သတင်း

ဖမ်းမိထားသူနှင့် ဆက်စပ်သူတို့ကို ထောင်‌ချောက်ဆင်ဖမ်းရန် စစ်ကောင်စီကြိုးပမ်းခဲ့ 

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်ကို ဖမ်းမိခဲ့ပြီးနောက် ၎င်းနှင့် ဆက်စပ်သူများကို ထောင်ချောက်ဆင်ဖမ်းဆီးရန် အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းခဲ့သည်။

ကိုမင်းသုခကျော်ကို ဖမ်းဆီးပြီးနောက် သတင်းထုတ်ပြန်ခြင်းမပြုမီ ဆက်စပ်သူများကို ဆက်လက်ဖမ်းဆီးရန် စစ်ကောင်စီက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ကိုမင်းသုခကျော်၏ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးမှာ ဇွန် ၆ ရက် နံနက်ပိုင်းတွင် ကိုမင်းသုခကျော်နှင့် ဖုန်းအဆက်အသွယ်ရခဲ့သည်။

ထိုနေ့မတိုင်မီကတည်းက အဆက်အသွယ်ပြတ်တောက်နေခဲ့သဖြင့် ဖမ်းဆီးခံထားရသည်ဟု ယူဆထားသော်လည်း ကိုမင်းသုကျော် (ဖမ်းဆီးခံထားရပြီးဖြစ်သူ) ကိုယ်တိုင် ဖုန်းဆက်လာသောကြောင့် လူချင်းတွေ့ရန် ဝမ်းသာအားရ ချိန်းဆိုဖြစ်ခဲ့သည်ဟု အထက်ပါ ကျောင်းနေဖက်သူငယ်ချင်းက ဆိုသည်။

“အရင်ဆုံး ဘယ်မှာလဲဆိုပြီး မေးတယ်။ ကျွန်တော်လည်း ကျွန်တော်ရှိတဲ့နေရာကို ပြောလိုက်တယ်။ အရေးကြီးလို့ တွေ့ရအောင် ပြောတယ်။ ကျွန်တော်ကလည်း အိုကေ၊ ဘယ်နေရာမှာတွေ့မလဲလို့ဆိုပြီး သူ့ကိုပြောလိုက်တာပေါ့။ သူနဲ့ကျွန်တော် အမြဲတမ်းတွေ့နေကျ၊ လက်ဖက်ရည်သောက်နေကျနေရာရှိတယ်” ဟု ဖုန်းဖြင့် ဆက်သွယ်ချိန်းဆိုဖြစ်ခဲ့ပုံကို ကိုမင်းသုခကျော်၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

ကိုမင်းသုခကျော်နှင့် ကမာရွတ်မြို့နယ် လှည်းတန်း၌ ညနေ ၃ နာရီခန့်တွင် တွေ့ဆုံရန် ချိန်းဆိုပြီးနောက် သံသယရှိသဖြင့် မိတ်ဆွေများနှင့် တိုင်ပင်ခဲ့သည်ဟု ဆိုသည်။ 

“သူပျောက်နေတာသိတဲ့ အခြားသူငယ်ချင်းတွေကို မေးကြည့်တော့ သတိတော့ထားတဲ့။ နောက်ထပ်ကောင်မလေးတစ်ယောက်ကိုလည်း ခင်ဗျားလိုပဲ ဆက်သွယ်နေတယ်တဲ့။ ကျန်တဲ့သူတွေကို ဖုန်းမဆက်ဘဲ ဘာလို့ ဒီနှစ်ယောက်ကိုပဲ ရွေးဆက်လည်း မသိဘူး ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ကိုမင်းသုခကျော်ထံ ဖုန်းထပ်မံခေါ်ဆိုရာ ပထမတစ်ကြိမ် ဖုန်းကိုင်ခြင်းမရှိဘဲ ဒုတိယအကြိမ်မှသာ ဖုန်းကိုင်ခဲ့သည်ဟု ဆိုသည်။ ညနေ ၃ နာရီခန့်တွင် ချိန်းဆိုထားသည့်နေရာနှင့် ခပ်လှမ်းလှမ်း၌ စောင့်ဆိုင်းခဲ့ကာ ကိုမင်းသုခကျော်ထံ ထပ်မံဖုန်းခေါ်ဆိုခဲ့သည်။ 

“ဖုန်းထပ်ခေါ်တယ်။ မင်းချိန်းထားတဲ့နေရာ လာမှာလားဆိုတော့ ၄ နာရီလောက်ရောက်မယ် ပြောတယ်။ ခဏလေးစောင့်ပေါ့။ ည ၇ နာရီလောက်ထိ သူရောက်မလာဘူး။ ဖုန်းထပ်ဆက်ကြည့်လိုက်တဲ့အချိန်မှာ သူ့ဖုန်းက ခေါ်မရတော့ဘူး” ဟု ကိုမင်းသုခကျော်၏ ဖုန်းမှတဆင့် ဆက်သွယ်ခြင်းခံခဲ့ရသူက ပြောသည်။

