သတင်း

ဖမ်းဆီးခံထားရသည့် စစ်ဆေးရုံဆောက်လုပ်ရေးလုပ်သား ငါးဦးနှိပ်စက်ခံရ၊ တစ်ဦးသေဆုံး

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် စစ်တပ်က ဆောက်လုပ်နေသည့် ခုတင် ၁၀၀၀ စစ်ဆေးရုံစီမံကိန်းမှ ဆောက်လုပ်ရေးလုပ်သား ငါးဦးမှာ ဇွန် ၂ ရက်က ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် အလုပ်သမားတစ်ဦး သေဆုံးခဲ့ကာ အခြားသူတစ်ဦးမှာလည်း ဆေးရုံတက်ရသည်အထိ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ 

စစ်ဆေးရုံဆောက်လုပ်ရေး၌ သံချည်သံကွေး နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေကြသော ကိုဖိုးဇော်၊ ကိုရဲနိုင်၊ ကိုကေဇော်၊ ကိုကျော်စိုးလင်းနှင့် ကိုမျိုးဇော်ဇော်တို့ဖြစ်ပြီး ဇွန် ၂ ရက် ညနေပိုင်းက ၎င်းတို့နေထိုင်ရာ ရွှေပြည်သာမြို့နယ် အပြန်လမ်းတွင် စစ်ကောင်စီ၏ ရဲနှင့် စစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

“တစ်ယောက်က လမ်းမှာလာနေတဲ့ ရဲကားကို ဆဲလိုက်တယ်တဲ့။ အဲဒီမှာ ရဲကားက ကြားသွားတော့ ရပ်ပြီး သူတို့ငါးယောက်စလုံးကို ထိုးနှက်ပြီးမေးတာ။ အဲဒီမှာ ဆဲတဲ့သူက ဝန်ခံတော့ ဝန်ခံတဲ့သူကို ကျန်တဲ့လေးယောက်က ဝိုင်းထိုးဖို့ ခိုင်းတယ်။ အချင်းချင်းဆိုတော့ နာအောင် ဘယ်ထိုးမလဲ။ အဲဒါကို အားထည့်မထိုးလို့ဆိုပြီး စစ်သား (ရဲများနှင့်အတူ ပါလာသူ) က ထိုးတယ်တဲ့။ အဲဒီလို ထိုးပြီး ဖမ်းသွားတာ”ဟု ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် သေဆုံးခဲ့သူ ကိုမျိုးဇော်ဇော်၏ ညီဖြစ်သူက ပြောသည်။

ဖမ်းဆီးထားသူများကို ရွှေပြည်သာရဲစခန်းအချုပ်တွင် တစ်ညချုပ်နှောင်ထားပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၃၂ နှစ်အရွယ် ကိုမျိုးဇော်ဇော်မှာမူ ရင်ခွဲထားသည့် ရုပ်အလောင်းကိုသာ မိသားစုက ပြန်ရခဲ့ခြင်းဖြစ်သည်။ 

ကိုမျိုးဇော်ဇော်ကို ချုပ်နှောင်ထားစဉ် ဗိုက်အောင့်သဖြင့် ဆေးရုံပို့သော်လည်း အသက်မမီဘဲ သေဆုံးသွားသည်ဆိုသော ရဲတပ်ဖွဲ့၏ အကြောင်းပြချက်ကို အယုံအကြည်မရှိဟု ညီဖြစ်သူက ပြောသည်။ 

“ဗိုက်အောင့်ရုံနဲ့တော့ ကျွန်တော့်အကို မသေနိုင်ပါဘူး။ သူ ပြင်းပြင်းထန်ထန်ခံထားရလို့သာ ကျွန်တော့်အကို သေသွားရတာ” ဟု ၎င်းက ပြောသည်။

မိသားစုဝင်တစ်ဦး ရဲအချုပ်အတွင်း သေဆုံးခဲ့ရ၍ တရားမျှတမှုကို တောင့်တသော်လည်း စစ်အာဏာသိမ်းထားသည့် နိုင်ငံရေးအခြေအနေအရ မည်သို့မျှမတတ်နိုင်ဟုလည်း ၎င်းက ဆိုသည်။ 

“အိမ်က အမေနဲ့အဖေ ငိုရင်တောင် ဒီအတိုင်း ရိုးရိုးသားပဲ ငိုကြပါ။ ဘာကြောင့်၊ ညာကြောင့်ဆိုတာ ထည့်မပြောကြပါနဲ့လို့ လိုက်တားထားရတယ်ဗျာ” ဟု သေဆုံးသူ ကိုမျိုးဇော်ဇော်၏ ညီက ပြောသည်။ 

ကိုမျိုးဇော်ဇော်၏ နာရေးကို ယမန်နေ့ (ဇွန်၆)တွင် ရွှေပြည်သာ၊ လိန်ကုန်းသုသာန်တွင် ပြုလုပ်ခဲ့ပြီး ၎င်းတွင် ကိုယ်ဝန်ခြောက်လရှိ ဇနီးသည်နှင့် အသက် ၄ နှစ်အရွယ်သားတစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။ 

ကိုမျိုးဇော်ဇော်နှင့်အတူ ဖမ်းဆီးခံရသူများအနက် ရဲကားကို ဆဲဆိုသည်ဟု စွပ်စွဲခံရသော ကိုဖိုးဇော်ဆိုသူမှာ ရဲစခန်းတွင် သီးခြားခွဲ၍ ချုပ်နှောင်ခံရပြီး ပြန်လွတ်လာချိန်တွင် ဦးခေါင်းကွဲဒဏ်ရာနှင့် ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ကန်ကျောက်ခံရသည့် ဒဏ်များဖြင့် ဆေးရုံတက်ကုသနေရသည်ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက်တစ်ရက်တွင် အသက်မဲ့ခန္ဓာကိုယ်သာ မိသားစုက ပြန်ရသည့်ဖြစ်စဉ်များ နိုင်ငံအနှံ့တွင် ရှိနေသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ ဖေဖော်ဝါရီ ၁ မှ ဇွန် ၆ အထိ စစ်ကောင်စီလက်ချက်ဖြင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၆၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။

Show More

Related Articles

Back to top button