ငါးပိ၊ အာဆင်းနစ်၊ ယူရီးယားနဲ့ကျန်းမာရေး အန္တရာယ်

ကင်ဆာနဲ့ ရောဂါစုံဖြစ်ပွားနေခြင်းဟာ လူသုံးများတဲ့ ငါးပိထဲ ပိုးသတ်ဆေး၊ ဓာတုဆေးပါဝင်မှုနဲ့ ဆက်စပ်နေပြီး ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ လိုအပ်နေချိန်မှာ အစားအစာတွေ ဘေးကင်းလုံခြုံအောင် အစိုးရက ယခုထက်ပိုပြီး ထိထိရောက်ရောက် မလုပ်ဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်

Published on Nov 3, 2016
ရန်ကုန်မြို့က ယင်ကောင်၊ လောက်တွေ ကင်းစင်တဲ့ ငါးပိမျိုးစုံ အရောင်းဆိုင်ကြီးတစ်ခု။ ဆိုင်ပိတ်တဲ့အခါ ရောင်းမကုန်တဲ့ ငါးပိတွေကို သတင်းစာစက္ကူနဲ့ ကပ်ပြီး ထားခဲ့တယ်၊ အရင်တုန်းကတော့ အရည်ကျိုငါးပိကို သိမ်းဆည်းရာမှာ လောက်သေရွက် အသုံးပြုကြတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့က ယင်ကောင်၊ လောက်တွေ ကင်းစင်တဲ့ ငါးပိမျိုးစုံ အရောင်းဆိုင်ကြီးတစ်ခု။ ဆိုင်ပိတ်တဲ့အခါ ရောင်းမကုန်တဲ့ ငါးပိတွေကို သတင်းစာစက္ကူနဲ့ ကပ်ပြီး ထားခဲ့တယ်၊ အရင်တုန်းကတော့ အရည်ကျိုငါးပိကို သိမ်းဆည်းရာမှာ လောက်သေရွက် အသုံးပြုကြတယ်လို့ သိရပါတယ်။

မကြာသေးခင်က ရန်ကုန်မြို့ရဲ့ စျေးတစ်ခုအတွင်း သားငါး ရောင်းတဲ့နေရာကို ရောက်သွားချိန်မှာ အံ့သြစရာ အခြေအနေ တစ်ခုကို တွေ့ခဲ့ရပါတယ်။

ဟင်းသီးဟင်းရွက်တန်းမှာတော့ ယင်ကောင်တွေ တဝီဝီ ပျံသန်းနေပေမယ့် ငါးပိဆိုင်တွေမှာတော့ ယင်ကောင် တစ်ကောင်မှ မရှိသလို၊ ငါးပိပုံထဲမှာလည်း လောက်ကောင်လေးတွေကို မတွေ့ရပါဘူး။ ငါးပိနဲ့လောက် ရွှေနဲ့ကျောက်လို့ ဆိုကြပေမဲ့ ငါးပိဆိုင်တွေရဲ့ အနေအထားက အဲဒီဆိုရိုးစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

မြန်မာတွေရဲ့ ရိုးရာအစားအစာ ငါးပိမှာ ဆိုးဆေး၊ ယင်မနားဆေး၊ လောက်သေဆေး၊ ပိုးသတ်ဆေးတွေ ပါဝင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ နှစ်နဲ့ချီ ရှိခဲ့ပေမယ့်လည်း ငါးပိနဲ့ ပတ်သက်တဲ့ သုတေသနတွေ ထွက်ပေါ်လာခြင်း မရှိသေးသလို စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ လေထဲ တိုက်အိမ်ဆောက်သလို မှုန်ဝါးဝါး ဖြစ်နေဆဲပါ။

ကင်ဆာနဲ့ ရောဂါစုံဖြစ်ပွားနေခြင်းဟာ လူသုံးများတဲ့ ငါးပိထဲ ပိုးသတ်ဆေး၊ ဓာတုဆေးပါဝင်မှုနဲ့ ဆက်စပ်နေပြီး ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ လိုအပ်နေချိန်မှာ အစားအစာတွေ ဘေးကင်းလုံခြုံအောင် အစိုးရက ယခုထက်ပိုပြီး ထိထိရောက်ရောက် မလုပ်ဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ငါးပိထဲက အာဆင်းနစ်

