ပညာပေးမှု၊ စစ်ဆေးမှု ပိုမိုလိုအပ်နေတဲ့ ဓာတ်မြေသြဇာ စျေးကွက်

ရေကြည်မြို့အနီး ရွာသစ်ကုန်းကျေးရွာမှာ လယ်သူမတစ်ဦး စပါးရိတ်သိမ်းနေပုံ (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)
ရေကြည်မြို့အနီး ရွာသစ်ကုန်းကျေးရွာမှာ လယ်သူမတစ်ဦး စပါးရိတ်သိမ်းနေပုံ (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)

ပုသိမ် - ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စုက ဦးလှမြင့်က မိရိုးဖလာ သဘာဝမြေသြဇာဖြစ်တဲ့ နွားချေးနဲ့စပါးခွံမြေဆွေးတွေကို နှစ်ပေါင်း သုံးဆယ်ကျော် အသုံးပြုခဲ့သူ ဖြစ်ပါတယ်။

ငွေလိုလာတဲ့အတွက် ဒီနှစ်ထဲ သူ့နွား ၁၅ ကောင် ရောင်းလိုက်ပြီးနောက်ပိုင်း နွားချေးကုန်ကြမ်း မရှိတော့သူ ဦးလှမြင့်က ဓာတ်မြေသြဇာကို သုံးနေပါပြီ။

“သဘာဝမြေသြဇာက တာဝန်ကြီးတယ်။ အချိန်ယူပြီးတော့ ချရတယ်။ တစ်နေ့ကို လှည်းနဲ့ ဆယ်စင်း၊ တစ်လ နီးပါးလောက်ကို လုပ်နေရတယ်။ ဓာတ်မြေသြဇာကတော့ ကိုယ်လိုချင်တဲ့အချိန်၊ ကိုယ်သုံးချင်တဲ့အချိန်မှ ပက်လိုက်ရင် တစ်ရက်၊ နှစ်ရက်နဲ့ ပြီးတယ်” လို့ သူက စပါးခင်းထဲက လယ်လုပ်သားတွေကို ညွှန်ကြားရင်း ပြောပြပါတယ်။

ဦးလှမြင့်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ဓာတ်မြေသြဇာကုမ္ပဏီတွေအတွက်တော့ အလွန်ကြီးမားတဲ့ စျေးကွက်ကြီးတစ်ခုပါ။

သူတို့ဆီ ရောက်လာတဲ့ အရည်အသွေးမမီ၊ ဥပဒေနဲ့ မကိုက်ညီတဲ့ ဓာတ်မြေသြဇာ တံဆိပ်မျိုးစုံကို တားမြစ်ရေးအတွက် ပိုမိုစစ်ဆေးထိန်းချုပ်ဖို့ လိုအပ်နေသလို၊ ဓာတ်မြေသြဇာကြောင့် မြေဆီလွှာပျက်စီးမှု လျှော့ချနိုင်ရေးအတွက် ပညာပေးလုပ်ငန်းတွေကို အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဓာတ်မြေသြဇာ အရည်အသွေး

နှစ်ဆန်းပိုင်းမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မြေသြဇာကော်မတီက လူသုံးများနေတဲ့ ရွှေနဂါး တံဆိပ်ပါ မြေသြဇာ သုံးမျိုးကို မှတ်ပုံတင် ဖျက်သိမ်းလိုက်ပြီး စျေးကွက်ထဲမှာ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မူလမှတ်ပုံတင်ထားတဲ့ စံချိန်စံနှုန်းတွေနဲ့ ကွဲလွဲနေတာကို စစ်ဆေး တွေ့ရှိတာကြောင့် မြေသြဇာ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Universe Industrial Group ကုမ္ပဏီထုတ် ဓာတ်မြေသြဇာ သုံးမျိုးဟာ ဒေသခံ အများစု အသုံးပြုနေတာကြောင့် အဲဒီထုတ်ပြန်ချက်ဟာ စျေးကွက်ထဲ ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခဲ့ပါတယ်။

ပန်းတနော်၊ အင်းမကျေးရွာက လယ်သမားဦးလှမြင့်ကတော့ စျေးကွက်ထဲမှာ ၂နှစ်ကြာတွင်ကျယ်ခဲ့တဲ့ ရွှေနဂါး Top-One ပေါင်းသတ်ဆေးမြေသြဇာတွေဟာ စိုက်ပျိုးပြီး တစ်ပတ်အတွင်းမှာ အသုံးပြုရတာဖြစ်ပြီး ဓာတ်မြေသြဇာတင်မကပဲ ပေါင်းသေဆေးပါ ပါတာကြောင့် လယ်သမားအများစုက ကြိုက်ကြတယ်လို့ပြောပါတယ်။

ရွှေနဂါး ဓာတ်မြေသြဇာ သုံးမျိုးကို ပိတ်ပင်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ စျေးကွက်အတွင်းက အခြားဓာတ်မြေသြဇာတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ဒေသခံတို့ သံသယဝင်လာပါတယ်။

ဓာတ်မြေသြဇာ ဥပဒေ အခန်း(၁ဝ) မှာ မည်သူမျှ အဆိပ်ရှိ ပစ္စည်းများ ရောနှော ပါဝင်သော မြေသြဇာကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ရလို့ ပါဝင်ပါတယ်။

ပုသိမ်ခရိုင် စိုက်ပျိုးရေးဌာန ဦးစီးမှုး ဦးစိန်မောင်မြင့်က ဓာတ်မြေသြဇာ နမူနာယူ စမ်းသပ်ဖို့ စျေးကွက်ထဲ လစဉ်စစ်ဆေးရေး ဝင်နေတယ်လို့ Myanmar Now ကို ပြောပါတယ်။

“တောင်သူနဲ့ရောင်းသူတွေကြားထဲမှာ သူတို့အချင်းချင်းဆက်နွယ်မှုနဲ့(လက်သိပ်ထိုးရောင်းချမှုတွေနဲ့) ရောက်ရှိနေတဲ့ ဓာတ်မြေသြဇာ တွေလည်း ရှိနေနိုင်ပါတယ်။ ဒီလိုရှိနေတာကြောင့်လည်း ဓာတ်မြေသြဇာအတု လုပ်ငန်းတွေ ပေါ်ပေါက်နေတာပါ” လို့ သူက ပြောပါတယ်။

ပန်းတနော်မြို့ ကျွန်းပေါ်သား စိုက်ပျိုးရေး ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် ဒေါ်ဝေနီလွင်က စျေးကွက်ထဲမှာ စံချိန်မမှီတာတွေ၊ အရောအနှောတွေရှိနေ နိုင်ပေမယ့် သူတို့က ဒါတွေ ပပျောက် အောင် မစွမ်းဆောင်နိုင်ဘူးလို့ ပြောပါတယ်။

“ ဓာတ်မြေသြဇာဆိုတာက ပါးစပ်နဲ့လည်း မြည်းကြည့်လို့ရတာ မဟုတ်ဘူး။ အိတ်တိုင်းကိုလည်း ဓာတ်ခွဲခန်းပို့ (စစ်ဆေး)ပြီးမှ ရောင်းချဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး” လို့ ဒေါ်ဝေနီလွင်က ဆိုပါတယ်။

ကျောင်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ဦးစိုးသီဟက လယ်သမားမိသားစုက မွေးဖွားခဲ့ပြီး မိဘလက်ငုပ်လက်ရင်း လယ် ၅ ဧကကို ဆက်လက်လုပ်ကိုင်နေသူပါ။

လယ်တစ်ဧကအတွက် ဓာတ်မြေသြဇာ အိတ်တစ်ဝတ်အသုံးပြုခဲ့စဉ်က စပါးတင်း ရဝ နှုန်း ထွက်ရှိခဲ့ပြီး တစ်အိတ်အပြည့် သုံးစွဲခဲ့ပြီးနောက်ပိုင်းမှာတော့ ၉၅ တင်း အထိ အထွက်တိုးလာခဲ့တယ်လို့သူက ပြောပါတယ်။

ဓာတ်မြေသြဇာရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို အသေအချာ နားမလည်ဘဲ အထွက်နှုန်း တိုးချင်တာကြောင့်သာ အသုံးပြုနေကြခြင်းဖြစ်တယ်လို့ ဦးစိုးသီဟက ပြောပါတယ်။

“အခုက ကုမ္ပဏီတွေကလည်း ဓါတ်မြေသြဇာရဲ့ ကောင်းကျိုးတွေကိုပဲ ချပြတယ်။ ဆိုးကျိုးကိုကျ မပြောကြဘူး။ ဆိုးကျိုးကောင်းကျိုးတွေကို ရှင်းရှင်းလင်းလင်းချပြသင့်တယ်” လို့ ဦးစိုးသီဟက မှတ်ချက်ပေးပါတယ်။

ပညာပေးဆောင်ရွက်ချက်

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အရာရှိတစ်ဦးဖြစ်တဲ့ ဒေါ်ဌေးဌေးဝင်းက ဒေသတွင်း ၂၆မြို့နယ်မှာ ဓာတ်မြေသြဇာအရောင်းဆိုင်ပေါင်း ၇၇၉ဆိုင် ရှိတယ်လို့ ဌာနရဲ့စာရင်းတွေကိုကြည့်ရင်း ပြောပါတယ်။ ဒီဆိုင်တွေကို တစ်လ၂ကြိမ် စစ်ဆေးတယ်၊ ခရိုင်ဦးစီးမှုးတွေ၊ အရာရှိတွေကလည်း တောင်သူတွေကို ပညာပေး ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

“တောင်သူတွေကို ဓာတ်မြေသြဇာနဲပတ်သက်ပြီး အချိန်နဲ့တစ်ပြေးညီ သုံးဖို့၊ အချိုးညီညွတ်အောင် သုံးဖို့နဲ့ အလေအလွင့် နည်းအောင် အသုံးပြုဖို့ဆိုပြီး ညွန်ကြားပေးနေပါတယ်” လို့ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။

“ အချိုးညီ ဆိုရင်တော့ လယ်တစ်ဧကကို ယူရီးယား တစ်အိတ်ခွဲ၊ တီစူပါ ၄ပုံ၁ပုံနဲ့ ပိုတက် တစ်အိတ် သုံးစွဲရင် အတော်ပါပဲ။ ယူရီးယားတစ်အိတ်ခွဲကို ပိုတက် တစ်အိတ်ခွဲ သုံးမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့” လို့ သူက မှတ်ချက်ပေးပါတယ်။

စိုက်ပျိုးရေးဌာန အငြိမ်းစားအရာရှိ ဦးမြင့်လွင်က အပင်တွေမှာ လိုအပ်ချက် ဓာတ်၁၆မျိုးရှိပြီး လေထုထဲမှာ ၃မျိုးရရှိနိုင်ပြီး ကျန်တဲ့ ၁၃မျိုးကိုတော့ မြေဆီလွှာကဖြည့်တင်းပေးရတယ်လို့ ဆိုပါတယ်။

“နွားချေးတို့မြေဆွေးတို့ကနေ ဒီဓာတ် ၁၃လုံးမျိုးကိုရနေတယ်။ ဒီ၁၃မျိုးထဲမှာ ၃မျိုးက များများလိုတယ်။ ကျန်တဲ့ ခု လယ်သမားတွေဖြစ်နေတာက အများလိုဓာတ်တွေဖြစ်တဲ့ ၃မျိုးကိုတောင် တစ်မျိုးပဲ သုံးကြတယ်” လို့ သူက ပြောပါတယ်။

အများလိုဓာတ် ၃မျိုးထဲက တစ်ခုခု လျော့နည်းသွားရင် သီးနှံကို ထိခိုက်တယ်၊ အထူးသဖြင့် ပုလဲအားနည်းသွားရင်တော့ ပိုပြီးတော့ သိသာကြောင်း စိုက်ပျိုးရေး အငြိမ်းစားအရာရှိ ရှင်းပြပါတယ်။

ပုသိမ်ခရိုင်၊ စိုက်ပျိုးရေးအရာရှိ ဦးစိန်မောင်မြင့်က တောင်သူအများစုက ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုကြပြီး ထည်ထိုး ထွန်မွှေမှုများခြင်း၊ စနစ်မကျခြင်းတို့ကြောင့် မြေဆီလွှာပျက်စီးမှုတွေဖြစ်ရတာလို့ ပြောပါတယ်။

သီးနှံမှာ စပါးတစ်ခုတည်းကို ဆက်တိုက်စိုက်ပျိုးမယ်ဆိုရင်တော့ အပေါ်ယံမှာရှိတဲ့အလွှာတွေ ပေါက်ပြီးတော့ မြေကျွံတာလိုမျိုး ဘေးထွက် ဆိုးကျိုး ရှိကြောင်း ဦးစိန်မောင်မြင့်က ပြောပါတယ်။

ဓာတ်မြေသြဇာ သုံးတဲ့အခါမှာ ယူရီးယား၊ တီစူပါ၊ ပိုတက် ဒီသုံးမျိုးကို အချိန်နဲ့တစ်ပြေးညီ သုံးစွဲ၊ အချိုးညီမျှအောင် အသုံးပြုနိုင်ဖို့ကို ပညာပေး ဆွေးနွေးလေ့ရှိတယ်လို့ ရှင်းပြပါတယ်။

ပန်းတနော်မြို့နယ်မှာ နေထိုင်သူ ကိုမင်းမင်းဇော်က မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်၁ဝဧကကို ဆက်လက်လုပ်ကိုင်နေသူ တောင်သူတစ်ဦးဖြစ်ပါတယ်။

သူက ကွန်ပေါင်းဓာတ်မြေသြဇာတွေထက် ဒေသခံတွေ ပုလဲလို့ခေါ်ကြတဲ့ ယူရီးယားဓာတ်မြေ သြဇာကို အသုံးပြုတယ်လို့ပြောပါတယ်။ သူ့မိဘတွေလက်ထက်က တင်း ၁ဝဝ ကျော်လောက် ထွက်တဲ့ လယ်မြေဟာ သူ့လက်ထက်မှာတော့ အထွက်နှုန်း လျော့ကျလာတာကြောင့် စိုက်ပျိုးရေးဌာန ဝန်ထမ်းတွေနဲ့ တိုင်ပင်နေတယ်လို့ ကျုံတိုင်းကလေးကျေးရွာသား ကိုမင်းမင်းဇော်က ဆိုပါတယ်။

“တောင်သူအသိနဲ့တော့ မြေကြီး တစ်ခုဖြစ်တယ်လို့တော့ မှန်းတာပေါ့။ စိုက်ပျိုးရေးဌာနကို ရောဂါဖြစ်တဲ့ အပင်တွေ ယူသွားပြီးပြတော့ သူတို့က မှိုရောဂါတစ်ခုခုဖြစ်တယ်လို့ ပြောပါတယ်” လို့ ၃၆ နှစ် အရွယ် ကိုမင်းမင်းဇော်က ရှင်းပြပါတယ်။

မြေဆီလွှာပျက်စီးမှု

စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာန လက်ထောက်ညွန်ကြားရေးမှုး ဒေါ်ဌေးဌေးဝင်းက သူတို့ဌာနက ၄ နှစ်တာ ပြုစုထားတဲ့ မှတ်တမ်းတွေအရ ဒေသတွင်း ၂၆မြို့နယ်မှာ ၁၅မြို့နယ်ခန့်က မြေဆီလွှာပျက်စီးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒီမြေဆီလွှာပျက်စီးမှုတွေကို အချိန်မှီပြုပြင်ဖို့အတွက် လယ်သား တွေကို ဆွေးနွေးညွန်ကြားတာတွေလည်း လုပ်ခဲ့တယ်လို့ဆိုပါတယ်။

မြေဆီလွှာထဲ အက်ဆစ်ဓာတ်တွေ လိုတာထက် ပိုများနေတာကို ပြုပြင်ဖို့အတွက် ထုံးဓာတ်ကို ထည့်သွင်းပေးဖို့လိုတယ်လို့ ပြောပါတယ်။

လယ်တစ်ဧကကို ပြုပြင်ဖို့အတွက် ထုံး တန်ဝက် ၃နှစ်ဆက်တိုက်ထည့်သွင်းဖို့ လိုအပ်ပြီး ထုံးထည့်သွင်းတဲ့ အချိန်ဟာ စိုက်ပျိုးချိန်နဲ့ အနည်းဆုံး တစ်လကြာကွာဟာရမယ်လို့သူကပြောပါတယ်။ ဒီလိုအချိန်ပေးပြုလုပ်ဖို့ ခက်ခဲနေမယ်ဆိုရင်တော့ သီးနှံတစ်ခါစိုက်လို့ ယူရီးယား တစ်ခါသုံးစွဲပြီးတာနဲ့ ထုံး ၂၅ပိသာကို တစ်ဧကနှုန်း သုံစွဲပေးရင်လည်းထိရောက် နိုင်ပါတယ်လို့ သူက ပြောပါတယ်။

“ယူရီးယားတစ်အိတ်သုံးပြီးတိုင်း ထုံး၂၅ပိသာသုံးပေးမယ်ဆိုရင်တော့ မြေဆီလွှာ ပျက်စီးတာတွေကို ပြင်ပြီးသားဖြစ်သွားနိုင်ပါတယ်။ “ လို့သူကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးတောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးချစ်က ဓာတ်မြေသြဇာ စံချိန်၊ စံညွှန်းနဲ့မညီတာတွေ အတုအပတွေရှိနေတာကြောင့်သာမကအစိုးရရဲ့ စိုက်ပျိုးရေး ပညာပေးလုပ်ငန်းတွေက အားနည်းနေတာဟာ မြေဆီလွှာပျက်စီးမှုတွေနဲ့ ဆက်စပ်နေတယ်လို့ဆိုပါတယ်။

သူက ဧရာဝတီတိုင်းဒေသကြီးရဲ့ လယ်မြေတွေရဲ့ ၃ပုံ၂ပုံဟာ ပျက်စီးနေပြီး အချိန်မှီ ပြင်ဆင်ဖို့လည်း လိုအပ်နေတယ်လို့ Myanmar Now နဲ့ တွေ့တော့ ပြောပါတယ်။

ပုသိမ်ခရိုင် စိုက်ပျိုးရေးဌာနမှ ဦးစိန်ဝင်းမြင့်က အခက်အခဲတွေကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ဖို့အတွက် Call Center တွေ ထားရှိပေမယ့် တောင်သူတွေဘက်က ဆက်သွယ်ခြင်း မပြုကြဘူးလို့ စိတ်ပျက်လက်ပျက် ညည်းပါတယ်။

အစိုးရသစ်ကာလ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးဖို့ ကြိုးစားတဲ့အခါမှာတော့ ပြည်သူနဲ့အစိုးရ အကြား ယုံကြည်မှု တည်ဆောက်ဖို့က ပထမဆုံးရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုပါပဲ။

“တစ်ချိန်က ကျွန်တော်တို့ဌာနကို ဘယ်လိုပဲ မြင်ခဲ့မြင်ခဲ့ ဒီအချိန်မှာ မိမိရဲ့စီးပွားရေးဘဝ တိုးတက်စေဖို့အတွက် စိုက်ပျိုးရေးဌာနက Call Centerတွေကို ဆက်သွယ်ပြီးတော့ နေ့ညအချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ အကူ အညီလည်းတောင်းကြပါ” လို့ ခရိုင်မှုး ဦးစိန်ဝင်းမြင့်က ပြောပါတယ်။

ဒီအတောအတွင်း အငြင်းပွားဖွယ် ဓာတ်မြေသြဇာ အသုံးပြုရေး မပြုရေးက လယ်သမားတွေကြားထဲမှာတော့ အမြင် မတူကြပါဘူး။

ငွေဆောင်ကမ်းခြေ ဘူးခါးကျေးရွာက ဦးဇော်တိုးက ဓာတ်မြေသြဇာသုံးစွဲရင် အထွက်နှုန်း တိုးမယ်ဆိုတာကို ရရှိတဲ့ အမြတ်အစွန်းတွေက ဓာတ်မြေသြဇာဖိုးနဲ့ မကာမိဘူး လို့ ပြောပါတယ်။

ဓာတ်မြေသြဇာအသုံးပြုပြီး စိုက်ပျိုးတာက ဒီနှစ်မှာအသုံးပြုလိုက်ရင် နောက်နှစ်တွေ နောက်နှစ်တွေမှာလဲ ဆက်တိုက်ဆိုသလို ဓာတ်မြေသြဇာကို အသုံးပြုပြီး စိုက်ပျိုးရတာဖြစ်တာကြောင့် အသုံးမပြုခြင်းဖြစ်တယ်လို့ သူကပြောပါတယ်။

“ဓာတ်မြေသြဇာသုံးထားပြီး စိုက်ပျိုးထားတဲ့စပါးက လူကို ဘေးအန္တရယ်ပေးပါတယ်။ ကျွန်တော်တို့ လယ်က ထွက်တဲ့ စပါးက ဓာတ်မြေသြဇာမသုံး ထားတဲ့အတွက် လူကို ဥပါဒ်မဖြစ်စေပါဘူး” လို့ ရင့်မှည့်နေတဲ့ သူ့စပါးခင်းတွေကိုကြည့်ရင်း ပြောလိုက်ပါတယ်။

ပန်းတနော်က ဦးလှမြင့်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ။

ဓာတ်မြေသြဇာ မသုံးဘဲ စိုက်ပျိုးရင် တစ်ဧကကို ၁၅တင်းကနေ တင်း၂ဝထိ အထွက်နှုန်းလျှော့သွားတာကြောင့် ဓာတ်မြေသြဇာကို မဖြစ်မနေသုံးစွဲနေရတယ်လို့ ဦလှမြင့်က ပြောပါတယ်။

“ဓာတ်မြေသြဇာသုံးစွဲတာကြောင့် မြေဆီလွှာပျက်စီးတယ်လို့ ပြောကြပေမယ့် အထွက်နှုန်းကတော့ တကယ် ကောင်းပါတယ်” လို့ ရိတ်သိမ်းခါနီးပြီဖြစ်လို့ ရင့်မှည့်နေတဲ့ ရွှေဝါရောင် စပါးပင်တွေကို ကိုင်ကြည့်ရင်း ပြောလိုက်ပါတယ်။ ။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading