အမှန်တကယ်ပြောင်းလဲဖို့ လိုနေသေးတဲ့ စက်ရုံအလုပ်သမားများဘဝ

မကြာသေးခင်က ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုမှာ တွေ့ရတဲ့ အထည်ချုပ်အလုပ်သမားများ (ဓာတ်ပုံ - ဝေယံ/Myanmar Now)
မကြာသေးခင်က ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုမှာ တွေ့ရတဲ့ အထည်ချုပ်အလုပ်သမားများ (ဓာတ်ပုံ - ဝေယံ/Myanmar Now)

ရန်ကုန် – ရန်ကုန်မြို့ပြင် စက်ရုံတွေထဲက တစ်ခုမှာ မြစ်ဝကျွန်းပေါ်သူ မမြတ်သီရိနွယ် အလုပ်လုပ်ကိုင်နေတာ သုံးနှစ် ရှိသွားပါပြီ။ ရွှေလင်ဗန်းစက်မှုဇုံထဲက Great Wall 1 ဖိနပ်စက်ရုံမှာ တစ်ရက် အလုပ်ချိန် ၈ နာရီလုံးလုံး မတ်တပ်ရပ်ပြီး လုပ်ကိုင်ရပါတယ်။ စက်ရုံရဲ့ထုတ်ကုန် အရေအတွက်တိုးဖို့နဲ့ သူ အပိုဝင်ငွေရဖို့အတွက်လည်း အချိန်ပို ဆင်းဖြစ်ပါတယ်။

သူ့ရဲ့ လစဉ် ဝင်ငွေက ၁၆ဝ,ဝဝဝ လောက် ရှိပါတယ်။ အခန်းခ၊ အစားအသောက်တို့ အတွက် သုံးပြီးတဲ့ နောက်မှာတော့ ဝင်ငွေရဲ့သုံးပုံတစ်ပုံကို ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာက မိသားစုဆီ ပြန်ပို့နိုင်သူပါ။ ဒါက သူ့ရဲ့ အခြေအနေပါ။ သူ့စက်ရုံက တခြား လုပ်ဖော်ကိုင်ဘက်တွေ ဆိုရင် မိသားစုကို ငွေပြန်ပို့ဖို့ အခြေအနေ မပေးသေးတာတွေလည်း ရှိနေတယ်လို့ ၂၄ နှစ်အရွယ် မမြတ်သီရိနွယ်က ပြောပါတယ်။

စက်ရုံလုပ်ငန်းခွင်အခြေအနေဟာ ဆိုးဝါးလွန်းတယ်လို့ အလုပ်သမားတွေ၊ အလုပ်သမားအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ မမြတ်သီရိနွယ်တို့စက်ရုံမှာ သီးသန့်ထမင်းစားဆောင်မရှိ၊ အိမ်သာကလည်း မလုံလောက်ပါဘူး။ ဖြတ်တောက်ပြီးသား သားရေတွေ၊ ဖိနပ်အောက်ခံခုံတွေကို အချောသတ်၊ ဆက်တွဲရတဲ့ မမြတ်သီရိနွယ်ရဲ့လက်တွေ စက်ထဲ အထုတ်အသွင်း အချိန်အဆ မှားသွားတာနဲ့ ပြတ်သွားနိုင်ပါတယ်။ မနှစ်က သူ့သူငယ်ချင်းတစ်ယောက် စက်ထဲလက်ပါသွားလို့ လက်ချောင်းတစ်ချောင်း ပြတ်သွားပါတယ်။

“တခါတလေ ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ တကယ်ရော ကိုယ့်အတွက် အကျိုးရှိရဲ့လားဆိုတာ စဉ်းစားမိတယ်။ ဒါပေမဲ့ ကိုယ့်ရွာက မိသားစုတွေကို ထောက်ပံ့ပေးနေရတဲ့ အခြေအနေကို ပြန်ကြည့်မိတော့ ဒီမှာပဲ ဆက်လုပ်ဖြစ်နေတာ” လို့ ရန်ကုန်ရောက်နေတာ သုံးနှစ်ရှိပြီဖြစ်တဲ့ မမြတ်သီရိနွယ်က ဆိုပါတယ်။