ရန်ကုန်မှာ အစားအစာသုတေသီတချို့ရဲ့ အကူအညီနဲ့ စျေးကွက်ထဲက ငါးပိနမူနာတချို့ယူပြီး အစိုးရ အသိအမှတ်ပြုဓာတ်ခွဲခန်း ၁ဝ ခု လောက်ကို မကြာသေးခင်က သွားရောက် ဆက်သွယ်ရာမှာ ဓာတ်ခွဲခန်း ၄ ခုကသာ ငါးပိကို လက်ခံ စစ်ဆေးနိုင်တာ တွေ့ရပါတယ်။ အဲဒီထဲမှာပဲ ဓာတ်ခွဲခန်း၂ခုက အာဟာရတန်ဖိုးတွေကိုသာ စစ်ဆေးပေးနိုင်တာပါ။

ဓာတ်ခွဲခန်းတစ်ခုရဲ့ အဖြေကတော့ မျှင်ငါးပိနမူနာမှာ အာဆင်းနစ် ပါဝင်မှု မရှိပါဘူး။ တခြား ဓာတ်ခွဲခန်း တစ်ခုရဲ့ တွေ့ရှိချက်ကတော့ အာဆင်းနစ်ဓာတ် ပါဝင်မှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်ထက် ၅ ဆနီးပါး ပိုနေပါတယ်။ ဓာတ်ခွဲခန်းမှူးကတော့ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ဓာတုဆိုးဆေးကြောင့်လို့ ပုံသေ ပြောလို့မရဘူး၊ ဧရာဝတီတိုင်းဒေသကြီးကထွက်တဲ့ ငါးပိတွေမှာဆို ရေကတစ်ဆင့် ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

အစားအသောက်ဆိုင်ရာ ပညာရှင် ဒေါက်တာစိုးခိုင်ကလည်း ဒေသတချို့ရဲ့ မြစ်ချောင်း၊ အင်းအိုင်များက ရရှိတဲ့ ငါးပုစွန်တွေမှာ အာဆင်းနစ်က သဘာဝ အလျောက် ပါဝင်နိုင်သလို၊ ငါးပိထုတ်လုပ်ပုံ အဆင့်ဆင့်မှာလည်း ပါဝင်လာနိုင်ခြေရှိတယ်လို့ ရှင်းပြပါတယ်။

အာဆင်းနစ် အဆိပ်သင့် ရောဂါလက္ခဏာတွေထဲ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ပါဝင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အသည်းကင်ဆာက ကင်ဆာရောဂါအားလုံးရဲ့ တတိယ အဖြစ်အများဆုံးအဆင့်မှာ ရှိနေကြောင်း ရန်ကုန်၊ လမ်းမတော် မြို့နယ် ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီးရဲ့ မှတ်တမ်းများအရ သိရပါတယ်။

အဲဒီ ဆေးရုံမှာ အသည်းနဲ့ပတ်သက်ပြီးကုသမှု ခံယူနေတဲ့ လူနာများစွာထဲမှာ တစ်ဦးက ၅၆ နှစ် အရွယ် ဒေါ်ခင်ခင်စော ဖြစ်ပါတယ်။

“ရုတ်တရက် ခေါင်းမူးပြီး ကြွက်တက်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုရောက်မှပဲကျွန်မမှာ ဆီးချို၊ သွေးတိုးသာမကဘဲ အသည်းကိုပါ ထိနေတယ်ဆိုတာ သိရတာ” လို့ ဒေါ်ခင်စောက ဆိုပါတယ်။

“နေ့တိုင်းစားနေတဲ့ ငါးပိမှာ ဆိုးဆေးတွေ၊ ယူရီးယားတွေ ထည့်တယ်လို့ အပြင်မှာပြောကြတာပဲ။ ငါးပိရည် မပါရင် ထမင်းစားမမြိန်လို့ စားနေတာပဲ။ အခုတောင် သွေးတိုးရောဂါရှိတယ်လို့ ဆရာဝန်ပြောလို့ လျှော့စားနေရတယ်”

သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ အပါအဝင် မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းက မြင့်မားလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သည့် ရောဂါများကာကွယ်နှိမ်နင်းရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ရွှေက ပြောပါတယ်။ တခြားရောဂါတွေကြောင့် သေဆုံးသူ ရာခိုင်နှုန်းထက် ထက်ဝက်ကျော် ရှိနေတယ်လို့ သူက ဆိုပါတယ်။

အာဆင်းနစ်အဆိပ်သင့် အစားအစာတွေကြောင့် အသည်း၊ ကျောက်ကပ် ပျက်စီးစေတယ်၊ ရောဂါလက္ခဏာ ပေါ်လာဖို့လည်း ၅ နှစ်မှ ၁၅ နှစ်အတွင်း ကြာတတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။

