သတင်း

ဒီပဲယင်းတွင် စစ်တပ်က ဒေသခံတစ်ဦးကို ပစ်သတ် 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာအုပ်ချုပ်ရေးမှူး၏ သမီးနှစ်ဦး အသတ်ခံရပြီးနောက် ယမန်နေ့ (ဇွန် ၁၄) ညနေ၌ အနီးအနားရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့၍ ဒေသခံ ရွာသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရသွားသည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် မပါဝင်သူ ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏ အစ်မ၊ တောင်အင်ပင်ရွာအုပ်ချုပ်ရေးမှူးဟောင်းတို့ ဇွန် ၁၃ ညနေတွင် အသတ်ခံခဲ့ရသည်။

ထို့နောက် အဆိုပါရွာနှစ်ရွာအတွင်း စစ်ကား ၁၆ စီးဖြင့် စစ်တပ်က နေရာယူလိုက်ပြီး ယမန်နေ့ (ဇွန် ၁၄) နေ့လယ်မှစ၍ ကြည်ရွာ၏ အနောက်ဘက် ၂ မိုင်အကွာ ဆပ်ပြာကျင်းနှင့် ဘုတ်ရွာတို့၌ စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့သည်။ 

“သူတို့က ရွာတွေထဲ အကြောင်းမဲ့ မည်းမည်းမြင်ရာ ဝင်ပစ်တာ၊ အင်အားအများကြီးနဲ့” ဟု ဘုတ်ရွာသားတစ်ဦးက ဆိုသည်။

ယင်းပစ်ခတ်မှုအတွင်း ဘုတ်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုအောင်ဆန်းသည် ရင်ဘတ်တွင် ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ကိုသိုက်ထွေးသည် ခါးနှင့် ဆီးခုံတို့၌ ကျည်ထိမှန်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

ဆေးရုံသို့ပို့လျှင် ဖမ်းဆီးနှိပ်စက်ခံရမည်ကို စိုးရိမ်သဖြင့် ဒဏ်ရာရသူကို လုံခြုံသည့်နေရာတွင် ကုသပေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကြည်ရွာ၊ အင်ပင်၊ ညောင်လှ၊ ယဉ်ကျေး၊ ဆပ်ပြာကျင်း စသည့် ရွာများအတွင်း အင်အားရာဂဏန်းဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ညနေ ၆ နာရီခန့် အင်ပင်ရွာအနီး၌ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် တွေ့ပြီး နာရီဝက်ကျော် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ယင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်း PDF အဖွဲ့ထံမှ သိရသည်။ 

ယနေ့ (ဇွန် ၁၅) နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာအတွင်း စစ်ကား ၂၂ စီး အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်ပစ်ခတ်နေပြီး လက်ရှိအခြေအနေကို အသေးစိတ် မသိရှိရသေးပေ။

စစ်ကိုင်းတိုင်းအတွင်း၌ ဒီပဲယင်းမြို့နယ်အပါအဝင် ယင်းမာပင်၊ ကနီ၊ တန့်ဆည်၊ အရာတော်၊ မင်းကင်းမြို့နယ်များရှိ စစ်ကောင်စီကို တော်လှန်နေသည့် ကျေးရွာများကို စစ်တပ်က ဧပြီလအတွင်းမှစ၍ တပ်စွဲခြင်း၊ ရွာအတွင်း ဝင်ရောက်ရှာဖွေဖျက်ဆီးခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။ 

ကြည်ရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၏ သမီးနှစ်ဦးကို ၎င်းရွာမှ ရွာသားတစ်ဦးနှင့် CDM ကျောင်းဆရာတစ်ဦးက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဇွန် ၁၅ ရက်ထုတ် စစ်တပ်၏ ဝါဒဖြန့် ကြေးမုံသတင်းစာတွင် စွပ်စွဲဖော်ပြထားသည်။

ပြည်သူလူထုကို လက်နက်ကိုင်အကြမ်းဖက်သူများ၊ အကြမ်းဖက်သောင်းကျန်းသူများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်နေသည်ဟုလည်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာက ဆိုသည်။ 

Show More

Related Articles

Back to top button