“ပြန်ဖို့ဆိုတာကလည်း အလုပ်က ခွင့်ရက်ရှည်ရတာမဟုတ်ဘူး။ ဟိုတလောက အဖေ တော်တော်လေး နေမကောင်းဖြစ်တာတောင်မှ အလုပ်က ခွင့်ကို မနည်းပြောယူရတာ။ ရတာကလည်း သုံးလေးရက်”

ကြီးထွားလာနေတဲ့ အဝတ်အထည် အသုံးအဆောင် ထုတ်လုပ်ရေး လုပ်ငန်းမှာ အလုပ်သမား အများအပြားဟာ လုပ်ငန်းခွင်အခြေအနေနဲ့ ဝင်ငွေ တိုးတက်အောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့ကြပါတယ်။ အခုဆိုရင် NLD အစိုးရသစ်က အဝတ်အစား ထုတ်လုပ်ရေး လုပ်ငန်း ကြီးထွားလာ၊ ဝင်ငွေနည်း အလုပ် သမားတွေ ပိုမို အဆင်ပြေလာရေး အတွက် အလုပ်သမားအဖွဲ့တွေ၊ စက်ရုံပိုင်ရှင်တွေ၊ ပြည်ပ ရင်းနှီး မြှုပ်နှံသူတွေနဲ့ ဆက်ဆံညှိနှိုင်းနေရပါပြီ။ သက်တမ်း ၄ လ ရှိလာပေမဲ့ NLD အစိုးရသစ်ရဲ့ ကြိုးပမ်းချက်များဟာ ရန်ကုန်က အလုပ်သမားတွေ၊ အလုပ်သမားအဖွဲ့တွေ ကျေနပ်လောက်တဲ့အဆင့် ဖြစ်မလာသေးပါဘူး။

“အစိုးရသစ်သာ တက်လာတယ်။ ကျွန်မတို့လုပ်ရတဲ့ အတိုင်းအတာနဲ့ ခံစားရတဲ့ ဝင်ငွေအခွင့်အလမ်းတွေက ကနေ့အချိန်ထိ တိုးတက်မလာသေးဘူး” လို့ မမြတ်သီရိနွယ်က ပြောပါတယ်။

အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက မူဝါဒရေးရာ တာဝန်ခံ ဦးရဲနိုင်ဝင်းကလည်း အလုပ်သမားထု ဘဝ တိုးတက်ရေးအတွက် အရိပ်အရောင်တွေ လုံးဝမတွေ့ရသေးဘူးလို့ ပြောပါတယ်။

“အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိထား လုပ်နေတယ် ဆိုပေမယ့် အခြေခံလူတန်းစား အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကောင်းကောင်း မလုပ်ပေးနိုင်ဘူး ဆိုရင် တိုင်းပြည်တိုးတက်ရေးက နှောင့်နှေးမြဲ နှောင့်နှေးနေဦးမှာပဲ” လို့ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

မပြင်ရသေးတဲ့ ဥပဒေများ

ပြီးခဲ့တဲ့နှစ်တွေအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှု အနည်းငယ် ရှိခဲ့ပါတယ်။ ယခင်အစိုးရက ၂ဝ၁၅ နှစ်လယ်ပိုင်းကစပြီး အခြေခံလုပ်ခနှုန်းထားကို တစ်ရက် ကျပ် ၃,၆ဝဝ နှုန်း သတ်မှတ်လိုက်ပါတယ်။ အလုပ်သမားဥပဒေပိုင်းမှာတော့ တိုးတက်မှု သိသိသာသာ မရှိသေးပါဘူး။

ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ကိုရီးယား၊ တရုတ် လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ရန်ကုန်ဝန်းကျင် စက်ရုံများမှာ အလုပ်သမား သုံးသိန်းခန့် ရှိနေပါတယ်။ အများစုကတော့ အမျိုးသမီးငယ်တွေပါ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဗြိတိန်အခြေစိုက် Oxfam အဖွဲ့က ရန်ကုန်က အလုပ်သမားတွေကို စစ်တမ်းကောက်ယူပြီး အစီရင်ခံစာ ရေးသားထုတ်ပြန်ရာမှာ လုပ်ခနှုန်းထားသစ်ဟာ အလုပ်သမားတွေရပ်တည်ရေး၊ မိသားစုကို ထောက်ပံ့ရေးအတွက် လုံလောက်တဲ့နှုန်းထား မဟုတ်သေးဘူးလို့ မှတ်ချက်ပြုထားပါတယ်။

စက်ရုံ ၂၂ ခုမှာ ဒီအဖွဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အလုပ်သမားတွေထဲက ၄၃ ရာခိုင်နှုန်းက အကြွေးနွံထဲပိတ်မိ နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင် နေရတာ၊ လုပ်ငန်းခွင် လုံခြုံမှုမရှိတာ၊ ကြီးကြပ်ရေးမှူးတွေရဲ့ ကြမ်းတမ်းစွာ ပြောဆိုခြင်းတို့နဲ့ ကြုံနေရတယ်၊ အလုပ်သမား ၃ ဦးမှာ ၁ ဦးက လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ဖူးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Yes One အထည်ချုပ် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် မဝင်းသိင်္ဂီစိုးက သတ်မှတ်ထားတဲ့အနိမ့်ဆုံးလုပ်ခ နှုန်းထား၊ အလုပ်သမား ရပိုင်ခွင့်တွေ ပေးနေတဲ့ စက်ရုံ အရေအတွက် ဘယ်လောက် ရှိမယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

“စက်ရုံတချို့ဆို ကနေ့အထိ အနည်းဆုံးလုပ်ခနှုန်းထားကို မရကြလို့ သူတို့အခွင့်အရေးတွေကို သူတို့ တောင်းဆိုဖို့ သမဂ္ဂတွေ ဖွဲ့နိုင်ရေး ကူညီပေးနေရတယ်” လို့ မဝင်းသိင်္ဂီစိုးက ရှင်းပြပါတယ်။

“သမဂ္ဂမဖွဲ့နိုင်သေးတဲ့ စက်ရုံတော်တော်များများဟာ ဒီနှုန်းထားကို မရကြသေးဘူး။ ဒါတောင်မှ ကျွန်မတို့နဲ့ မချိတ်ဆက်မိသေးတဲ့ စက်ရုံတွေဘယ်လောက်များ ကျန်နေဦးမလဲဆိုတာ မသိနိုင်သေးဘူး”

အလုပ်သမားအခွင့်အရေး အတွက် လုပ်ကိုင်နေတဲ့ ရှေ့နေ ဦးဖိုးဖြူက ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အစိုးရသစ်လက်ထက်မှာ ဖြစ်ပေါ်လာဖို့ မျှော်လင့်နေပါတယ်။

“အလုပ်သမားတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဋ္ဌာန်းထား ပေမယ့် တချို့ဥပဒေတွေအတွက် နည်းဥပဒေထွက်မလာသေးဘူး” လို့ သူက ဆိုပါတယ်။

တချို့ဥပဒေတွေမှာ အားနည်းချက်များစွာ ရှိနေတဲ့အတွက် အလုပ်ရှင်တွေက လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို လွယ်လွယ် ချိုးဖောက်ကြတယ်၊ အခွင့်အရေးတောင်းဆိုသူကို အလုပ်ကထုတ်ပစ်တယ်၊ စည်းကမ်းပျက်အလုပ်ရှင်ကို အရေးယူရာမှာ ဒဏ်ငွေချမှတ်ရုံသာမက လုပ်ငန်းလုပ်ကိုင်ခွင့်၊ ကုန်သွယ်ခွင့် လိုင်စင်တို့ကို ယာယီ ရုတ်သိမ်းတာမျိုးကို ဥပဒေမှာ ပြဋ္ဌာန်းပေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်းကလည်း အလုပ်သမားရပိုင်ခွင့် အခြေအနေတွေ တိုးတက်လာသင့်ပြီလို့ ဆိုပါတယ်။