အာဆင်းနစ် ပါဝင်တဲ့ရေကို သောက်သုံးရတဲ့ ဒေသက ဒေသခံတွေ အနေနဲ့ ဆီးအိမ်၊ အဆုတ်၊ အရေပြား ကင်ဆာတို့ ဖြစ်စေနိုင်ပြီး အရေပြား ပြဿနာ များ၊ သွေးလည်ပတ်မှုစနစ်၊ ပင်ကို ခုခံအားစနစ် နဲ့ အာရုံကြော စနစ်တွေကို ပျက်စီး ထိခိုက်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စစ်တမ်းက ဖော်ပြထားပါတယ်။

ငါးပိ စျေးကွက်

မြန်မာပြည်သား အများအပြား နှစ်သက်ကြတဲ့ ငါးပိကို ဧရာဝတီတိုင်း ဒေသကြီးမှာ စီးပွားဖြစ် ထုတ်လုပ်လျက်ရှိပြီး နိုင်ငံအနှံ့ ဖြန့်ချိနေပါတယ်။

စျေးနှုန်းအနည်းငယ် မြင့်မားတဲ့ မြိတ်၊ ထားဝယ်ဒေသနဲ့ ရခိုင်ပြည်နယ်ထွက်ငါးပိက ဒေသတွင်း စားသုံးမှုများပြီး တစ်ခြားဒေသကို တင်ပို့မှု နည်းပါတယ်။

နှစ်စဉ် ငါးပိနဲ့ငံပြာရည်တန်ချိန် ၃,၁ဝဝ၊ ငါးခြောက်တန်ချိန် ၅၃,ဝဝဝ လောက်ကို အလုပ်သမားအင်အား ၆,ဝဝဝ ဝန်းကျင်နဲ့ ထုတ်လုပ်နေကြောင်း ငါလုပ်ငန်း ဦးစီးဌာနရဲ့ ခန့်မှန်းစာရင်းတွေမှာ တွေ့ရပါတယ်။

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ငါးပိ၊ ငါးခြောက်ဇုန်မှာ အလုပ်ရုံ ၄ဝဝ ဝန်းကျင်ဟာ မြေအောက်ရေကိုသာ သုံးစွဲကြပြီး ရေသန့်စက်တွေ တပ်ဆင်သုံးစွဲဖို့ တွက်ခြေ မကိုက်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ငါးပိလုပ်ငန်း လုပ်ကိုင်သူတွေက စည်ပင်သာယာရေး ကော်မတီ၊ ငါးလုပ်ငန်း ဦးစီးဌာနတို့မှာ လုပ်ငန်းလိုင်စင် လျှောက်ဖို့ လိုအပ်ပါတယ်။ ငါးပိလုပ်ငန်းရှင် ၂ဝဝ ကျော်က ငါးလုပ်ငန်းဦးစီးဌာနမှာ လိုင်စင် တင်ထားတယ်၊ ဒါဟာ နိုင်ငံတစ်ဝန်း လုပ်ငန်းရှင် အရေအတွက်ရဲ့ ၁ဝ ရာခိုင်နှုန်းကိုသာကိုယ်စားပြုတယ်လို့ မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည် ထုတ်လုပ် ရောင်းဝယ်သူများ အသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောပါတယ်။

မျှင်ငါးပိနဲ့ ဆိုးဆေး

ငါးပိဆိုတာ မိသားစု အများစုရဲ့ မီးဖိုခန်းထဲမှာ သိ်မ်းဆည်း သိုလှောင်ထားတဲ့ အစားအစာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကို ရောက်နေတဲ့ မြန်မာတွေ အမြဲတောင့်တမိတဲ့ အစားအစာ စာရင်းမှာလည်း ငါးပိရည်၊ ငါးပိထောင်းက ထိပ်တန်းမှာ နေရာယူထားပါတယ်။

ရန်ကုန်၊ လမ်းမတော်မြို့နယ်နေ ဒေါ်ခင်မေမြင့်က “ဇာတိမြေဖြစ်တဲ့ သံတွဲကပဲ မျှင်ငါးပိကို မှာပြီးတော့ သုံးတာ။ လတ်ဆတ်တဲ့ မျှင်ကောင်တွေကို ထောင်းထားတဲ့အတွက် အနံ့ ပိုကောင်းတယ်။ အိမ်က ဟင်းချက်တဲ့အခါ မပါမဖြစ်ဆိုတော့ ၁ နှစ်စာလောက်ကို ဝယ်လှောင်ထားရတယ်” လို့ ပြောပြပါတယ်။

ငါးပိမှာ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ အများကြီးပါဝင်တဲ့အတွက် အရိုးအဆစ် သန်မာစေရုံမက ကျန်းမာရေးအတွက်လည်း များစွာ အကျိုးပြုတယ်လို့ ပညာရှင်တွေဆီက သိရပါတယ်။

ကမ်းရိုးတန်းဒေသမှာ ငါးခြောက်လုပ်ဖို့ စံမမီတဲ့ငါးတွေကို ကြိတ်ပြီး ဆားလူး လိုက်ပါတယ်။ အဲဒီနောက် ပုစွန်ဖွဲခွံ ရောထည့်ပြီး ကြိတ်ရပါတယ်။ လုပ်ငန်းရှင်တချို့ကတော့ မကြိတ်ခင်မှာ ဆိုးဆေးကို ရေဖျော်ပြီး ဖြန်းတယ်၊ သုံးခေါက်လောက် ကြိတ်လိုက်ရင် အရောင်ညီညာတဲ့ မျှင်ငါးပိကို ရနိုင်တယ်လို့ ပြောပါတယ်။

စျေးကွက်မှာ မျှင်ငါးပိ ရောင်းပန်းလှဖို့ ဓာတုဆေး အသုံးပြုလာတာ နှစ်ပေါင်း ၄ဝ ဝန်းကျင် ကြာခဲ့ပြီလို့ သိရပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တားမြစ်တာတွေ ရှိပေမယ့် ငါးပိ ထုတ်လုပ်သူတချို့က တားမြစ်ဆိုးဆေးတွေရဲ့ အန္တရာယ်ကို သိပုံမရကြပါဘူး။ စားသုံးသူတချို့ကလည်း မျှင်ငါးပိ ဆိုတာ အနီရောင်လို့ ထင်မှတ်နေတာတွေလည်း ရှိပါတယ်။

မျှင်ငါးပိ အရောင်နီနေတိုင်းလည်း အရောင်ပါတယ်လို့ ပြောလို့ မရပါဘူး။ ပင်လယ် လေတိုက်တာတွေ ပြောင်းလဲတဲ့အခါ သဘာဝအရောင်ပါတဲ့ မျှင်ငါးပိကို ရရှိနိုင်ပါသေးတယ်။

အရောင်ထည့်ရခြင်းရဲ့ အားသာချက်ထဲမှာ အရသာ ခါးသက်မသွားခြင်း၊ တာရှည်အထားခံခြင်းတို့ ပါဝင်ကြောင်း ငါးပိလုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့က ငါးပိလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးရွှေမန်းက “လုပ်ငန်းရှင်တွေ အနေနဲ့ အမြဲတမ်း ဓာတ်ခွဲခန်းကို သွားပြီး စမ်းသပ်နေဖို့ မဖြစ်နိုင်ပါဘူး၊ ငါးပိထွက်တဲ့ အချိန်ကျရင် တစ်ရက်ကို ငါးပိကုန်သည် အယောက် ၆ဝကနေ ၈ဝ အထိ ဘုရင့်နောင် ပွဲရုံကို တင်ပို့နေတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

တားမြစ်ဆိုးဆေး နဲ့ ကင်ဆာ

စားသောက်ကုန်တွေ အရောင်အဆင်း လှ၊ အရသာ ကောင်း၊ တာရှည်ခံဖို့အတွက် ဓာတုဆေး သုံးစွဲတာ ပိုမို များပြားလာကြောင်း စျေးကွက်ထဲ စုံစမ်းမှု အရ သိရပါတယ်။

အစားအစာထဲ အများဆုံးတွေ့ရှိရတဲ့ ဓာတုဆိုးဆေးမှာ အထည်ချုပ်လုပ်ငန်းသုံး Rhodamine B ဖြစ်ကြောင်း၊ အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့ လတ်တလော ဖြစ်ပေါ်စေကြောင်း သိရပါတယ်။ ရေရှည်မှာတော့ ခန္ဓာကိုယ်ကြီးထွားမှု ထိခိုက်စေခြင်း၊ အသည်း၊ ကျောက်ကပ်တို့ ပျက်စီးခြင်းနဲ့ ကင်ဆာ ရောဂါတွေ ဖြစ်ပေါ်စေနိုင်ကြောင်း FDA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဒီဆိုးဆေးအပါအဝင် Auramine O, Sudan Dyes, Orange II တို့ဟာ မြန်မာပြည် အစားအသောက်လုပ်ငန်းအတွင်း အများဆုံး သုံးနေကြတဲ့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေးများ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဓာတ်ခွဲခန်းမှူး တစ်ဦးကတော့ သူတို့ဆီမှာ Rhodamine B မှတစ်ပါး တခြားတားမြစ်ဆိုးဆေးတွေကို ရှာဖွေ စမ်းသပ်နိုင်တဲ့ နည်းပညာတွေ မရှိသေးဘူးလို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ကင်ဆာရောဂါတွေရဲ့ ၉ဝ ရာခိုင်နှုန်းဟာ အစားအသောက်က မြစ်ဖျားခံတယ်လို့ မီဒီယာတချို့မှာ ဖော်ပြနေကြတာ ကြာပါပြီ။

၂ဝဝ၈ ခုနှစ်ကကျန်းမာရေး ဝန်ကြီးဌာနက စျေးကွက်အတွင်း မျှင်ငါးပိမှာ တားမြစ်ဆိုးဆေးပါရင် သိမ်းယူပြီး ဖျက်ဆီးခဲ့ပါတယ်။

အစားအသောက်မှာ တားမြစ်ဓာတုဆေး လုံးဝ အသုံး မပြုဖို့ လုပ်ငန်းရှင်တွေကို သတိပေးထားပြီး လိုက်နာမှုမရှိပါက အမျိုးသား အစားအသောက် ဥပဒေ အရ အရေးယူမယ်လို့လည်း သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

၂ဝ၁၄ ခုနှစ်က ဧရာဝတီတိုင်း ဒေသကြီးမှာ FDA ရုံးခွဲတစ်ခုကို တိုးချဲ့ခဲ့ပြီး စျေးကွက်ထဲ စစ်ဆေးရာမှာ မျှင်ငါးပိ ရဝ ရာခိုင်နူန်းလောက်မှာ တားမြစ်ဆိုးဆေး ပါဝင်တာ တွေ့ရှိခဲ့ရတယ်လို့ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

ဧပြီကနေ စက်တင်ဘာအတွင်း ဧရာဝတီတိုင်း ဒေသကြီး ကျေးရွာမြို့နယ်တွေက ရရှိတဲ့ မျှင်ငါးပိ နမူနာတွေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးထားတယ်၊ တားမြစ် ဆိုးဆေး တွေ့ရှိရင် မူလထုတ်လုပ်တဲ့ နေရာအထိ ရှာဖွေ အရေးယူသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ငါးပိ ထုတ်လုပ်တဲ့ နေရာတွေမှာ ဆိုးဆေးအသုံးပြုထားတဲ့ လက်ရာတွေ ရှိနေတုန်းပါပဲ။ သူတို့ ပြောတာက အရင်တုန်းက လက်ကျန်တွေပါလို့တော့ ပြောတယ်” လို့ ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

ဇူလိုင်လကလည်း မန္တလေးတိုင်း ဒေသကြီးအတွင်း စျေး ၁၃ ခုက ရရှိတဲ့ ငါးပိ နမူနာတွေရဲ့ ၁၉ ရာခိုင်နှုန်းမှာ တားမြစ်ဆိုးဆေး တွေ့ရှိရကြောင်း FDAက ထုတ်ပြန်ခဲ့ပါသေးတယ်။

သဘာဝဆိုးဆေးတွေ ရှိပေမဲ့ ကုန်ကျစရိတ် ကြီးမားခြင်း၊ တာရှည်မခံခြင်း၊ ရောင်းပန်းမလှခြင်း၊ ဝယ်ယူရရှိဖို့ ခက်ခဲခြင်းတို့ကြောင့် လုပ်ငန်းရှင်တွေက အသုံးပြုမှု နည်းပါးတယ်လို့ ဆိုပါတယ်။

ယင်မနားဆေးနဲ့ ပိုးသတ်ဆေး

ငါးပိ ရောင်းတဲ့စျေးတွေမှာ ရောင်းချသူတွေဟာ မိရိုး ဖလာ နည်းတွေအရ ဆိုလို့ရှိရင် တစ်နေ့စာကိုပဲ ပုံပြီးရောင်းတာပါ။ လုပ်ငန်းရှင် ဦးရွှေမန်းက “ဆားကို အသုံးပြုပြီး ထိန်းရင်လည်း ရပါတယ်။ နည်းပညာကိုတော့ လုပ်သက်ရင့်တဲ့ လူတွေဆီက သင်ယူ ရတာ တွေလည်း ရှိပါတယ်” လို့ ဆိုပါတယ်။

ငါးပိ ငါးခြောက်တွေမှာ ယင်မနားဆေး အသုံးပြုနေကြတာလည်းကာလ အတော်ကြာနေပြီ ဖြစ်ကြောင်း၊ လောလောဆယ်မှာ ထိန်းချုပ်လို့ရတဲ့ အနေအထားကိုတော့ ရောက်နေပြီ ဖြစ်ကြောင်း လက်တွေ့ကွင်းဆင်းပြီး တွေ့ရတဲ့ အခြေအနေကို ဒေါက်တာပြည့်ဖြိုးက ပြောပြပါတယ်။

ယင်မနားဆေး ထည့်သွင်းထားခြင်း ရှိမရှိကို ငါးလုပ်ငန်း ဦးစီးဌာနနဲ့ စိုက်ပျိုးရေး ဦးစီးဌာနမှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေမှာသာ စစ်ဆေးနိုင်တာပါ။

