သတင်း

ရန်ကုန်တိုင်းအတွင်း သေဆုံးအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ကျပ်ငါးသိန်းစီထောက်ပံ့ 

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အုပ်ချုပ်ရေးမှူးများအတွက် အာဏာသိမ်းစစ်ကောင်စီက တစ်ဦးလျှင် ကျပ်ငါးသိန်းစီ သတ်မှတ်ကာ ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခဲ့ကြောင်း ယနေ့ (ဇွန် ၁၂) ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံရမှု ခပ်စိပ်စပ်ဖြစ်လာပြီးနောက် ရန်ကုန်တိုင်းအတွင်း ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ယမန်နေ့တွင် တွေ့ဆုံခဲ့ပြီး အသတ်ခံရသူအုပ်ချုပ်ရေးမှူးများအတွက် ထိုသို့ ကျပ်ငါးသိန်းစီ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်း လုပ်ကြံသတ်ဖြတ်ခံရသဖြင့် ငွေကျပ်ငါးသိန်းစီ လက်ခံရရှိခဲ့သူ အုပ်ချုပ်ရေးမှူး ၇ ဦးအထိရှိသည်။ 

ရန်ကုန်တိုင်းတွင် ရပ်ကွက်ပေါင်း ၇၄၃ ခုရှိပြီး ကျေးရွာအုပ်စု ၆၂၁ ခုထိရှိထားသော်လည်း စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံပွဲ တက်ရောက်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးရေမှာ ရာဂဏန်းပင် မပြည့်သည်ကို မြဝတီရုပ်မြင်သံကြားသတင်းတွင် တွေ့ရသည်။ 

ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် လုံခြုံရေးကိစ္စများကိုသာ အဓိကဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

“ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဖို့နဲ့ ရပ်ကွက်ရုံးလုံခြုံရေး လုံလုံလောက်ချထားပေးမယ် ဆိုတာမျိုးလောက်ပါဘဲ” ဟု ထိုတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ထောက်ပံ့ကြေး ကျပ်ငါးသိန်းပေးအပ်မှုအပေါ် မေးမြန်းရာတွင် မပြောလိုကြောင်း အုပ်ချုပ်ရေးမှူးတချို့က ဆိုသည်။ 

၎င်းတို့အနေဖြင့် ရပ်ကွက်နေပြည်သူနှင့် အဆင်ပြေအောင် နေထိုင်နေရသဖြင့် အချို့ရပ်ကွက်များတွင် စစ်ကောင်စီ၏ အမိန့်ညွှန်ကြားချက်များအတိုင်း အကောင်အထည်မဖော်နိုင်ကြောင်း အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ဇွန် ၈ ရက်က သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံခဲ့ရသူ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်မှာ တပ်ထောက်ခံသူတစ်ဦးဖြစ်ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

“သူလုပ်သွားတဲ့ နှစ်လလောက်မှာတော့ ရပ်ကွက်အတွက် ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး။ ဒီ အုပ်ချုပ်ရေးမှူးလုပ်တယ်ဆိုတာကလည်း သူ့အကျိုးစီးပွားရလို့ အချောင်ရလို့ လုပ်တာနေမယ်။ ပြီးတော့ သူက ဒီရပ်ကွက်သားလည်း မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ဒေါ်စိုးစိုးလွင်သည် ကျားကွက်သစ်ရပ်ကွက်အတွင်း၌ လူနေအဆောင်ဖွင့်၍ စီးပွားရေးလုပ်ကိုင်သူဖြစ်ကာ သေနတ်ဖြင့် လုပ်ကြံမခံရမီ ရက်ပိုင်းအလိုက ၎င်းပိုင်တိုက်ခန်းအရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်နှင့် ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းရီဆိုသူတို့လည်း သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရကာ လှိုင်သာယာမြို့နယ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းမှာမူ ဓားထိုးခံရပြီး သေဆုံးခဲ့သည်။ 

ဇွန် ၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းလင်းဇော် ကားပေါ်၌ပင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ၎င်းမှာ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းဖြစ်သကဲ့သို့ လက်ရှိတွင် စစ်အာဏာသိမ်းမှုကိုထောက်ခံသော PPP ပြည်သူ့ရှေ့ဆောင်ပါတီဝင်လည်းဖြစ်သည်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် တစ်လ ကျပ်ခုနစ်သောင်းကျပ်နှုန်း လစာခံစားခွင့်ရှိသည့်အပြင် သက်တမ်းအပြည့် (၅)နှစ် တာဝန်ထမ်းဆောင်ပါက တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ထပ်မံရရှိမည်ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်ထောက်ခံသူအချို့သည် ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်လာသော်လည်း ရပ်ကွက်နေပြည်သူများက နည်းမျိုးစုံဖြင့် ဆန့်ကျင်နေ၍ အာဏာသိမ်းပြီး သုံးလကြာအထိ ၎င်းတို့အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေးကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားထားသည်။

Show More

Related Articles

Back to top button