သတင်း

စစ်တပ်ကို ရေဒါနည်းပညာကူညီမှု ရပ်ဆိုင်းရန် အိန္ဒိယကုမ္ပဏီကိုတောင်းဆို

အိန္ဒိယအခြေစိုက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီး Bharat Electronics Limited(BEL) အနေ ဖြင့် မြန်မာစစ်တပ်ကို ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါနည်းပညာနှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့နေမှုကို ရပ်ဆိုင်းပေးရန် Justice For Myanmar အဖွဲ့က ယနေ့ (ဇွန် ၁၄) တွင် တောင်းဆိုလိုက်သည်။

Justice for Myanmar ကရရှိသည့် အိန္ဒိယ၏ ပို့ကုန်အချက်အလက်များအရ BEL ကုမ္ပဏီသည် မြန်မာသို့ ရေဒါပစ္စည်းအစိတ်အပိုင်းတင်ပို့မှု အနည်းဆုံး ၇ ကြိမ်အထိရှိပြီး အာဏာသိမ်းပြီး ဖေဖော်ဝါရီလအတွင်း ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ မြန်မာစစ်တပ်အတွက် BEL က ဒီဇိုင်းထုတ်ပေးခဲ့သည့် ကမ်းရိုးတန်းစောင့်ကြည့်ရေးရေဒါစနစ်အတွက် ပစ္စည်းများတင်ပို့ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

မြန်မာကိုတင်ပို့ထားသည့် ပစ္စည်းများတွင် လျှပ်စစ်အလင်းကြိုးမျှင်စနစ်၊ ရေဒါဗီဒီယိုထုတ်ယူရေးစက်၊ VHF ဆက်သွယ်ရေးစနစ်၊ ဂရပ်ဖစ်ပရော်ဆက်ဆာများ၊ ကွန်ပျူတာခန်းအမာထည်ပစ္စည်း၊ ဆာဗာသိုလှောင်ခန်း၊ ဘက်ထရီနှင့် အခြားထောက်လှမ်းရေးရေဒါအစိတ်အပိုင်းများအပြင် ၁၅ မီတာမြင့် ရေဒါမျှော်စင်ပါဝင်သည်ဟု Justice for Myanmar ၏ ထုတ်ပြန်ချက်က ဆိုသည်။

“BEL ရဲ့ လုပ်ဖော်ကိုင်ဖက်ကုမ္ပဏီတွေ၊ သူတို့အစိုးရတွေနဲ့ ရှယ်ယာပိုင်ရှင်တွေဟာ အခုချိန်မှာ ရှေ့ထွက်ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာ ကင်းရှင်းကြောင်းပြသတဲ့အနေနဲ့  မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

မြန်မာစစ်တပ်အတွက် BEL က တင်ပို့ခဲ့သည်ပစ္စည်းများ အနိမ့်ပိုင်းနှင့် အလယ်အလတ်အမြင့်ရှိ ဝေဟင်ပစ်မှတ်များကို နောက်ယောင်ခံရှာဖွေရန် ဒီဇိုင်းထားသည့် Bharani အမျိုးအစား ရေဒါစနစ်ပါဝင်ပြီး သေနတ်၊ ဒုံးကျည်နှင့် အမြောက်ပစ်ခတ်မှုများအတွက် ပစ်မှတ်ရှာဖွေရေးကို အထောက်အကူပြုမည် ဖြစ်သည်။ 

အဆိုပါ ကမ်းရိုးတန်းစောင့်ကြည့်ရေးရေဒါစနစ် တည်ဆောက်ရေးအတွက် ၂၀၁၇ ခုနှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ မြန်မာပြည်ခရီးစဉ်အတွင်း သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း Justice For Myanmar က ဆိုသည်။ 

BEL ၏ ကုန်ပစ္စည်းများကို အိန္ဒိယနိုင်ငံ၏ ဂျေပူးနှင့် ဘန်ဂလောမြို့များမှတဆင့် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးသို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ကုန်တင်ရက်စွဲများမှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၇ မှ မတ် ၂၉ အထိဖြစ်သည်။ 

ထို့အပြင် တပ်ဆင်ရေးပစ္စည်းဟုဖော်ပြထားသည် ကိရိယာ ၁၂,၂၀၀ နှင့် ထိန်းချုပ်စင်တာအပိုပစ္စည်း ၁,၀၀၀ ကိုလည်း  ၂၀၂၀ ဒီဇင်ဘာမှ ၂၀၂၁ ဇန်နဝါရီအတွင်း မြန်မာသို့ တင်ပို့ခဲ့သည်။ BEL ကုမ္ပဏီအနေဖြင့် ကမ်းရိုးတန်းစောင့်ကြည့်ရေးရေဒါစနစ်အတွက် ၁၅ မီတာနှင့် ၅၀ မီတာအမြင့်ရှိ ရေဒါမျှော်စင်တည်ဆောက်တပ်ဆင်ရေးအတွက် ပြီးခဲ့သည့်နှစ် ၂၀၂၀ ဖေဖော်ဝါရီတွင် တင်ဒါခေါ်ယူခဲ့သေးသည်ဟု သိရသည်။ 