“ဓာတုဗေဒ ဆိုးဆေး၊ ယင်မနားဆေး၊ တာရှည်ခံဆေး မသုံးစွဲဖို့ကျွန်တော်တို့ အသင်းအဖွဲ့က အသိပညာပေး ဆွေးနွေးပါတယ်၊ ဒါပေမယ့် လိုက်နာမှု အားနည်းနေတာ တွေ့ရပါတယ်၊ကျွန်တော်တို့ အဖွဲ့က အာဏာပိုင် အဖွဲ့အစည်း လည်း မဟုတ်တော့ တင်းကျပ်စွာ လုပ်ဆောင်လို့ မရပါဘူး” လို့ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည် ထုတ်လုပ် ရောင်းဝယ်သူများ အသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောပါတယ်။

ရန်ကုန် စျေးကွက်အတွင်း လေ့လာတဲ့အခါ Tricholorofon (ထရိုင်ကလိုရိုဖောင်း)လို့ခေါ်တဲ့ ပိုးသတ်ဆေး တမျိုးကို ငါးပိ ထုတ်လုပ်သူတွေ ဝယ်ယူမှု ရှိနေတယ်လို့ သိရပါတယ်။

အဲဒီ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတု ဆေးဝါးကို အစားအစာတွေမှာ ထည့်သွင်း အသုံးပြုရင် ငွေဒဏ်ကနေ ထောင် ၅ နှစ် အထိ ချမှတ်နိုင်တဲ့ ပိုးသတ်ဆေး ဥပဒေ ပုဒ်မ(၃၃)အရ အရေးယူခံရနိုင်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ ဦးဝင်းစိုးက ပြောပါတယ်။

“ပိုးသတ်ဆေး ရောင်းမယ် ဆိုလို့ရှိရင် သုံးစွဲပုံသင်တန်း တက်ရပါတယ်။ သင်တန်း လက်မှတ်ရပြီးမှပဲ ပိုးသတ်ဆေးရောင်းချခွင့် လိုင်စင် လျှောက်ရတာပါ။ ဒါတွေမရှိဘဲ ရောင်းချရင် ပိုးသတ်ဆေး ဥပဒေနဲ့ အရေးယူပါမယ်” လို့ ဦးဝင်းစိုးက ရှင်းပြပါတယ်။

ထရိုင်ကလိုရိုဖောင်းက အမှုန့်၊ အရည်နဲ့ အခဲ ဆိုပြီး ပုံစံ ၃ မျိုးနဲ့ စျေးကွက်ထဲမှာ ရှိတာပါ။ အဲဒီထဲမှာ တရုတ် နိုင်ငံကနေ တရားမဝင် တင်သွင်းတဲ့ အစိမ်းရောင်ပုလင်းကို သုံးစွဲမှုများတယ်လို့ စျေးကွက်ထဲက သိရပါတယ်။

နယ်ဘက်က မှာယူတာတွေကိုလည်းကားဂိတ်ကနေတဆင့် ပို့ပေးတယ်လို့ ရောင်းချသူတွေက ပြောပါတယ်။ ရောင်းချ သူ တွေကလည်း ဓာတုဆေးဝါးတွေနဲ့ ဒီဓာတုဆေးဝါးတွေရဲ့ အန္တရာယ်ကို နားမလည်တာ တွေ့ရပါတယ်။

ဆေးအမည်ကိုတောင် မှန်ကန်အောင် မပြောနိုင်ဘဲ လောက်သေဆေး၊ ယင်မနားဆေး အစရှိတဲ့ အခေါ်အဝေါ်တွေနဲ့ ရောင်းချ နေကြတာပါ။

ပိုးသတ်ဆေး တာရှည် အသုံးပြုမိရင် ဉာဏ်ရည်၊ မျိုးပွားစွမ်းအင်၊ ရောဂါဘယဒဏ်ခံနိုင်ရည်ရှိမှုတို့ ကျဆင်း လာခြင်း၊ ပုံမမှန်မွေးဖွားမှု၊ ကင်ဆာရောဂါတို့ ဖြစ်ပေါ်လာနိုင်စေတယ် လို့ ဒေါက်တာပြည့်ဖြိုးက ပြောပြပါတယ်။

“ဘယ်ပိုးသတ်ဆေးကိုမှ အစားအသောက်မှာ ပါဝင်ဖို့် FDAက ခွင့်ပြုထားတာ မရှိဘူး။ အခုမထည့်ဖို့ ညှိနှိုင်း ထားတယ်၊ နည်းပညာ ရှာနေတယ်။ ဒီကြားထဲ ကျုးလွန်ရင် အရေးယူမယ်” လို့ သူက ပြောပါတယ်။

