ငရဲဘုံနှင့် တူနေဆဲဖြစ်သော အကျဉ်းစခန်းများ

“တစ်၊ နှစ်၊ သုံး၊ လေး” ဟု အကျဉ်းသားတစ်ဦးက နေပူပူ တောင်ခြေစိုက်ခင်းတွင် စတင် အော်ဟစ် ရေတွက်လိုက်သည်။ ရေတွက်သံ ထွက်လာသည်နှင့် သူ့ရှေ့မှ အကျဉ်းသား ၁ဝဝ ခန့်က ပေါက်တူးကိုင်ပြီး အဆက်မပြတ် မြက်ရှင်းကြလေသည်။

အမှတ်စဉ် ရေတွက်သူက ကိုင်ထားသည့် ဝါးတံပိုးဖြင့် အကျဉ်းသားတချို့ကို လှမ်းရိုက်လိုက်သည်။ ထိုသူမှာ ထောင်ဝန်ထမ်းများကို ကူညီရသော အုပ်ချုပ်မှုအကူ ခေါ် တုတ်ကိုင်ဖြစ်သည်။

သေနတ်လွယ်ထားသော ကာကီရောင် ယူနီဖောင်းဝတ် ဝန်ထမ်းတစ်ဦး ရပ်ကြည့်နေပြီး ရံဖန်ရံခါ သူကိုယ်တိုင် ဝင်ရိုက်သည်။

တုတ်ကိုင် ၄ ဦးခန့်ရှိပြီး အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၄ ဦးလည်း ရှိနေသည်။ အကျဉ်းသားအားလုံး ညစ်နွမ်းသော အပြာရောင်ရှပ်အင်္ကျီလက်တို၊ ပုဆိုးတို့ကို ဝတ်ဆင်ထားကြပြီး တချို့က သံခြေကျင်း ခတ်ခံထားရသည်။

ထိုနေရာသည် ရှမ်းပြည်နယ် နောင်ချိုမြို့အပြင်ဘက်တွင်ဖြစ်သည်။ ညနေဘက် လုပ်ငန်းသိမ်းချိန်တွင် အကျဉ်းသားများ တန်းစီပြီး ကောင်းမှုအကျဉ်းစခန်းသို့ လမ်းလျှောက် ပြန်သွားကြသည်။

“အုပ်ချုပ်တဲ့ အကျဉ်းသားတွေက သဘောမကျရင် မကျသလို ဝင်ရိုက်တယ်။ ရှေ့ကသွား၊ နောက်ကရိုက်။ ကြံပင်တွေကြား ပေါင်းရှင်းတဲ့အခါ မှို့ပင်လေး တစ်ပင်ကျန်တာနဲ့ ဝင်ရိုက်တယ်၊ ဝန်ထမ်းတွေလည်း ဝင်ရိုက်တယ်။ ထောင်မှူးတွေက ရိုက်ခိုင်းလို့ ဝင်ရိုက်တာလည်း ရှိတယ်” ဟု ကောင်းမှုစခန်းမှ ဇွန် ၃ ရက် နေ့က ပြန်လွတ်လာသူ ကိုဇေယျာလင်းက ဆိုသည်။

စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် နှစ်ပေါင်းများစွာ ရှိခဲ့ရာမှ ၂ဝ၁၁ မှ စတင်သော နိုင်ငံရေးအပြောင်းအလဲများကြောင့် တိုင်းပြည်၏ ကဏ္ဍအများအပြားတွင် အပြုသဘော ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာသည်။ သို့သော်လည်း အကျဉ်းစခန်းအများအပြားတွင်မူ ရက်စက်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့ ဆက်လက်မင်းမူနေသည်။

ပြစ်မှုကျွေးချွေးဖြင့်ဆပ်

ထောင်၊ ရဲဘက်စခန်းတို့တွင် လူအခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေသည်ဟု နိုင်ငံတကာက စွပ်စွဲဝေဖန်နေချိန်တွင် ယခင်စစ်ဗိုလ်ချုပ်ကြီးများက အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) ကို ၁၉၉၉ မေလမှစ၍ သွားရောက်စစ်ဆေးခွင့်ပြုလိုက်သည်။