“အလုပ်သမားတွေရဲ့ အခွင့်အရေးတို့ ဝင်ငွေတို့ တိုးတက်လာဖို့ ဆိုတာကတော့ လက်ရှိတည်ဆဲဖြစ်နေတဲ့ ဥပဒေတွေကို ပြန်ပြုပြင်ဖို့လိုတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ လွှတ်တော်ဘက်က ဒါတွေကို ပြင်ဆင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်” လို့ ဦးသိန်းထွန်းက ပြောပါတယ်။

သူတို့ကော်မတီက အလုပ်သမားဆိုင်ရာ ဥပဒေတွေကို လေ့လာနေပြီး တချို့ကို ပြင်ဆင်ရမယ်၊ ဖျက်သိမ်းရမယ့် ဥပဒေလည်း ရှိတယ်လို့ Myanmar Now ကို ရှင်းပြပါတယ်။ အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးနေတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်လာပြီး အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းလာမယ်လို့ သူက သုံးသပ်ပါတယ်။

အငြင်းပွားမှုများ

ယမန်နှစ်က အလုပ်ရှင်အလုပ်သမား ပဋိပက္ခဖြစ်ပြီး ဝန်ကြီးဌာနအထိ အဆင့်ဆင့်တက်လာတဲ့ အမှုပေါင်း တစ်ထောင်ကျော်မှာ ပါဝင်ပတ်သက်တဲ့ အလုပ်သမားအရေအတွက်က ၁၄,၉၈၇ ဦး ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့စာရင်း တွေအရ သိရပါတယ်။

ငွေကြေးအကျိုးခံစားခွင့်ဆိုင်ရာဖြေရှင်းပေးနိုင်ခဲ့တာက ၄၉၇ မှု၊ ကြေးအေးလိုက်တာ ၃၅၃ မှု၊ ပိတ်သိမ်းလိုက်တာ ၄ မှုနဲ့ အခြားဥပဒေပိုင်းဆိုင်ရာကို လွှဲပြောင်းတာက ၁၆၅ မှု ရှိပါတယ်။

အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးအေးထွန်းက အလုပ်သမားဦးစီးဌာနဟာ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အလုပ်သမားတွေဘက်ကို လိုက်ပြီး ဖြေရှင်းနေကြတာ များတယ်လို့ ဆိုပါတယ်။

“လုပ်ငန်းခွင်စံနှုန်းတွေ၊ အလုပ်ရှင်ဘက်က ကျန်းမာရေး စောင့်ရှောက်မှု ဘယ်လိုလုပ်ပေးသလဲ၊ လုပ်ငန်းခွင် သက်တောင့်သက်သာရှိအောင် ဘယ်လိုဖန်တီးပေးထားလဲ ဆိုတာ မစဉ်းစားဘဲနဲ့ ပိုက်ဆံ ပိုပေးလိုက် ဆိုသလို လုပ်နေတယ်။ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို ထည့်မတွက်ဘူး” လို့ ဦးအေးထွန်းက ပြောပါတယ်။

အလုပ်ရှင်ဘက်က အလုပ်သမားတစ်ယောက်အတွက် ထည့်ပေးရတဲ့ လူမှုဖူလုံရေးနှုန်းက တစ်လမှာ ငါးထောင်လောက် ရှိတယ်၊ နိုင်ငံအနှံ့ အလုပ်သမား ခြောက်သိန်း ဝန်းကျင်အတွက် အလုပ်ရှင်တွေ ပေးသွင်းရတာ လစဉ် သုံးဘီလီယံ ရှိတယ် လို့ သူက တွက်ပြပါတယ်။ ဒီငွေတွေကို အလုပ်သမား ကျန်းမာရေးအတွက် ပြန်သုံးရာမှာ စနစ်ကျဖို့၊ ပြုပြင်ပြောင်းလဲရေးက အောက်ခြေဝန်ထမ်းတွေအထိ ရောက်ဖို့ အပိုင်းမှာ အစိုးရဘက်က အားနည်းနေသေးတယ်လို့ သူက ထောက်ပြပါတယ်။

အလုပ်သမားရေး ဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ်တစ်ယောက်ဖြစ်တဲ့ ဦးညွန့်ဝင်းက အလုပ်ရှင်တွေဟာ ဥပဒေပါအခွင့်အရေးတွေကို မတောင်းဆိုခင်ကတည်းက ပေးထားရမှာ ဖြစ်သလို အလုပ်သမားတွေကလည်း ဥပဒေပါပြဋ္ဌာန်းချက်ထက် ပိုပြီး မတောင်းဆိုသင့်ကြောင်း Myanmar Now ကို ပြောပါတယ်။

“သူ့အကျိုး၊ ကိုယ့်အကျိုးကို နှစ်ဖက်မျှခြေရှိအောင် လိုလိုလားလား ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိဖို့လိုတယ်” လို့ ဒုညွှန်ချုပ်က သုံးသပ်ပါတယ်။

Great Wall 1 ဖိနပ်စက်ရုံ သမဂ္ဂခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ၂၆ နှစ်အရွယ် ကိုဖြိုးဝေအောင်ဟာ တောင်းဆိုမှုတွေ လုပ်အပြီး ၂ဝ၁၅ မေလမှာ အလုပ်ဖြုတ်ခံရသူပါ။

“ကျွန်တော့်ကို အလုပ်ပြန်ခန့်ထားဖို့ အမိန့်ကို စက်ရုံဘက်က မလိုက်နာတာကြောင့် တရားရုံးက ဒဏ်ငွေ ၁ဝ သိန်းချမှတ်ခဲ့တယ်။ ကျွန်တော့်ကိုတော့ အခုချိန်ထိ သူတို့ဘက်က ပြန်မခန့်ဘူး။ ဒဏ်ငွေ ၁ဝ သိန်းဆိုတာ စက်ရုံပိုင်ရှင်တွေအတွက် ကလေးမုန့်ဖိုးပေးသလောက်ပဲရှိတာ” လို့ ကိုဖြိုးဝေအောင်က ဆိုပါတယ်။

“အလုပ်ပြန်မခန့်သေးတာကို တရားရုံးအဆင့်ဆင့် ထပ်တက်ဖို့ ကြိုးစားဦးမှာပဲ”

စက်ရုံရဲ့ မန်နေဂျာတစ်ဦးဖြစ်သူ မမိုးမိုးမြင့်ခိုင်က အလုပ်သမားတွေကို လုပ်ငန်းခွင်အခက်အခဲနဲ့ ပတ်သက်ပြီး အချိန်မရွေး လာရောက် ပြောဆိုခွင့် ပေးထားတယ်လို့ Myanmar Now ကို ပြောပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး လာရောက် ပြောဆိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ထမင်းစားဆောင် လိုအပ်တာမျိုးလို အခြေခံအချက်တွေ အကြောင်းကိုလည်း သူ့ကို မေးမြန်းခဲ့ပါတယ်။

“ထမင်းစားဆောင် မရှိတာကလည်း ကျွန်မတို့စက်ရုံက စက်တင်ဘာလထဲမှာပဲ အဆောင်ပြောင်းဖို့ လုပ်နေတာ။ လက်ရှိနေရာက ငှားထားတာဆိုတော့ ပြုပြင်ဖို့ ဆိုတာလည်း တဖက်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်တွေ၊ ဘာတွေက လိုသေးတယ်လေ” လို့ မမိုးမိုးမြင့်ခိုင်က ပြောပါတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading