သတင်း

စစ်ကောင်စီမီးတင်ရှို့ခဲ့သည့် ကင်းမရွာတွင် အသက် ၈၀ ကျော်အရွယ်နှစ်ဦး မီးလောင်သေဆုံး 

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ကင်းမရွာကို စစ်ကောင်စီလက်နက်ကိုင်များက ယမန်နေ့တွင် မီးတင်ရှို့ခဲ့ရာ ရွာအတွင်းကျန်ရှိနေခဲ့သည့် အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အိုနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။

ပေါက်မြို့တောင်ဘက် မိုင် ၂၀ အကွာရှိ ကင်းမရွာကို စစ်ကောင်စီက မီးရှို့ခဲ့ရာတွင် ကျန်းမာရေးမကောင်းသဖြင့် ရွာလယ်ပိုင်းရှိ နေအိမ်၌ ကျန်နေခဲ့သူ အသက် ၈၈ နှစ်အရွယ် ဦးမြမောင်နှင့် ၈၂ အရွယ် ဒေါ်ကြီးမှိန် ဇနီးမောင်နှံ မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

စစ်ကောင်စီတပ်များ ဝင်လာချိန်တွင် ရွာထဲကျန်ခဲ့သည့် သက်ကြီးရွယ်အို ငါးဦးအနက် သုံးဦးကိုသာ ကယ်တင်နိုင်ခဲ့ပြီး မီးလောင်သေဆုံးခဲ့သည့် သက်ကြီးရွယ်အို ဇနီးမောင်နှံမှာ မပြေးနိုင်သဖြင့် နေအိမ်တွင် ချန်ထားခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့၏ သားဖြစ်သူကို ကိုးကားလျက် တစ်အိမ်ကျော်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်သေဆုံးခဲ့သော သက်ကြီးရွယ်အို ဇနီးမောင်နှံတွင် ကင်းမရွာ၌ပင် နေထိုင်သည့် သားသမီးရှစ်ဦး ကျန်ရှိသည်ဟု သိရသည်။

“အဲဒီအဘိုးကြီးက ကျန်းမာရေး အတော်လေးချို့ယွင်းနေတာ။ ဘယ်လိုမှကို လမ်းမလျှောက်နိုင်တော့တာ။ သူတို့သားသမီးကလည်း အကုန်လုံးက ပြေးနေကြတာဆိုတော့ သူ့ကို ဘယ်သားသမီးမှ မကယ်တော့ဘူးလေ။ အဘွားကြီးကတော့ သူ့ယောက်ျားဇောနဲ့ပဲ အသေခံသွားတဲ့ သဘောရှိပါတယ်” ဟု အသက် ၅၀ ကျော်အရွယ် ဒေသခံတစ်ဦးက ပြောသည်။ 

လူသေအလောင်းဟု ယူဆရသည့် မီးလောင်ကျွမ်းထားသော ရုပ်အလောင်းတစ်ခုပုံ။ 

ယနေ့ (ဇွန် ၁၆) နံနက်ပိုင်းတွင် မီးလောင်သေဆုံးခဲ့သူများ၏ သားဖြစ်သူက ရွာကို ပြန်လာကြည့်ရာတွင် မီးလောင်ထားသည့် ပြာပုံများကိုသာ တွေ့ခဲ့ရသည်ဟု ဆိုသော်လည်း မီးလောင်ကျွမ်းထားပြီး လူသေအလောင်းဟု ယူဆရသည့် ဓာတ်ပုံနှစ်ပုံကို Myanmar Now က ရရှိထားသည်။

ယမန်နေ့က ကင်းမရွာသို့ ရဲများ ဝင်ရောက်စီးနင်းစဉ် ရွာသားအားလုံး ထွက်ပြေးချိန်၌ အဆိုပါ သက်ကြီးရွယ်အို ဇနီးမောင်နှံကို ကယ်တင်နိုင်ခဲ့ခြင်း မရှိကြောင်း နောက်ထပ် ကင်းမရွာသားတစ်ဦးဖြစ်သူ ဦးကင်း (အမည်လွှဲ) က ပြောသည်။

ဦးကင်းသည် ကင်းမရွာအလယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ မီးရှို့မှုကြောင့် စပါးအိတ် အလုံး ၁၀၀၊ မြေပဲ အတင်း ၃၀၊ ဆန်အိပ် အလုံး ၂၀ ၊ နှမ်း ၅ တင်း၊ ကြက်သွန် ၆၀၀ တင်းနှင့် အိမ်ရှိပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ 

အိမ်ခြေ ၂၄၀ ကျော်ရှိသည့် ကင်းမာရွာ၌ နေအိမ်အလုံး ၃၀ ခန့်သာ မီးမလောင်ဘဲ ကျန်ရှိခဲ့ပြီး လက်ရှိတွင် ရွာခံ ၁၀၀၀ ဝန်းကျင်မှာလည်း တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကာ ရွာသားလေးဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

 

ကင်းမရွာမီးရှို့ခံရစဉ် မီးလောင်ကျွမ်းခဲ့သည့် တိရစ္ဆာန်များ

ချုံခိုတိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့က ရွာကို မီးတင်ရှို့ 

ယမန်နေ့တွင် ကင်းမရွာအရှေ့ဘက် ၂ မိုင်ကျော်နေရာတွင် အင်အား ၃၀ ခန့်ရှိ ရဲတပ်ဖွဲ့ကို ဒေသခံကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့တိုက်ပွဲဖြစ်ပွားပြီး ၃ နာရီ အကြာတွင် ရဲများက ကင်းမရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“ရဲတွေက စစ်ဆေးရေးလာလုပ်တာ။ သတင်းရတော့ ကင်းမရွာအရှေ့ဘက်ကနေ စောင့်မိုင်းခွဲတာ။ သူတို့ဘက်က ကျဆုံးတွေရှိတော့ ပေါက်နဲ့ ပခုက္ကူဘက်က စစ်ကူတွေ ရောက်လာတယ်။ ကာကွယ်ရေးအဖွဲ့တွေက နောက်ဆုတ်လိုက်ပြီ။ မီးမလောင်ခင်က ရွာဘက်ကို သူတို့က လျှောက်ပစ်နေတာ”ဟု ၎င်းက ပြောသည်။

ပြောက်ကျားနည်းဖြင့် ချုံခိုတိုက်ခိုက်ခဲ့ရာတွင် ရဲတပ်ဖွဲ့ ၁၅ ဦး သေဆုံးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

ယမန်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင်များက ကင်းမရွာတစ်ဝိုက်ကို သေနတ်များဖြင့် တရစပ်ပစ်ခတ်နေခြင်းကြောင့် ရွာသားများမှာ စတင်ထွက်ပြေးခဲ့ကြရသည်ဟု ဆိုသည်။ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် စာသင်ကျောင်းအနီးရှိ အိမ်တစ်လုံးကို စတင်မီးရှို့လိုက်ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ပထမရှို့တုန်းကတော့ တစ်အိမ်ပဲရှို့တာ။ ထပ်ရောက်လာပြီး တောင်ပိုင်းတွေရော၊ မြောက်ပိုင်းတွေရော အကုန်ရှို့သွားတာ။ ရဲဝတ်စုံတွေနဲ့” ဟု အဆိုပါလူငယ်က ပြောသည်။

စတင်မီးရှို့သည့် ရဲ ၅ ဦး ထွက်ပြေးသွားချိန်တွင် ရွာသားများက မီးငြှိမ်းရန် စီစဉ်နေကြစဉ် ရဲအင်အား ၄၀ ခန့် ထပ်မံရောက်ရှိလာကာ ရွာအနှံ့ လိုက်လံမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တစ်အိမ်ထဲ ရှို့ပြီး လေတိုက်လို့ မီးကူးတာမဟုတ်ဘူး။ ရွာအလယ်တွေရော၊ အနောက်ပိုင်း၊ မြောက်ပိုင်းတွေရော တွေ့တာ ရှို့တာ” ဟုလည်း ဦးကင်းက ပြောသည်။

ပေါက်မြို့နယ် ကင်းမရွာကို မီးရှို့မခံရမီက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ − Supplied) 

စစ်ကောင်စီ၏ လက်နက်ကိုင်များက ရွာကို မီးရှို့ချိန်တွင် ရွာသားအများစုမှာ ထွက်ပြေးနေပြီဖြစ်သည့်အတွက် ဖမ်းဆီးခံရသည့် ဖြစ်စဉ်မျိုးမရှိခဲ့ပေ။

ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများအရ ယနေ့နံနက်ပိုင်း ကင်းမရွာ၏ အခြေအနေမှော နေအိမ်အများစု မီးလောင်ပြာကျထားပြီး မီးလောင်ကျွမ်းကာ ပျက်စီးနေသည့် အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် မီးလောင်သေဆုံးနေသည့် တိရစ္ဆာန်များလည်း တွေ့မြင်ရသည်။

လက်ရှိတွင် ကင်းမရွာသားများ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကာ ရွာထဲ၌ စစ်ကောင်စီက ကားသုံးစီးဖြင့် လာရောက်တပ်စွဲထားပြီး ဒရုန်းများဖြင့်လည်း ကောင်းကင်မှနေ၍ နယ်မြေအခြေအနေကို လှည့်လည်စစ်ဆေးနေသည်ဟု ဒေသခံများထံမှ သိရသည်။

မေ ၃၁ က ကင်းမရွာအနီးရှိ ကြည့်ငိုတောင်ကြားတွင် ခြေလျင်တက်လာသည့် စစ်ကောင်စီ၏ လက်နက်ကိုင်များကို ဒေသခံကာကွယ်ရေးအဖွဲ့က လက်လုပ်ဆွဲမိုင်းငါးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသခံပြောက်ကျားအဖွဲ့က ပြောဆိုထားသည်။

မေလအတွင်း၌ပင် ပေါက်မြို့နယ် ကင်းဆုပ်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ စာရေးဖြစ်သူနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူး အသတ်ခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်များကြောင့် ကင်းမရွာတည်ရှိ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

Show More

Related Articles

Back to top button