လအနည်းငယ်ကြာ စစ်ဆေးပြီးနောက် ကမ္ဘာကစွပ်စွဲထားသော အချက်များ မှန်ကန်ကြောင်း တိတ်တဆိတ် ထုတ်ဖော်ပြောကြားခဲ့သူမှာ ICRC အဖွဲ့အား ထိုစဉ်က ဦးဆောင်သူ Mr De Riedmatten Leon ဖြစ်သည်။

၎င်းက ထောင်များတွင် ရိုက်နှက်၊ ခြိမ်းခြောက်မှုများ ရှိနေကြောင်း၊ အစားအသောက်ကျွေးမွေးမှု လွန်စွာ အဆင့်နိမ့်ကျကြောင်း၊ ငွေကြေးတတ်နိုင်သူတို့ ကောင်းမွန်စွာနေထိုင်ရပြီး၊ ဆင်းရဲသူတို့မှာ ရဲဘက်စခန်းများသို့ ပို့ခံရပုံကို ထိုစဉ်က အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူထားသူ ဦးကျော်ထွန်းနှင့် ၁၉၉၉ နိုဝင်ဘာတွင် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ထိုဌာန၏ မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ထိုအချိန်မှစ၍ ထောင်တွင်း အစားအသောက်ကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သော်လည်း ငွေပေးနိုင်မှုအပေါ် အခြေခံ၍ အကျဉ်းသားတို့ကို ခွဲခြားဆက်ဆံမှု၊ အဆင်းရဲဆုံးသော အကျဉ်းသားတို့ကို ကျောက်ထုတ်စခန်းများ၊ ဝေးလံသော အကျဉ်းစခန်းများသို့ ပို့ဆောင်မှုတို့က ဆက်လက် တည်ရှိသည်။

ရဲဘက်စခန်းသို့မပြောင်းရွှေ့ရဘဲ ထောင်ထဲတွင်သာ နေလိုသူ၊ မြို့နှင့်နီးသောစခန်းသို့ သွားလိုသူ၊ ပင်ပန်းသည့်ကျောက်ထုတ်စခန်းကို ရှောင်ရှားလိုသူတို့ ထုတ်သုံးကြရသည့် ငွေပမာဏ မတူညီကြောင်း အကျဉ်းဦးစီးဌာနတွင် လုပ်သက် ၂၅ နှစ် ရှိခဲ့ပြီး၊ ယခု ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသော ဦးခင်မောင်မြင့်က ဆိုသည်။

“ရဲဘက်ထွက်ရပြီဟေ့ဆိုလည်း ခြေကျင်းခတ်ခံရတော့မယ်။ အဲ့ဒီမှာ ခြေကျင်းအမျိုးမျိုးထဲက ပေါ့ပါးပြီး လှုပ်ရှားလို့ကောင်းတဲ့ ခြေကျင်းခတ်ခံချင်လား၊ လေးပြီး လှုပ်ရှားလို့မလွယ်တဲ့ ခြေကျင်း မခတ်ခံချင်ဘူးလား၊ ဒါဆိုရင် ငွေဘယ်လောက်ဆိုတာ စသည်ဖြင့် ရှိတယ်” ဟု ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။

Myanmar Now က လနှင့်ချီ၍ ပြုလုပ်ခဲ့သော စုံစမ်းဖော်ထုတ်မှုတွင် အကျဉ်းသား၊ အကျဉ်းသားဟောင်း၊ အကျဉ်းဦးစီးအာဏာပိုင်တို့နှင့် တွေ့ဆုံမေးမြန်းမှု အများအပြား ပြုလုပ်ခဲ့သည်။ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ထုတ်ပြန်ခဲ့သော အကျဉ်းဦးစီးဌာန၏ ထောင်နှင့်ချီသော မှတ်တမ်းများ၊ အစိုးရ၏ အမိန့်ညွှန်ကြားချက်များကိုလည်း လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည်။

ခေတ်အဆက်ဆက် အာဏာပိုင်တို့က အလုပ်စခန်းများတွင် အကျဉ်းသားလုပ်အားကို မှားယွင်းသော နည်းလမ်းမျိုးစုံဖြင့် သုံးစွဲမှု၊ အကျဉ်းသားများအား ငွေထုတ်စက်များကဲ့သို့ သဘောထားပြီး ဌာနအတွက် တရားဝင် ရံပုံငွေရှာဖွေမှု၊ ခြစားမှုမြောက်သော တရားမဝင် ငွေကြေးရှာဖွေမှု စသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း တွေ့ရှိရသည်။