ငါးပိထဲက ဓာတ်မြေသြဇာ

သဘာဝ အလျောက်ရှိတဲ့ ယူရီးယားဆိုတာက နိုက်ထရိုဂျင်ပါဝင်တဲ့ ဓာတုပေါင်းစပ်မှု ဖြစ်ပြီး နို့တိုက်သတ္တဝါ တွေက စွန့်လိုက်တဲ့ ဆီးမှာပါဝင်ပါတယ်။

အစားအသောက်ရေးရာ ပညာရှင် ဒေါက်တာစိုးခိုင်က အသားဓာတ်ကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ယူရစ်အက်ဆစ်ဟာ အဆစ် အမြစ် ရောင်ရမ်းတဲ့ရောဂါကို ဖြစ်စေတယ်လို့ ပြောပြပါတယ်။

“အသည်းရောဂါနဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေ အနေနဲ့ ယူရီးယားဓာတ် ပါဝင်မှု မြင့်တဲ့ ကြက်သား၊ ငါး၊ ငါးပိ၊ ငါးပိရည် စတာတွေကို မစားသုံးသင့်ဘူး” လို့လည်း ဒေါက်တာစိုးခိုင်က ပြောပါတယ်။
ဒေါက်တာပြည့်ဖြိုးကလည်း ယူရီးယားနဲ့ ပတ်သက်ပြီး အလားတူ သုံးသပ်ပါတယ်။

“အပူပေး ချက်ပြုတ်လိုက်တဲ့ ယူရီးယားက အငွေ့ပျံသွားတဲ့အတွက် အန္တရာယ်တော့ မရှိလောက်တော့ဘူး။ ဒါပေမယ့် စိတ်ချလက်ချ စားသုံးဖို့ မပြောနိုင်သေးပါဘူး။ တိကျတဲ့ သုတေသနရလဒ်တွေလည်း မရှိသေးပါဘူး” လို့ ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

အရည်ကျိုငါးပိမှာ ယူရီးယားဓာတ်မြေသြဇာကို ထည့်ခြင်းဖြင့် ထုတ်လုပ်မှုကြာချိန်ကို လျှော့ချနိုင်တယ်၊ ယူရီးယားကို မသုံးတဲ့ လုပ်ငန်းရှင်လည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ငါးပိလုပ်ငန်းကိုကာလကြာရှည် လုပ်ကိုင်ဖူးသူ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အမျိုးသမီးတစ်ဦးက “တစ်လ အတွင်း ငါးပိဖြစ်စေဖို့အတွက် မြေဆီ(ဓာတ်မြေသြဇာ) အဖြူတစ်မျိုးကို ထည့်ပြီး သိပ်ပါတယ်။ အဲဒီမြေဆီ အဖြူမှုန့်ကိုလည်း ဘုရင့်နောင်ပွဲရုံတန်းက စိုက်ပျိုးရေးဆိုင်တွေက ဝယ်ယူရပါတယ်” လို့ ပြောပြပါတယ်။

ဘုရင့်နောင် ပွဲရုံတန်း စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တွေကိုကွင်းဆင်းလေ့လာ စုံစမ်းတဲ့အခါ ငါးပိကုန်သည်တွေက ယူရီးယားကို အရည်ကျိုငါးပိ ထုတ်လုပ်ဖို့ ဝယ်ယူတယ်လို့ ပြောပေမယ့် အခုလို ပြဿနာတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ငါးကန်ထဲထည့်ဖို့သာ ပြောဆို ဝယ်ယူမှုတွေ ရှိနေတယ်လို့် သိရပါတယ်။

စိုက်ပျိုးရေးသမားက ယူရီးယား အရည်အသွေးကို သေချာစစ်ပြီးမှ ဝယ်ပေမယ့် ငါးကန်သမားတွေကတော့ စျေးပေါတာကိုသာ ဝယ်ယူလေ့ ရှိတယ်လို့ အရောင်းဝန်ထမ်း တစ်ဦးက ပြောပြပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး အတွင်း ငါးပိထုတ်လုပ်မှုတွေကို သုတေသန လုပ်နေသူ ဒေါက်တာပြည့်ဖြိုးကတော့ ထုတ်လုပ်ပုံ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ သန့်ရှင်းမှု အားနည်းတယ်လို့ ပြောပြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ငါးပိစက်ရုံတွေမှာဆိုရင် ခေါင်းစွပ်၊ လက်အိတ်တွေနဲ့ အဝတ်အစား အကာ အကွယ် တွေကို သေချာသပ်ရပ်စွာ ဝတ်ဆင်ပြီးကျန်းမာရေးနဲ့ ညီညွတ်အောင် ထုပ်လုပ်မှု၊ သန့်ရှင်းမှုတို့ကြောင့် သူတို့ငါးပိကို နိုင်ငံတကာပို့တဲ့ အဆင့် ဖြစ်နေပါပြီ။

