သတင်း

စစ်ကောင်စီဆန့်ကျင်သူများကို ကူညီနေသည့် ‌ရှေ့နေနှစ်ဦး အဖမ်းခံရ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အမှုအပါအဝင် နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ကရင်ပြည်နယ်မှ ရှေ့နေနှစ်ဦး ဖမ်းဆီးခံရပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ခံထားရသည်။ 

ဇွန် ၁၀ ညနေ မြဝတီမြို့၊ ထိုင်းမြန်မာနယ်စပ် အမှတ် (၁) ဂိတ်၌ တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာနှင့် ဦးဘုန်းမြတ်သူတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့၏ အသိမိတ်ဆွေများထံမှ သိရသည်။ 

“လောလောဆယ်သိထားတာကတော့ ၅၀၅ – က နဲ့လို့ပဲ သိထားတယ်။ ရဲစွဲချက်အတိအကျကိုလည်း မသိရသေးဘူး။ ဥပဒေအကြံပေးမကျသေးဘူးဆိုတော့ ပုဒ်မက ဘယ်လိုအနေအထားမျိုးနဲ့ ဘယ်လိုပြန်ပြောင်းဦးမလဲဆိုတာက မပြောနိုင်ဘူး” ဟု ဒေါ်နီလာ၏ ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောသည်။ 

၎င်းတို့နှစ်ဦးလုံးသည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်များ၊ ဘားအံနည်းပညာအထက်တန်းကျောင်းအုပ် ဒေါ်ချိုယုမွန်တို့၏  အမှုများကို ကူညီပေးနေကြသူများ ဖြစ်သည်။

မြဝတီမြို့မရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် ၎င်းတို့နှစ်ဦးကို ဇွန် ၁၁ ၌ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး နောက်ရုံးချိန်းမှာ ဇွန် ၂၅ ဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့၍ ဖမ်းဆီးတရားစွဲဆိုခံထားရသူများ၏ အမှုများကို တရားဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများကို စစ်ကောင်စီက မေလကုန်မှစ၍ ပိုမိုနှိပ်ကွပ်လာသည်။  

မေ ၂၄ တွင် နေပြည်တော်ကောင်စီနယ်မြေ မြို့တော်ဝန် ဦးမျိုးအောင်၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းလှိုင်ထွန်း အဖမ်းခံရသည်။  

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်မြို့တော်ဝန် ဦးမျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေးခဲ့သည့် အထူးတရားရုံး တရားခွင်မှအပြန်တွင် ရှေ့နေ ဦးသိန်းလှိုင်ထွန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံနေရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်သည် မေ ၂၇ တွင် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ – ကဖြင့် အမှုဖွင့်ခံထားရသည်။ 

ထို့အတူ ကချင်ပြည်နယ်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို ဇွန် ၂ နေ့လယ်၌ တရားခွင်အတွင်းမှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။ 

ရှေ့နေတို့ကို ပစ်မှတ်ထားခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းလိုသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ထိုသို့ စစ်ကောင်စီ၏ အမှုဖွင့်တရားစွဲဆိုခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများမှာ စောင့်ကြည့်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။ 

“သူတို့က ဘယ်လိုပုံစံမျိုး သတိပေးလဲဆိုတော့ ရှေ့နေလိုက်လည်း ဒီနိုင်ငံရေးနဲ့ပတ်သက်ရင်တော့ ထောင်ချမှာပဲ။ တရားခံတွေ ထောင်ချမှာပဲ။ လိုက်ရင်လည်း ရှေ့နေတွေအနေနဲ့ ကိုယ်ပါပါသွားမယ်။ ကိုယ့်လိုင်စင်မှ မနှမြောရင် ဆက်လုပ် ဆိုတဲ့ပုံစံမျိုးတွေ၊ ခြိမ်းခြောက်ခံရတာရှိတယ်” ဟု နိုင်ငံရေးပုဒ်မဖြင့် စွဲဆိုခံထားရသူများကို လိုက်ပါကူညီပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ 

ရှေ့နေများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “နိုင်ငံရေးအရ တမင်လုပ်တာပေါ့။ NLD မဟုတ်လည်း အမှန်ပြောရင်လည်း ရှင်းတာပဲ။ အဲ့ဒီတော့ တရားဥပဒေမစိုးမိုးတော့ဘူး။ အတ္တကြီးလာပြီ။ စစ်ဝါဒကို ထူထောင်လာပြီ။ သူ့ကိုထိပါးမယ့်၊ သူ့အာဏာကို ထိပါးမယ့်ဟာ အကုန်ရှင်းတာပဲ”ဟု သုံးသပ်သည်။ 

ဦးကြီးမြင့်သည်လည်း စစ်တပ်က တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့်  ပြီးခဲ့သည့် ၂၀၂၀ အောက်တိုဘာအတွင်း တရားစွဲဆိုခံထားရသူဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ မှ ဇွန် ၁၂ အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၄၈၄၈ ဦးရှိသည့်အနက် ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၇၈ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားသည်။

ထောင်ဒဏ် ၂ နှစ်အထိ ချနိုင်သည်ဟု ပြဋ္ဌာန်းထားသော ပုဒ်မ ၅၀၅ ကို စစ်ကောင်စီက အာဏာသိမ်းပြီး ရက်များမကြာမီမှာပင် ၃ နှစ်အဖြစ် ပြင်ဆင်တိုးမြှင့်လိုက်သည်။ 

ထိုပုဒ်မဖြင့်ပင် အာဏာသိမ်းမှု ဆန့်ကျင်သူအများစု ဖမ်းဆီးအမှုဖွင့်၊ ဝရမ်းထုတ်ခံနေရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button