ်ဆိုတာ အကြမ်းဖက်မှုမြောက်တယ်၊ မုဒိမ်းမှု မြောက်တယ် ဆိုတာကို သိခွင့်ရခဲ့ပါတယ်”လို့ လူဦးရေ တစ်ရာကျော်ရှိတဲ့၊ အရိပ်ရသစ်ပင်ကြီးကြောင့် ပိုမိုအေးမြနေတဲ့ RC စခန်းမှာ ခိုလှုံနေသူ ဒေါ်ဇောင်ယမ်းက ပြောပြပါတယ်။

စစ်ရှောင် ၉၅၂ ဦး ခိုလှုံနေတဲ့ ZUP AUNG စခန်းမှာ ရောက်နေသူ ဒေါ်ကော့လွမ်ကတော့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ စခန်းတာဝန်ခံတွေဆီမှာ တိုင်ကြားတာ၊ ဆွေးနွေးတာ မရှိသေးဘူး၊ ကျား မ ရေးရာ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးမှုများ စခန်းတွေထဲ ရောက်လာပေမယ့် ဒုက္ခသည်တွေထဲမှာ အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေးရှိရမယ် ဆိုတဲ့ အချက်ကို လက်မခံသူတွေ ရှိနေသေးတယ်၊ လို့ ဆိုပါတယ်။

“ကျား ၊ မ ရေးရာ အခြေပြုအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အသိပေးလုပ်ရတဲ့အပေါ်မှာ အခုချိန်မှာတော့သိပ်ပြီး အားရမှုမရှိသေးပါဘူး”လို့ အရိပ်ရအပင်တွေ မရှိတဲ့ စခန်းမှာ နေထိုင်သူ ဒေါ်ကော့လွမ်က ပြောပါတယ်။

ဒီနေရာဟာ တခြား စစ်ရှောင်စခန်းတွေလို တန်းလျားတွေ ဆောက်ထားတာမျိုး မရှိပါဘူး။ ခြံဝန်းခတ်ပြီး အိမ်ဆောက်နေထိုင်ကြတာ ဖြစ်တဲ့အတွက် မြင်နေကျ ရွာလေးတစ်ခုလို ဖြစ်နေပါတယ်။

စခန်းမှာ ခိုလှုံကြတဲ့ မိသားစုတွေအတွင်း အမျိုးသား အများအပြားဟာ ဝင်ငွေရှာဖွေဖို့ အခက်အခဲရှိခြင်း၊ စိတ်ဖိစီးခြင်းတို့ကြောင့် ကိုယ့်အိမ်ထောင်ဘက်ကို ရိုက်နှက်ကြပါတယ်။ တချို့ကလည်း သောက်စား မူးယစ်ပြီး နှိပ်စက်တာလည်း ရှိပါတယ်။

ခင်ပွန်းသည်က ဇနီးဖြစ်သူကို ရိုက်နှက် နှိပ်စက်ခြင်းဟာ နာကျင်စေမှု၊ အပြင်းအထန်နာကျင်စေမှု စတဲ့ ပုဒ်မများနဲ့ ငြိစွန်းပေမယ့် မြို့ပြဒေသတွေမှာလည်း ဒီလို တိုင်ကြား တရားစွဲဆိုတဲ့ အမျိုးသမီး ရှားပါးတယ်လို့ ရန်ကုန်မြို့အခြေစိုက် အထက်တန်းရှေ့နေ ဦးမင်းသက်ဇင်က ပြောပါတယ်။

ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတရှိတဲ့ အမျိုးသမီးတွေကလည်း တိုင်ကြားတဲ့အတွက် ခင်ပွန်းသည် အထိန်းသိမ်းခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး ပြဿနာတွေကို ကြိုတင် စိုးရိမ်တာကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းဖို့ တွန့်ဆုတ်နေကြတာ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

အမျိုးသားများရဲ့ ပါဝင်မှု

အမျိုးသမီးများအပေါ်နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ပါဝင် လက်မှတ်ထိုးခဲ့တာ အနှစ် ၂ဝ ပြည့်ပါတော့မယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အသိပညာပေး လှုပ်ရှားမှုတွေကတော့ ဒီမိုကရေစီ ဖော်ဆောင်တဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာမှ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာတာပါ။

၃ နှစ်ကြာ ရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကိုလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြန်လည် ပြင်ဆင်နေပါတယ်။ ပြင်ဆင်ပြီးရင် ဥပဒေကြမ်းက လွှတ်တော်ကို ရောက်သွားမှာပါ။

UNFPA နဲ့ ပူးပေါင်းပြီး ကျား ၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ သင်တန်းပေးနေတဲ့ အဖွဲ့တစ်ခုကတော့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ် သင်တန်းနှစ်ခုကို ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်တွေက ရဲဝန်ထမ်းများ တက်ရောက်ခဲ့တယ်လို့ အသင်းရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ အငြိမ်းစားရဲမှူးကြီး ဦးသိန်းကြည်က ပြောပါတယ်။

“ကျား ၊ မ ရေးရာအကြမ်းဖက်မှု ဆိုတဲ့အဓိပ္ပာယ်က ပြည်သူလူထုအပြင် ရဲ၊ တရားသူကြီး၊ ရှေ့နေတွေလည်း ကျယ်ကျယ်ပြန့်ပြန် သိရှိဖို့ လိုပါတယ်" လို့ ဦးသိန်းကြည်က ပြောပါတယ်။

အကြမ်းဖက်မှုဖြစ်ပေါ်ရခြင်းက မူးယစ်ဆေးဝါးပြဿနာနဲ့ ဆက်စပ်နေတယ်၊ မူးယစ်ဆေး သုံးစွဲမှုကို ဆန့်ကျင်ဖို့ လူထုကြားမှာ အသိပညာ များများပေးရမယ်၊ မူးယစ်ဆေးသုံးစွဲမှုကနေ မိသားစု၊ မိတ်ဆွေများအကြား ပြစ်မှုကျူးလွန်တာတွေ အများအပြား ဖြစ်ပေါ်နေတယ် လို့ ဦးသိန်းကြည်က ရှင်းပြပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း ကလည်း ကျား ၊ မ ရေးရာအခြေပြုအကြမ်းဖက်မှု ဆိုင်ရာ သင်တန်းတွေမှာ အမျိုးသားရော ၊ အမျိုးသမီးပါ ပါဝင်သင့်တယ်လို့ ပြောပါတယ်။

“သင်တန်းတွေက အသိပညာပေးတာပါ။ အသိပညာ ဘယ်လောက်တိုးတိုး တကယ်လိုက်မလုပ်ဘူး ဆိုရင်တော့ အလကားပါပဲ” လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

KBC စခန်းကော်မတီ တာဝန်ခံ ဒေါ်ဒီဒီထန်းနန်က စခန်းထဲမှာ ခင်ပွန်းသည်က သူ့ဇနီးသည်ကို ရိုက်နှက်တာကို တွေ့မြင်ကြသူ အများစုက ဒါဟာ အိမ်တွင်းရေးပြဿနာသက်သက်လို့ ယူဆကြတယ်၊ ဝင်ရောက်ဖြေရှင်းပေးလိုမှု မရှိကြဘူးလို့ ပြောပါတယ်။

ရန်ကုန်အခြေစိုက် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဒေါ်သက်သက်အောင်ကတော့ ဒါဟာ မိမိအိမ်ထောင်ရေး၊ မိသားစုအရေးနဲ့ပတ်သက်ပြီး တခြားသူတွေကို အသိမပေးသင့်ဘူး ဆိုတဲ့ အရိုးစွဲနေကြတဲ့ အမူအကျင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒီနိုင်ငံက အမျိုးသားအများစုက ဇနီးသည်တွေကို သူတို့ပိုင်တဲ့ပစ္စည်းလို သဘောထားကြတယ်။ ဒါဟာ လွဲမှားနေတဲ့ အတွေးအခေါ်ပါပဲ” လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

အကြမ်းဖက်မှုပြဿနာများ လျော့နည်းလာစေဖို့ အသိပညာပေးရေး လုပ်ငန်းများ ပိုမို ထိရောက်ဖို့ အစိုးရရဲ့ အကူအညီ၊ ပူးပေါင်း ဆောင်ရွက်မှု ရသင့်တယ်၊ အစိုးရကလည်း အမျိုးသမီးများကို ကာကွယ် စောင့်ရှောက်မှုပေးတဲ့ အခန်းကဏ္ဍမှာ မူဝါဒများ ချမှတ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်ရဲ့ လူမှုဆက်ဆံရေးညှိနှိုင်းရေးမှူး ဒေါ်အေးသဒ္ဒါလှကတော့ နေရထိုင်ရမလွတ်လပ်တဲ့ စခန်းတွေမှာ အပျိုဖော်ဝင်ခါစတွေကို အိမ်ထောင်ချပေးတာကလည်း မှန်ကန်တဲ့ ဖြေရှင်းချက် မဟုတ်တဲ့အပြင် ဒါဟာ မိသားစုအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

စစ်ရှောင်စခန်းတွေမှာ အနေအထိုင်ဆင်းရဲတဲ့အတွက် အမျိုးသမီးအများစုက ကလေးယူဖို့ ငြင်းတယ်၊ တချို့ အမျိုးသားတွေက ဒီလိုငြင်းဆန်မှုကို သဘောမကျတဲ့အတွက် ဇနီးသည်ကို ရိုက်နှက်ကြတယ်လို့ သူက ဆိုပါတယ်။

“အနည်းစုသော အမျိုးသားတွေက အကြမ်းဖက်ပြီး အများစုသော အမျိုးသားတွေက လက်ပိုက်ကြည့်နေတာ” လို့ ဒေါ်အေးသဒ္ဒါလှက ပြောလိုက်ပါတယ်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading