သတင်း

ကိုဗစ်ကာကွယ်ဆေးရရန် ကြိုးပမ်းခဲ့သူ ကြီးလေးသောပုဒ်မများ အတပ်ခံရ 

ကိုဗစ်နိုင်တင်းကာကွယ်ဆေးထိုးနှံရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်းနှင့် မန္တလေးမြို့မှ ဆရာဝန်ကြီးနှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ကြီးလေးသောပုဒ်မများဖြင့် စွပ်စွဲကာ အမှုဖွင့် အရေးယူထားသည်။

ကိုဗစ်ကာကွယ်ဆေးရရှိရန် အဓိကဦးဆောင်ကြိုးပမ်းခဲ့သူ၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းအပါအဝင် ဆရာဝန် ၂၅ ဦးကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ -က၊ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ပုဒ်မ ၁၂၄၊ မတရားအသင်းဆက်သွယ်မှုဆိုင်ရာပုဒ်မ ၁၇ တို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်။

ထို့ပြင် ထိုဆရာဝန် ၂၅ ဦးမှာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ နှောင့်ယှက်ဖျက်ဆီးသူများအဖြစ်လည်း ဇွန် ၁၄ ရက်နေ့ထုတ် သတင်းစာများမှတဆင့် စစ်ကောင်စီက စွပ်စွဲပြောဆိုထားသည်။ 

ဒေါက်တာထားထားလင်းကို စစ်ကောင်စီက ဇွန် ၁၀ ရက်နေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့သည်။ ထို့နောက် စစ်ကောင်စီက ဒေါက်တာထားထားလင်း၏ နေအိမ်ကို သွားရောက်၍  ဖုန်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေသိမ်းဆီးခဲ့ပြီး ၎င်း၏ အမျိုးသားကိုပါ ခံဝန်ကတိထိုးရန်ဟုဆိုကာ ဒဂုံမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဇွန် ၁၀ ည ၇ နာရီခန့်တွင် ၇ နှစ်အရွယ် သားဖြစ်သူကို စစ်ကောင်စီက ထပ်ဖမ်းခဲ့သည်။ ဒေါက်တာထားထားလင်၊ ၎င်း၏ အမျိုးသားနှင့် သားဖြစ်သူတို့ကို မည်သည့်နေရာတွင်ထားရှိသည်ကိုပင် မသိရသေးကြောင်း မိတ်ဆွေဆရာဝန်တစ်ဦးက ပြောသည်။ 

ဖမ်းဝရမ်း အစောဆုံး ထုတ်ခံရသူ 

ဒေါက်တာထားထားလင်းသည် အာဏာသိမ်းပြီး တစ်ပတ်ကြာ ဖေဖော်ဝါရီ ၇ ကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဝရမ်း အစောဆုံးထုတ်ခံရသည့် ဆရာဝန်များအနက်တစ်ဦးဖြစ်သည်။

ဒေါက်တာထားထားလင်းသည် ကျပ် ၁၆၁ ဒသမ ၁၉၈ သန်းရှိ ကိုဗစ်ရန်ပုံငွေစာရင်း မရှင်းလင်းဘဲ CDM ပြုလုပ်ထားသူဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ Public Health Team ခေါင်းဆောင်လည်းဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။ 

စစ်ကောင်စီသည်  ကိုဗစ်ရောဂါကာကွယ်ဆေးကို အကြောင်းပြ၍ နိုင်ငံတကာရန်ပုံငွေများရယူရာတွင် ဒေါက်တာထားထားလင်းကို အသုံးချလိုသော်လည်း ၎င်းက ငြင်းဆန်ခဲ့သဖြင့် ဖမ်းဆီးတရားစွဲခဲ့သည်ဟု လုပ်ဖော်ကိုင်ဖက်များက ယုံကြည်ထားကြသည်။

 “ပိုက်ဆံတွေ( ကိုဗစ်ရန်ပုံငွေ)ကို အစ်မက တိုင်းနဲ့ ပြည်နယ်တွေကို ခွဲချပေးလိုက်တယ်။ ကျန်တာတွေကို အလှူရှင်တွေဆီ ပြန်အပ်ပေးခဲ့တယ်။ ရန်ပုံငွေထောက်ပံ့ပေးတဲ့သူတွေကို စာရင်းတွေ အကုန်ရှင်းပေးခဲ့တယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ထိုင်ရှင်းခဲ့တာ။ သူမရှိတော့ စစ်ကောင်စီက ကိုဗစ်ရန်ပုံငွေမရတော့လို့ သူ့ကို လိုချင်နေတာ” ဟု ဒေါက်တာထားထားလင်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောသည်။

ဒေါက်တာထားထားလင်းသည် ကျန်းမာရေးကဏ္ဍအတွက် ရရှိသည့်ငွေများကို တိုင်းပြည်အကျိုးရှိအောင် အသုံးချတတ်သူဖြစ်ပြီး ရာထူးမှိန်းယူထားသူ မဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ရာထူးမှန်းယူ၊ အထက်ဖားအောက်ဖိ၊ ပြည်ပအကူအညီတွေကနေ ငွေတွေထုတ်၊ အကျိုးရှိအောင် မလုပ်နိုင်တဲ့ အကြီးတွေ (ရာထူးကြီးသူများ) များတယ်။ အစ်မက ကြွက်ချေးထဲက ဆွမ်းဆန်ပဲ” ဟု အထက်ပါဆရာဝန်က မှတ်ချက်ပြုသည်။

ထို့အပြင် ကျန်းမာရေးဌာနအောက်ခြေဝန်ထမ်းများအပေါ် မည်သည့်အခါကမျှ ဖြတ်စားလျှပ်စားလုပ်တတ်သူ မဟုတ်ဟု ၎င်းက ဆိုသည်။

အန္တရာယ်ကို ကြိုတင်အသိပေး

ငွေအလွဲသုံးမှုဖြင့် ၎င်းအပေါ်စွပ်စွဲလာနိုင်ခြေများနှင့် ပတ်သက်၍ ဒေါက်တာထားထားလင်းက အာဏာသိမ်းပြီးစ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက လုပ်ဖော်ကိုင်ဖက်များကို အီးမေးလ်မှတစ်ဆင့် ကြိုတင်အသိပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် နိုင်ငံခြားငွေအပါအဝင် ဘဏ္ဍာငွေ အလွန်နည်းပါးနေသောကြောင့် ကိုဗစ်ဆေးဝယ်ယူရန် အိန္ဒိယနိုင်ငံ Serum Institute of India (SII)သို့ ပေးချေထားသော အမေရိကန်ဒေါ်လာ ၇၅ သန်းကို ပြန်လိုချင်နေကြောင်း၊ ကိုဗစ်ဆေးအကြောင်းပြ၍ ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို အဆုံးသတ်ရန် ကြံစည်နေကြောင်း ဒေါက်တာထားထားလင်းက လုပ်ဖော်ကိုင်ဖက်များကို အသိပေးခဲ့သည်။

“စစ်အာဏာရှင်တွေဟာ ကာကွယ်ဆေးထိုးလုပ်ငန်းကို အကြောင်းပြပြီး အကျိုးအမြတ်ရယူဖို့ ကြံစည်နေခြင်းဖြစ်ပါတယ်” ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို အသိပေးသည့် အီးမေးလ်တွင် ဒေါက်တာထားထားလင်းက ရေးသားထားသည်။

ထို့အပြင် “ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျွန်မတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက် ရောက်သွားစေမယ့် လက်နက်အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး။ ကျေးဇူးပြုပြီး စစ်အာဏာရှင်များရဲ့ ရက်စက်မှု၊ ဉာဏ်မရှိမှုနဲ့ ကျမတို့နိုင်ငံကို လုယူသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူတွေကို နှိပ်စက်နေမှုတွေကို တစ်ကမ္ဘာလုံးကို အသိပေးပေးကြပါ။ ဒါဟာ လက်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ၊ မမေ့ပစ်နိုင်စရာပါပဲ” ဟုလည်း ဒေါက်တာထားထားလင်းက တောင်းဆိုခဲ့သည်။ 

စစ်ကောင်စီ၏ စွပ်စွဲချက်

ဒေါက်တာထားထားလင်းနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ အိန္ဒိယမှ ကိုဗစ်ကာကွယ်ဆေးဝယ်ယူမည့် ငွေကြေးအကြောင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိဘဲ ဒေါက်တာထားထားလင်းသည် CDM လှုပ်ရှားသူများ ပင်မအုပ်စု (CDMer Core Group) ဖွဲ့စည်း၍ NUG ကို ကူညီပေးနေသည်ဟု ထွက်ဆိုထားသည်ဟု ဆိုသည်။ 

ဇွန် ၁၄ ရက်ထုတ် သတင်းစာတွင် စစ်ကောင်စီက ဖော်ပြထားသည့် ဒေါက်တာထားထားလင်းနှင့် NUG အချိတ်အဆက်။

ထို့အပြင် မတ် ၁၅ တွင် ဒေါက်တာဇော်ဝေစိုးက လုပ်ပေးနိုင်သမျှ ကူညီပေးရန် ပြောခဲ့ကြောင်း၊ ထို့နောက် ဒေါက်တာဇော်ဝေစိုးအတွက် မိန့်ခွန်းများရေးသားခြင်း၊ NUG ၏ ကျန်းမာရေးကဏ္ဍအတွက် အစီအမံများရေးဆွဲပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဒေါက်တာထားထားလင်းက ဝန်ခံထားသည်ဟု စစ်ကောင်စီက ဆိုသည်။

ဒေါက်တာဇော်ဝေစိုးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် ကုသမှုများအတွက် ခြောက်လစာစရိတ်ကို အမေရိကန်ဒေါ်လာ ၈ သန်းနှုန်းဖြင့် တွက်ချက်၍ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများထံ တောင်းခံလွှာကို ဒေါက်တာထားထားလင်းအား ရေးသားစေခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။ 

ဒေါက်တာထားထားလင်း ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံအခြေစိုက် Physicians for Human Rights (PHR)အဖွဲ့က ရှုတ်ချကြောင်း ဇွန် ၁၂ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

PHR Myanmar သုတေသီတစ်ဦးဖြစ်သူ ကပ်ရောဂါဗေဒပညာရှင် (epidemiologist) Jennifer Leigh က “ဒေါက်တာထားထားလင်းကို တရားမဲ့ဖမ်းဆီးခြင်းဟာ စစ်တပ်အနေနဲ့ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေအပေါ် အဆုံးစွန်ထိ တိုက်ခိုက်သွားမယ်၊ ဖိနှိပ်သွားမယ်ဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ လက်ရှိ နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း/ ကျွမ်းကျင်ပညာရှင်တွေလည်း အချိန်မရွေး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံရနိုင်တယ်” ဟု မှတ်ချက်ပြုထားသည်။

ဒေါက်တာထားထားလင်းနှင့် ဆက်စပ်သည်ဟုဆိုကာ မန္တလေးဆေးတက္ကသိုလ်မှ ခွဲစိတ်ကုပညာ ကထိက ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့် ဇနီးဖြစ်သူ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး အထူးကုဆရာဝန် ဒေါက်တာဆွေဇင်ဦးတို့ကိုလည်း စစ်ကောင်စီက ဇွန် ၁၃ ရက်တွင် ဖမ်းဆီးခဲ့သည်။

ဆရာဝန်ကြီးဇနီးမောင်နှံကို မဟာအောင်မြေမြို့နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဒေါက်တာမောင်မောင်ငြိမ်းထွန်း၏ မျက်နှာတွင် ညိုမည်းဒဏ်ရာများ ရရှိထားသည်ကိုလည်း စစ်ကောင်စီထုတ်ပြန်ထားသော ဓာတ်ပုံများတွင် တွေ့ရှိရသည်။ 

“သူတို့ရှောင်နေတဲ့အိမ်ကို လာဖမ်းတာ။ ဆရာကြီးက ဖိအားပေး နှိပ်စက်ခံထားရတယ်” ဟု ဖမ်းဆီးခံရသူနှစ်ဦး၏ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တစ်ဦးက ပြောသည်။

Show More

Related Articles

Back to top button