ကိုမင်းသုခကျော် ဖမ်းဆီးခံရသည့် အကြောင်းကို  ဇွန် ၇ ရက်နေ့ ညပိုင်းတွင်မှ စစ်ကောင်စီက သတင်းထုတ်ပြန်သည်။  

ကိုမင်းသုခကျော်အပါအဝင် လေးဦးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တွင် စစ်အခြေခံနှင့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားပြီး လက်ပစ်ဗုံးများ၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန် ၅ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စစ်သင်္ချိုင်းအနီးတွင် အဖမ်းခံရသူ အသက် ၂၃ နှစ်အရွယ် ထူးဝေလင်း၏ ထွက်ဆိုချက်အရ ကိုမင်းသုခကျော်၏ မြောက်ဥက္ကလာပမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် ဇွန် ၆ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သို့ရာတွင် ကိုမင်းသုခကျော်မှာ ကိစ္စတစ်ခုကြောင့် အပြင်ထွက်သွားပြီးနောက် ဇွန် ၅ ရက် နေ့လယ်ပိုင်းကတည်းက အဆက်အသွယ်မရတော့ခြင်းဖြစ်ကြောင်း ညီဖြစ်သူ ကိုမင်းသီဟကျော်က Myanmar Now ကို ပြောသည်။ 

“မနေ့ (ဇွန် ၇)က နေ့လယ်လောက်မှာမှ သူအဖမ်းခံရတယ်ဆိုတာ စပြီးသိရတာပါ။ ကျွန်တော်တို့ အဆက်အသွယ်တွေနဲ့ (ရဲ) စခန်းတွေမှာ လိုက်စုံစမ်းတော့မှ စစ်ကြောရေးတစ်ခုမှာ အဖမ်းခံထားရတယ်ဆိုတာ သိရတာ” ဟု ကိုမင်းဟီဟကျော်က ပြောသည်။

တတိယနှစ် သင်္ချာကျောင်းသား ကိုမင်းသုခကျော်သည် ၂၀၁၄ မှ ၂၀၁၆ အထိ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ် နှစ်ကြိမ်တိုင် တာဝန်ယူခဲ့သူဖြစ်သည်။ 

ကိုမင်းသုခကျော်က ယမန်နေ့ နေ့လယ်၌ တွေ့ဆုံရန် ချိန်းဆိုခဲ့သူ ဒဂုံတက္ကသိုလ် ပထမနှစ် ရှေးဟောင်းသုတေသနကျောင်းသူ မဆုမွန်အောင်လည်း ပျောက်ဆုံးနေကြောင်း ကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သည့် Future The Dagon က သတင်းထုတ်ပြန်ထားသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွင် တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးနိုင်ရန် စစ်တပ်နှင့် ထောက်လှမ်းရေးက ၎င်းတို့ဖမ်းမိထားသူများကို ဖုန်းဆက်ခိုင်းကာ ထောင်ချောက်ဆင်ဖမ်းဆီးခြင်းများရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။

“အဓိကကတော့ အဖမ်းခံရတဲ့အချိန်မှာ ဖုန်းပေါ့။ ကျွန်တော်တို့တုန်းကတော့ ဖုန်းက များများစားစား မကိုင်နိုင်ဘူး။ ဖုန်းထဲက Contact တွေကို တစ်ယောက်ချင်း မေးတာပေါ့လေ။ ၂၀၀ ရှိရင် ၂၀၀ လုံးကို အလှည့်ကျမေးတာပေါ့။ သူနဲ့မင်းနဲ့ ဘယ်လိုသိတာလဲ၊  ဘယ်လိုပတ်သက်တာလဲ မေးတာပေါ့” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ထိုသို့ စစ်ဆေးမေးမြန်းပြီးနောက် ၎င်းတို့ဖမ်းဆီးလိုသူများကို ဖမ်းဆီးနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပန်းခြိမ်းခြောက်ကာ ဖုန်းဆက်ချိန်းဆိုခိုင်းလေ့ရှိကြောင်း အထက်ပါ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။ 

“မင်းဖုန်းဆက်ပေးရင် ဒီကောင်သက်သာမယ်။ မဟုတ်ရင် ဒီကောင့်ကိုသွားဖမ်းတဲ့အခါမှာ သူ့မိသားစုကို ဒုက္ခပေးမယ်၊ ဒီလိုဟာမျိုးလုပ်တာလည်း ရှိတယ်။ မင်းမဆက်ပေးရင် မင်းမိသားစုကို ဒုက္ခပေးမယ်။ ဒီလိုမျိုးတွေလည်း ရှိတယ်။ အဲဒီလိုမျိုး ခြိမ်းခြောက်တာမျိုးတွေရှိတယ်” ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် မေ ၃၁ ညပိုင်းကလည်း မုံရွာမြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်ဟောင်း မဖူးသိမ့်သိမ့်တုန်ကို စစ်ဘေးရှောင်များအတွက် အလှူငွေပေးရန်ဟုဆိုကာ ချိန်းဆိုပြီးနောက် အရပ်ဝတ် စစ်ကောင်စီလက်နက်ကိုင်များက ဖမ်းဆီးခဲ့သည်။ 

Show More

Related Articles

Back to top button