အိန္ဒိယအစိုးရက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည့် BEL ကုမ္ပဏီသည်  ၂၀၁၈ ခုနှစ်အတွင်းကလည်း မြန်မာစစ်တပ်၏ လက်နက်ပွဲစားကုမ္ပဏီတစ်ခုဖြစ်သော Myanmar Consultancy Company ကို မြေပြင်အခြေစိုက်ရေဒါများပေးပို့ခဲ့သည်ဟု Justice For Myanmar အဖွဲ့က ဆိုသည်။ 

BEL ကုမ္ပဏီသည် မြန်မာနိုင်ငံကို ဦးစားပေးဈေးကွက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး နိုင်ငံရပ်ခြား လုပ်ငန်းခွဲ ၆ ခုရှိသည့်အနက် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ၂၀၁၈ တွင်မှတ်ပုံတင်ခဲ့ရာ ထိုရုံးကို ပိတ်ပစ်ရန်လည်း Justice for Myanmar အဖွဲ့က တောင်းဆိုထားသည်။ 

စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ အဆိုအရ BEL ကုမ္ပဏီသည် စစ်ဘက်ဆိုင်ရာ ဝန်ဆောင်မှုနှင့် လက်နက်ထုတ်လုပ်သည့် ကမ္ဘာထိပ်တန်းကုမ္ပဏီ ၁၀၀ တွင် ပါဝင်သည်။

ထို့ပြင် BEL သည် ဥရောပအခြေစိုက်ကုမ္ပဏီကြီးများဖြစ်သည့် အီတလီမှ Elettronica၊ ဆွီဒင်မှ Saab၊ ဒိန်းမတ်မှ Terma၊ ပြင်သစ်နှင့် နယ်သာလန်ကုမ္ပဏီ Thales တို့နှင့် သဘောတူညီချက်များရှိနေပြီး ထိုကုမ္ပဏီများ၏ နည်းပညာဆိုင်ရာ လွှဲပြောင်းမှုများသည် ဥရောပသမဂ္ဂ၏ လက်နက်ရောင်းချမှု ပိတ်ဆို့ရေးအစီအစဉ်အောက်တွင် ရှိနေသည်။

ဒိန်းမတ်ကုမ္ပဏီ Terma သည် ရေဒါစီမံကိန်းထောက်ပံ့ရန် BEL နှင့် သဘောတူညီခဲ့ပြီး မြန်မာကို တင်ပို့သည့် ရေဒါတည်ဆောက်ရေးဆိုင်ရာပစ္စည်းများတွင် ဒိန်းမတ်နည်းပညာပါဝင်နိုင်ခြေရှိရာ အီးယူ၏ လက်နက်ရောင်းချမှုပိတ်ဆို့‌ရေးအစီအစဉ်ကို ချိုးဖောက်နိုင်သည်ဟု Justice for Myanmar က ဆိုသည်။

BEL တွင် အကြီးမားဆုံးရှယ်ယာရှင်များတွင် အမေရိကန်မှ Goldman Sach၊ Dimensional Fund Advisors နှင့် Franklin Templeton၊ ဂျပန်အသက်အာမခံကုမ္ပဏီ Nippon Life Insurance(NLI)၊ တောင်ကိုရီးယားမှ Mirae Asset Financial Group၊ နော်ဝေမှ Norges Bank Investment Management နှင့် ဗြိတိန်မှ Ninety One ကုမ္ပဏီတို့ ပါဝင်နေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုများရှိသည့်တိုင် BEL ကုမ္ပဏီက နည်းပညာများဆက်လက်လွှဲပြောင်းနေပြီး မြန်မာလူထု၏ အသက်ထက် အကျိုးအမြတ်ကို ဦးစားပေးနေကြောင်း၊ ထိုအချက်မှာ မြန်မာနိုင်ငံကို ကမ္ဘာက လက်နက်ရောင်းချမှုပိတ်ဆို့ရန် လိုအပ်နေသည်ကို မီးမောင်းထိုးပြနေကြောင်းလည်း Justice For Myanmar က ဆိုသည်။ 

မြန်မာစစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကလေးသူငယ် ၇၄ ဦးအပါအဝင် အရပ်သားပြည်သူ ၈၆၀ သေဆုံးခဲ့ပြီး လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုင်းရင်းသားဒေသများတွင် လူပေါင်း ၂၀၀,၀၀၀ ကျော် အိုးအိမ်ပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

Show More

Related Articles

Back to top button