စားသုံးသူကာကွယ်ရေး

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ချိုက မမှန်မကန် ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို စားသုံးသူကာကွယ်ရေး ဥပဒေအတိုင်း အရေးယူတယ်လို့ ပြောပါတယ်။

“ငါးပိဆိုတာက အမျိုးသားရေး စားကုန်။ ငါးပိ ငါးခြောက် ထုတ်လုပ်တဲ့ ပုံစံက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ငါးပိဆိုတာ စထုတ်ကတည်းက ခြေထောက်နဲ့နင်းပြီး သိပ်တာ” လို့ ဦးမြင့်ချိုက ရှင်းပြပါတယ်။

ဒေါက်တာပြည့်ဖြိုးကတော့ ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ စားသုံးသူကာကွယ်ရေး ဥပဒေမှာ လိုအပ်ချက်တွေ ရှိနေသေးကြောင်း ထောက်ပြပါတယ်။

“အဟောင်းက လိုအပ်ချက်တွေ သိပ်များနေလို့ စနစ်နဲ့ အံမဝင်တော့လို့ အသစ် ရေးဆွဲနေပါတယ်” လို့ ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

စားသောက်ကုန်နဲ့ ပတ်သက်တဲ့ မသမာမှုတွေ တွေ့ရင် တိတိကျကျ သတင်း ပေး တိုင်ကြားပါက လာရောက် စစ်ဆေး အရေးယူပါမယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုချိန်ထိတော့ ကျန်းမာရေး ဝန်ကြီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ စားသုံးသူကာကွယ်ရေး အသင်းတွေကို တိုင်ကြားချက်တွေ ရောက်လာတာနည်းပါးနေသေးတယ်လို့ သိရပါတယ်။

ဓာတုကင်းစင်တဲ့ ငါးပိ၊ ငါးခြောက်နဲ့ ငန်ပြာရည်လုပ်ငန်းတွေကို ထောက်ခံစာ ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောပါတယ်။

ငါးပိ လုပ်ငန်းရှင် ဦးရွှေမန်းက နိုင်ငံတကာအဆင့်မီ သန့်သန့်ရှင်းရှင်း ထုတ်လုပ်ဖို့ ကြိုးပမ်းနေသူဟာ နည်းပညာ၊ ငွေကြေး အကန့်အသတ်တို့နဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံအထိ နည်းပညာတွေကို သွားရောက် လေ့လာခဲ့ပေမယ့် တစ်ချို့စက်ရုံတွေက ဝင်ရောက် လေ့လာခွင့်တောင် မပေးပါဘူး။ ထုတ်လုပ်မှု အဆင့်ဆင့်တွေကို လက်နဲ့လုပ်တာထက် စက်နဲ့လုပ်တဲ့ စနစ်ကို ရောက်စေချင်နေပြီ။ နိုင်ငံတော် အဆင့်ကူညီပံ့ပိုးမှုတွေနဲ့ အဆင့်မီနည်းပညာတွေ ပံ့ပိုးပေးစေချင်ပါတယ်” လို့ ဦးရွှေမန်းက ပြောပါတယ်။

ငါးပိ၊ ငန်ပြာရည်ကို နိုင်ငံတကာ လက်ခံဖို့အတွက် ဆိုရင် နည်းပညာမှန်ကန်စွာ၊ သန့်ရှင်းစွာ ထုတ်လုပ်ရမှာပါ။

အကောင်းဆုံးကို ဘယ်လို ထုတ်လုပ်ကြမလဲဆိုတာ အားလုံး ပူးပေါင်းပါဝင်ပြီး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး မလုပ်နိုင်ရင်တော့ နိုင်ငံတကာကိုလည်း မထိုးဖောက်နိုင်တဲ့အပြင် ပြည်တွင်းမှာလည်း အများပြည်သူအတွက် ကျန်းမာရေး အန္တရာယ်ရှိပြီး ဆုံးရှုံးနစ်နာမှုတွေ ဆက်လက် ကြုံတွေ့နေကြရဦးမှာ ဖြစ်ပါတယ်။ ။

(အလွတ်တန်းသတင်းထောက် စိုးစံထိုက်က ငါးပိလုပ်ငန်းနှင့်စျေးကွက်အတွင်း ကိုယ်တိုင်ကွင်းဆင်းပြီး စုံစမ်းဖော်ထုတ် ရေးသားထားခြင်း ဖြစ်ပါသည်။)

စိုးစံထိုက်သည် အလွတ်တန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading