သတင်း

ဖဒိုမြို့ ပေါက်ကွဲမှုအပြီး ဒေသခံ၂၀ ကျော် အဖမ်းခံရ 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး နှစ်ရက်အတွင်း လူ ၂၀ ကျော် အဖမ်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ 

ဇွန် ၁၅ နံနက်ပိုင်း ပေါက်ကွဲမှုအပြီး ရဲနှင့် စစ်သားများ ရောက်ရှိလာချိန်တွင် ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့၍ စစ်ကားနှင့် ရဲကားတချို့ အနည်းငယ်ထိခိုက်သွားသည်။  

“ဗုံးပေါက်ပြီး ဘယ်လောက်မှ မကြာဘူး။ ရဲကားက ခဏလေးနဲ့ရောက်လာတယ်။ သေနတ်တွေဖောက်ပြီး ရောက်လာတာ။ ဗုံးပေါက်တဲ့ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းက ပုံမှန်အားဖြင့် ကားနဲ့သွားရင် ၁၀ မိနစ်ကျော်လောက်ကြာတယ်။ ဒါပေမယ့် အဲ့ဒီနေ့က ခဏလေးနဲ့ ရောက်လာတာ” ဟု ဖဒိုမြို့ဒေသခံတစ်ဦးက ပြောသည်။

“ပြီးတော့ ညခင်းကျတော့ အဲ့ဒါနဲ့ဆက်စပ်ပြီး မသင်္ကာဘူးဆိုပြီး လိုက်ဖမ်းတော့တာ”  

နောက်တစ်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် အမှတ် ၅ ရပ်ကွက်ရှိ နေအိမ်တစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးလိုသူကို မတွေ့ရှိသောကြောင့်ဟုဆိုကာ ၎င်း၏ အစ်ကိုနှင့် အစ်မကို ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် နေ့လယ်တွင် အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးလှနှင့် ပရဟိတလုပ်ငန်းများလုပ်ကိုင်သူ အမျိုးသားတစ်ဦးကို အဖမ်းခံရသည်။

ဆက်လက်ပြီး အမှတ် ၁ ရပ်ကွက်တွင် ၎င်းတို့အလိုရှိသူကို ဝင်ရောက်ရှာဖွေသော်လည်း နေအိမ်တွင် မရှိ၍ အခြားသူများကို ဖမ်းဆီးသွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။ 

“အဲ့ဒီအိမ်ကို စစ်သားတွေက သေနတ်တွေနဲ့ လာဝိုင်းတယ်။ အဲဒီအိမ်မှာ လူမရှိတော့ ဘေးနားကအိမ်မှာ ရှိတဲ့သူတွေကို ဖမ်းသွားတယ်။ ဘာမှမသိဘဲနဲ့။ သူတို့ဝိုင်းတဲ့အိမ်မှာ လူမရှိတော့ ဘေးနားက အိမ်ကလူတွေကိုပါ ဖမ်းသွားတာ” ဟု ပြောသည်။ 

ယမန်နေ့ (ဇွန် ၁၈) တွင်လည်း ဖဒိုမြို့အတွင်း ဝင်ရောက်ရှာဖွေခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ 

အဖမ်းခံရသူများနှင့် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“ဘာလို့ဖမ်းတာလဲ။ အခု ဘယ်မှာလဲဆိုတာ ဘာမှကို မသိရသေးတာ။ ဘာဆိုဘာမှကို မသိရသေးဘူး” ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

ထိုသို့ ဖဒိုမြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး စစ်တပ်က ဖမ်းဆီးနေမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ဖက်ဆစ်တော်လှန်ရေးနေ့ (မတ် ၂၇ )က ဖဒိုမြို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်ကောင်စီ၏ လက်နက်ကိုင်များ ပစ်ခတ်ဖြိုခွဲမှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ပြီး ယင်းနောက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ အရှိန်လျော့နည်းသွားခဲ့သည်။ 

ဇွန် ၁၀ ရက် ဝန်းကျင်ကလည်း ပဲခူးတိုင်း ကညွတ်ကွင်းမြို့နယ်တွင် ရန်ကုန်-မန္တလေးမီးရထားသံလမ်း ဗုံးပေါက်ကွဲမှုအပြီး လူငယ် ၁၀ ဦးထက်မနည်း ရိုက်နှက်ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက ဇွန် ၁၇ အထိ မတရားဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူ ၄၉၆၂ ဦးရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၈၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button