သတင်း

မန္တလေးမှ ဆန္ဒပြသူတို့ ကားဖြင့်တိုက်ဖြိုခွင်းခံရပြီး ၆ ဦး အဖမ်းခံရ 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီးတွင် တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းကို ယနေ့ (ဇွန် ၁၄) နံနက်ပိုင်းက စစ်ကောင်စီက ကားဖြင့်တိုက်ဖြိုခွင်းပြီးနောက် တက္ကသိုလ်ဆရာတစ်ဦးအပါအဝင် ၆ ဦးကို ဖမ်းဆီးခဲ့သည်။

ယနေ့ နံနက် ၆ နာရီတွင် တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်း စတင်ထွက်ခွာချိန်၌ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်သည် အိမ်စီးကား၊ ဆိုင်ကယ်များဖြင့် ရောက်လာသောကြောင့် ဆန္ဒပြသူများ အလျင်အမြန် လူစုခွဲနေစဉ် ကားဖြင့်တိုက်၍ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ 

“သူတို့ကားက စစ်ကြောင်းနောက်ကို ရောက်လာတာနဲ့ မသင်္ကာလို့ လူစုခွဲလိုက်တာ၊ ခွဲခွဲချင်း ဆိုင်ကယ်တွေနဲ့ ပြေးကြတော့ သေနတ်ပစ်ဖောက်ပြီး နောက်ဆုံးဆိုင်ကယ်တွေကို (ကားနဲ့) တိုက်ပြီး ဖမ်းသွားတာ”ဟု အဆိုပါ ဆန္ဒပြစစ်ကြောင်းခေါင်းဆောင်တစ်ဦးက ပြောသည်။ 

“တိုက်ခံရတဲ့နှစ်ယောက်က မြေပေါ်မှာ လူးလိမ့်နေတယ်လို့ မြင်တဲ့သူတွေက ပြောကြတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီတပ်သည် မန္တလေး၌ ဆန္ဒပြစစ်ကြောင်းများကို ဖြိုခွင်းရာတွင် သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ကားဖြင့်တိုက်ခြင်း စသည့်အကြမ်းဖက်နည်းများသုံးကာ နှိမ်နင်းဖြိုခွင်းလျက်ရှိသည့်အပြင် အများသူငါသွားလာသည့် လမ်းများပေါ်တွင် ဆိုင်ကယ်များအတွင်း ရှာဖွေခြင်း၊ ဖုန်းများအားဖွင့်၍ စစ်ဆေးဖမ်းဆီးခြင်းများ မကြာခဏပြုလုပ်လျက်ရှိသည်။

ထို့အပြင် ညအချိန်များတွင်လည်း လူနေရပ်ကွက်များအတွင်း ပစ်ခတ်ခြောက်လှန့်ကာ ဖမ်းဆီးခြင်းများလည်း ပြုလုပ်နေသည်။

ထိုသို့ စစ်ကောင်စီက နေ့နေ့ညည အကြမ်းဖက်ဖြိုခွင်းနေသော်လည်း မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးတော်လှန်ရေးဆန္ဒပြမှုများ အားကောင်းနေဆဲဖြစ်သည်။

“ကျွန်တော်တို့ကတော့ ဘယ်လိုပဲ နှိပ်ကွပ်နှိပ်ကွပ်၊ ပန်းတိုင်မရောက်မချင်း လမ်းပေါ်ရှိနေဦးမှာပါပဲ”ဟု တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းခေါင်းဆောင် (အခြား) တစ်ဦးက ဆိုသည်။

မန္တလေးတွင် ဒေါင်းစစ်သည်ဆန္ဒပြစစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများစစ်ကြောင်း၊ ပညာရေးဆန္ဒပြစစ်ကြောင်း၊ အလုပ်သမားလယ်သမားစစ်ကြောင်း၊ မန္တလေးတက္ကသိုလ်စစ်ကြောင်း၊ ဘုရားကြီးဆန္ဒပြစစ်ကြောင်း၊ အထက (၇) ဆန္ဒပြစစ်ကြောင်း၊ စိန်ပန်းရပ်ကွက်စစ်ကြောင်းများ ပူးပေါင်းကာ  တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြလျက်ရှိသည်။

၎င်းသပိတ်စစ်ကြောင်းသည် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်အတွင်း ပြီးခဲ့သည့် ဧပြီ ၁၉ ကလည်း ဖြိုခွင်းခံရပြီး ၁၁ ဦး အဖမ်းခံရသည်။ ထိုစဉ်က စစ်ကောင်စီသည် ရဲကား၊ စစ်ကား ၇ စီးဖြင့် ရောက်ရှိလာပြီး စစ်ကြောင်းရှေ့ဆုံးမှ လူတစ်ဦးကို ကားဖြင့်တိုက်ကာ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွဲခဲ့သည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့သည်။ 

မန္တလေးတွင် ဆန္ဒပြသူများကိုသာမက ဆုတောင်းမေတ္တာပို့နေသော မစိုးရိမ်တိုက်သစ်မှ သံဃာများကိုလည်း စစ်တပ်က အသံဗုံး၊ သေနတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူများကို နေအိမ်အတွင်း ပုန်းခိုခွင့်ပြုခဲ့သည့် အမျိုးသမီးတစ်ဦးကိုလည်း ပစ်ခတ်ဖမ်းဆီးကာ အမှုဖွင့်အရေးယူထားသည်။

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေးလွှတ်တော်ကော်မတီတို့၏ ထောက်ပံ့မှုဖြင့် ဆူပူအကြမ်းဖက်သူများက မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နေ၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်ဟု စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button