သတင်း

တောင်သာအမျိုးသမီးအမှုတွင် အဖမ်းခံရသူတစ်ဦး ၂၄ နာရီအတွင်း သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ဒလန်ဟု ယူဆရသည့်အမျိုးသမီး သေနတ်ပစ်ခံရမှုနှင့် ဆက်စပ်၍ စွပ်စွဲဖမ်းဆီးခံရသူ အမျိုးသားတစ်ဦး စစ်ကြောရေးတွင် ယနေ့ (ဇွန် ၁၄) သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

သေဆုံးသူမှာ အင်းတဲကျေးရွာမှ အင်ဂျင်စက်ပြင်လုပ်ငန်းဖြင့် အသက်မွေးသည့် အသက် ၃၈ နှစ်အရွယ် ဦးမျိုးမြင့်သန်းဆိုသူဖြစ်ပြီး ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ စစ်ကြောရေး၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ဇွန် ၁၃ မွန်းလွဲပိုင်း၌ တောင်သာမြို့နယ် အရှေ့စျေးမှ ယွန်းယွန်းလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် အမျိုးသမီးကို လူငယ်နှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့၍ ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး မိတ္ထီလာစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။ 

၎င်းအမျိုးသမီးသည် ပြည်ခိုင်ဖြိုးပါတီဝင်၊ ဒလန်၊ စစ်တပ်သတင်းပေးဖြစ်သည်ဟူသော ဒေသခံတချို့၏ ပြောဆိုချက်များကို Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။ 

သို့သော်လည်း ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်နေသည်။

ယင်းနေ့မှာပင် ဈေးအနီး လူငယ် ၂ ဦးကို ဖမ်းလိုက်သည်။ ညနေပိုင်းတွင် တောင်သာမြို့ အနောက်ဘက် ကျေးရွာ ၅ ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေပြီး ဦးမျိုးမြင့်သန်းအပါအဝင် ၄ ဦးကို သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့ (ဇွန် ၁၄) မွန်းတည့် ၁ နာရီဝန်းကျင်တွင် ဦးမျိုးမြင့်သန်း သေဆုံးသွားပြီဖြစ်ကြောင်း စစ်ကောင်စီခန့်ထားသည့် အင်းတဲကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်။ 

သေဆုံးခဲ့ရသည့်အကြောင်းရင်းနှင့် ပတ်သက်ပြီး မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ဇနီးသည်၊ မိဘ နှစ်ပါး၊ ဦးဇင်းတစ်ပါးတို့သာ ဦးမျိုးမြင့်သန်း၏ ရုပ်အလောင်းကို ကြည့်ရှုခွင့်ရခဲ့သည်ဟု နီးစပ်သူများက ပြောသည်။ 

“လာကြည့်ရုံကြည့်ခိုင်းတယ်။ အကြောင်းပြချက်လည်းမပေးဘူး။ မျက်နှာတွေကတော့ စုတ်ပြတ်ထွက်နေတာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် တောင်သာမြို့ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဦးမျိုးမြင့်သန်း၏ ရုပ်အလောင်းကို တောင်သာမြို့သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

ဦးမျိုးမြင့်သန်း သေဆုံးသဖြင့် ဇနီးဖြစ်သူနှင့် အသက် ၈ နှစ်အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့သည်။

ဒလန်ဟု ယူဆရသူအမျိုးသမီး သေနတ်ပစ်ခံရမှုနှင့် ပတ်သက်ပြီး တောင်သာမြို့ပြောက်ကျားလူငယ်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ပြီး ဖမ်းဆီးခံရသူ ၆ ဦးနှင့် ပတ်သက်မှုမရှိကြောင်း Myanmar Now ကို ဖြေကြားထားသည်။

ဦးမျိုးမြင့်သန်း ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ သေဆုံးခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက ကြေညာခြင်းမပြုသေးသလို စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကြောရေးတွင် သေဆုံးသူ ၂၂ ဦးအနက် ထက်ဝက်ကျော်သည် ဖမ်းဆီးခံရချိန်မှ ၂၄ နာရီအတွင်း သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဇွန် ၁၁ တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button