စစ်အစိုးရများနှင့် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် လူ့အခွင့်အရေးအဖွဲ့များက သာမန်အကျဉ်းသားတို့၏ အခြေအနေထက် နိုင်ငံရေးအကျဉ်းသားအရေးကိုသာ အာရုံစိုက်ခဲ့သည်။

ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီအစိုးရခေတ်တို့တွင် အကျဉ်းထောင်စနစ်သည် အများအားဖြင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေးအတွက်သာ ဖြစ်ခဲ့သော်လည်း ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် အုပ်ချုပ်သူတို့က “ပြစ်မှုကြွေးချွေးဖြင့်ဆပ်” ဟူသော ဆောင်ပုဒ်ကို တီထွင်ကာ အကျဉ်းသားလုပ်အားကို စတင် သုံးစွဲခဲ့သည်။

မှတ်တမ်းတစ်ခုအရ ၁၉၉၃ ခုနှစ် အစည်းအဝေးတစ်ခုတွင် ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ဘုန်းမြင့်က အကျဉ်းသားရဲဘက်များ၏ “အလဟဿ လေလွင့်ပြုန်းတီး နေသော” လုပ်အားကို နိုင်ငံတော်စီမံကိန်းများတွင် သုံးစွဲပြီး ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ရည်မှန်းချက်များတွင် လယ်ယာမြေသစ် ဖော်ထုတ်ရန်၊ နိုင်ငံတော်စီမံကိန်းများတွင် သုံးစွဲရန်၊ နိုင်ငံတော်က အခမဲ့ ကျွေးမွေးထားရသည့် ထိုအကျဉ်းသားများကို ခိုင်းစေပြီး ဝင်ငွေပြန်ရရှိရေး လုပ်ဆောင်ရန်တို့ ပါဝင်သည်။

၁၉၉၃ ဖေဖော်ဝါရီ ၂၃ ရက်စွဲတပ် ထိုမှတ်တမ်းအရ ထိုအစည်းအဝေးကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး၊ ထိုစဉ်က ထိပ်တန်း စစ်ဗိုလ်ချုပ်များဖြစ်ကြသည့် ဗိုလ်မှူးချုပ်အေဘယ်လ်၊ ဗိုလ်မှူးချုပ်လွန်းမောင် အပါအဝင် စစ်ဗိုလ်ချုပ် တစ်ဒါဇင်ကျော် တက်ရောက်ခဲ့သည်။

ထိုအစည်းအဝေးက အကျဉ်းသားတို့ကို စစ်မြေပြင်ပို့ပြီး လက်နက်၊ ရိက္ခာ သယ်ဆောင်စေရန်၊ အကျဉ်းသား အင်အား ၅ဝဝ စီ ရှိသော “ဝန်ဆောင်” တပ်ရင်းများကို မြစ်ကြီးနား၊ လွိုင်ကော်၊ မြိတ်၊ သထုံ၊ ဘားအံတို့တွင် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကလည်း ၁၉၉၉ ဇန်နဝါရီ ၂၂ တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်းသို့ သွားရောက်ပြီး အကျဉ်းစခန်းများသည် နိုင်ငံတော်၏ ကုန်ထုတ်လုပ်ရေးကို အထောက်အကူပြုသကဲ့သို့ အကျဉ်းသားများ စားသောက်ရေးနှင့်ပတ်သက်၍ “ နိုင်ငံတော်အစိုးရအပေါ် မှီခိုနေမှုအား အမှီအခိုကင်းသောဘဝ ရောက်အောင် ” လုပ်ဆောင်ရမည်ဟု ညွှန်ကြားခဲ့ကြောင်း မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ၄ ရက်အကြာတွင် ထိုညွှန်ကြားချက်ကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူပြီး လုပ်ငန်းအောင်မြင်ရေး အကောင်အထည်ဖော်ရမည်ဟု ညွှန်ကြားရေးမှူးများသို့ ပေးပို့သောစာတွင် ဖော်ပြထားသည်။

မှတ်တမ်းများအရ ၁၉၈ဝ တွင် အကျဉ်းသား ၂၅,ဝဝဝ ကို အလုပ်စခန်း ၂၂ ခု တွင် ခိုင်းစေခဲ့သည်။

အစာရေစာမလုံလောက်၊ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် အကျဉ်းစခန်းများ၊ နိုင်ငံတော် စီမံကိန်းလုပ်ကွက်များတွင် အကျဉ်းသား ထောင်နှင့်ချီ သေဆုံးခဲ့သည်။ ၂ဝ၁၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ၁၉၇၈ မှ ၂ဝ၁၄ အတွင်း စခန်းများတွင် သေဆုံးသူ ၅,ဝဝဝ ကျော် ရှိပြီး၊ အကျဉ်းသားတို့၏ “ အလဟဿ လေလွင့်ပြုန်းတီးနေသော လုပ်အား ” ကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အသုံးချရေးအတွက် အကျဉ်းစခန်းများဆက်လက်ရှိရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ၁ဝ နှစ်ခန့်မှ စတင်ပြီး အကျဉ်းစခန်းတွင် သေဆုံးနှုန်း လျော့ကျလာသော်လည်း အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် သမ္မတဦးထင်ကျော် အစိုးရ လက်ထက်တိုင် တည်ရှိနေသည်။

ယခုအခါ အလုပ်စခန်း ၄၈ ခုတွင် အကျဉ်းသားအရေအတွက် ၂ဝ,ဝဝဝ မှ ၃ဝ,ဝဝဝ ကြား ရှိနေသည်။ ၁၈ ခု မှာ ကျောက်ထုတ်လုပ်ရေး “ကုန်ထုတ်စခန်းများ” ဖြစ်ပြီး ကျန်စခန်းများမှာ စိုက်ပျိုးမွေးမျိုးရေး “အတတ်သင်” စခန်းများ ဖြစ်ကြသည်။

ဗြိတိသျှတို့ရေးဆွဲပြီး ယနေ့တိုင်သုံးစွဲနေသည့် ၁၈၉၄ အကျဉ်းထောင်လက်စွဲတွင် ရဲဘက်စခန်းများဖွင့်ပြီး ကုန်ထုတ်ရမည်ဟူ၍ မပါရှိပေ၊ ထောင်နှင့် ဆက်စပ်သောလုပ်ငန်းများတွင် အဓိကထားခိုင်းစေရမည်ဟု ဖော်ပြထားသည်။

“ဒီအကျဉ်းသားတစ်ယောက်က သူ့ပြစ်ဒဏ်အလျောက် ပြစ်ဒဏ်ခံခဲ့ရပြီးပြီ။ လူ့အသိုင်းအဝိုင်းထဲကနေ သူ့ကို ကာလအကန့်အသတ်တစ်ခုနဲ့ ဖယ်ထုတ်လိုက်ပြီးပြီ။ ဒါကိုက ပြစ်ဒဏ်ပဲလေ။ အဲဒီထဲမှာမှ ထောင်ထဲမှာ လုပ်ရမယ့် လုပ်ငန်းကို ထပ်ပြီး အကျယ်ဖွင့်ဆိုပြီး အကျဉ်းထောင်အပြင်မှာပါ သူ့လုပ်အားကို ထပ်သုံးတော့မယ်ဆိုတော့ သူ့ပြစ်ဒဏ်က နှစ်ဆတိုးသွားသလို ဖြစ်တယ်” ဟု ထောင်မှူးကြီး ဦးခင်မောင်မြင့်က ဆိုသည်။

ကျွန်တော်တို့ဟာ ကျွန်တွေပါ

ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင် ၂ နှစ် ကျခဲ့သော ရဲဝန်ထမ်းဟောင်း ကိုဇေယျာလင်းသည် မန္တလေးထောင်တွင် လအနည်းငယ် နေခဲ့ရပြီး နောင်ချိုမြို့နယ်၊ ကောင်းမှုအလုပ်စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

စိမ်းလန်းသည့် စပါးခင်း၊ ကြံစိုက်ခင်း၊ ပြောင်းစိုက်ခင်းများ မြင်ကွင်းတစ်ဆုံးရှိသဖြင့် အေးချမ်းမှု၊ ငြိမ်းချမ်းမှု အသွင်ဆောင်သော တောင်ကုန်းအနီးတွင် ငရဲခန်းတို့နှင့် နှိုင်းယှဉ်ခံရသော အလုပ်စခန်းများ တည်ရှိနေသည်။ စခန်းမှ အကျဉ်းသား ၂ဝဝ နီးပါးသည် အကျဉ်းဦးစီးဌာန၏ ကြံစိုက်ခင်း ဧက ၁၄ဝ၊ ပုဂ္ဂလိကစိုက်ခင်းတို့တွင် လုပ်ကိုင်ရသည်ဟု သူက ရှင်းပြသည်။

မည်သည့်အသက်မွေးဝမ်းကျောင်းပညာမှ သင်ကြားခြင်း မပြုသော အဆိုပါ အတတ်သင်စခန်းတွင် အကျဉ်းသားတို့ ရက်သတ္တတစ်ပတ်လျှင် ၆ ရက် လုပ်ကိုင်ရသည်ဟု ဆိုသည်။ သူ စခန်းသို့ ရောက်သည့် ၂ဝ၁၅ ဇူလိုင် ၅ ရက်နေ့ကတည်းက အုပ်ချုပ်မှုအကူအကျဉ်းသားတို့၏ နှိပ်စက်မှုကို ခံရကြောင်း၊ ထိုအချိန်က အုပ်ချုပ်သူမှာ ထောင်ပိုင်ဦးဇော်ဦး ဖြစ်ကြောင်း သူက ရှင်းပြသည်။

“ကျောကို ရိုက်တယ်။ တင်ပါးကိုရိုက်တယ်။ အကြောင်းပြချက်ကတော့ အလုပ်နှေးတယ်ပေါ့။ တစ်နေ့ကို မရိုက်ခံရဘူးဆို အချက် ၃ဝ လောက်ရှိတယ်” ဟု ကိုဇေယျာလင်းက ဆိုသည်။

မိခင်၊ ဇနီးတို့ စခန်းလိုက်လာပြီး ထောင်မှူးကြီးကို ၅ သိန်း ပေးလိုက်မှ ရိုက်နှက်မှုများ ရပ်သွားပြီး ထောင်ဝန်ထမ်းတို့ကို ရေနွေးကျို၊ ကော်ဖီဖျော်တိုက်ရသည့်ရာထူး ရခဲ့သည်ဟု ဆိုသည်။ ငွေမပေးနိုင်သည့် ငယ်ရွယ်သောအကျဉ်းသားများအနက် တချို့မှာ စခန်းအတွင်း လိင်ပျော်တော်ဆက်သူများ ဖြစ်သွားကြောင်း သူက ရှင်းပြသည်။

“ငွေရင်းမလား၊ လူရင်းမလား၊ ကျွဲလိုနွားလို အလုပ်လုပ်ပြီး လုပ်အားရင်းရမလား။ ကျန်တာ ရွေးချယ်စရာမရှိဘူး။ တကယ့် ကျွန်ဘဝပါဗျာ” ဟု ကိုဇေယျာလင်းက အကျဉ်းစခန်းမှ ပြန်လွတ်လာသည့်နေ့တွင် ဝမ်းနည်းတစ်ဆို့စွာ ပြောပြသည်။

အမည်မဖော်လိုသူ အကျဉ်းသားတစ်ဦးကလည်း ထိုစခန်းတွင် ရိုက်နှက်ခံနေရသည်မှာ တစ်နှစ်ကျော်လာပြီ ဖြစ်သောကြောင့် အကျဉ်းထောင်သို့ ပြန်ပို့ခံရရေးအတွက် အသေအကျေ ပြန်လည်တိုက်ခိုက်သည့်နည်းဖြင့် အမှု ဖန်တီးရန် မကြာခဏ စဉ်းစားမိသည်ဟု ဆိုသည်။ သားငယ်၊ သမီးငယ်တို့၏မျက်နှာကိုမြင်ယောင်ပြီး စိတ်ထိန်းထားရကြောင်း၊ မိသားစုက ထောင်ဝင်စာ လာတွေ့ခြင်း မရှိသေးကြောင်း ရိုက်ခံထားရသော ဒဏ်ရာများကို ပြပြီး ပြောပြသည်။

“ကျွန်တော်က တောသူတောင်သားဆိုတော့ ဒီအလုပ်ကြမ်းကို လုပ်နိုင်ပါတယ်။ လုပ်နိုင်လည်း ရိုက်ခံနေရတာပဲ။ ဒီနေ့ တစ်ဧက ပေါင်းရှင်းနိုင်တယ်ဆို၊ နက်ဖန် နှစ်ဧက ခိုင်းတော့ လူက ဘယ်လိုမှ မခံနိုင်ဘူး” ဟု မျက်ရည် ဝိုင်းနေသော အဆိုပါအကျဉ်းသားက အကျဉ်းစခန်းအနီး လုပ်ငန်းခွင်တွင် ခေတ္တတွေ့ဆုံစဉ် Myanmar Now ကို ပြောပြသည်။

ရိုက်နှက်ရန် ဖိအားပေးခြင်း

ကောင်းမှုစခန်းအပြင် နောင်ချိုရှိ အကျဉ်းဦးစီးဌာနပိုင် ကော်ဖီခြံ၊ ကြံစိုက်ခင်းများရှိသည့် ကြူအင်း၊ ဟိုခို၊ လွင်ကြီး၊ ကုန်းစံ၊ ခဲမွန် တို့ကို စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်သင်စခန်းဟု အမည်ပေးထားသည်။ ဟိုခိုစခန်းမှ ၂ဝ၁၄ တွင် လွတ်မြောက်လာသူ ဦးအောင်စိုးက အကျဉ်းသားအချင်းချင်း အုပ်ချုပ်သည့် တုတ်ကိုင်ရာထူးရရှိရန် သိန်းနှင့်ချီ လာဘ်ထိုးရသည်ဟု ပြောပြသည်။

“ရိုက်မှ အကျဉ်းသားတွေက အမြဲကြောက်နေပြီး ဝန်ထမ်းတွေကို ပိုက်ဆံပေးမယ်၊ ပစ္စည်းပေးမယ်၊ ဒီဝန်ထမ်းတွေ ရေချိုးရင် ဆပ်ပြာတိုက်ပေးမယ်၊ သူတို့ကို နှိပ်နယ်ပေးမယ်၊ နည်းမျိုးစုံနဲ့ ကျွန်ခံပေးမယ်။ ဒါ့ကြောင့်ရိုက်တာ” ဟု ဦးအောင်စိုးက ဆိုသည်။

ဦးအောင်စိုး အကျဉ်းစခန်းတွင် အရိုက်မခံရစေရန် ကျင့်သုံးခဲ့သောနည်းလမ်းမှာ အခြားအကျဉ်းသားတို့နှင့် မတူပေ။ ၂ဝ၁၃ ခုနှစ်က ဟိုခိုသို့ ရောက်သည်နှင့် အကျဉ်းသားသစ်များကို ရိုက်နှက်ပြီး ကြိုဆိုစဉ် ဦးအောင်စိုးက သူ့အား ရိုက်နှက်ပါက အသက်နှင့်ရင်းပြီး ပြန်လည်တိုက်ခိုက်မည်ဟု ပြောဆိုခဲ့သည်။

ထောင်သက် ၁၇ နှစ်၊ တုတ်ခိုင်သော သူ၏ခန္ဓာကိုယ်၊ စူးရှသော မျက်လုံးအစုံ၊ တင်းမာသော သူ၏ မေးကြောတို့က သူ၏ခြိမ်းခြောက်မှုကို အထောက်အပံ့ပေးခဲ့သည်။

ရိုက်နှက်ခြင်းမခံရသော်လည်း သူလည်း အလုပ်ကြမ်း လုပ်ရသည်။

အကျဉ်းစခန်းမှ လွတ်မြောက်ပြီး မကြာမီတွင် “အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ” ဟူသော စာအုပ်ကို အင်းစိန်အောင်စိုး ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေလိုက်သည်။ လူဆိုးများထက်ဆိုးသော သူတို့မှာ အကျဉ်းဦးစီးဝန်ထမ်းများဖြစ်ကြောင်း ထိုစာအုပ်တွင် နိဒါန်းချီထားသည်။ အကျဉ်းသားများ ကြံခုတ်ပြီး ကြံဖတ်ခွာစဉ် ရိုက်နှက်ခံရသည်ဟု ဆိုသည်။

“တစ်နေကုန် မကြာခဏရိုက်တယ်။ ထောင်မှူး၊ ဝန်ထမ်းအကြပ်တွေက သူတို့ရှေ့မှာ ရိုက်နေတာကို တစ်ခွန်းမှ ဝင်မပြောဘူး။…တစ်ယောက်မကျန် အကုန်ရိုက်တယ်။ ကျွန်တော့်ကိုသာ မရိုက်တာပါ” ဟု သူက ထိုစာအုပ်တွင် ရေးသားထားသည်။

မကြာသေးမီက သူနေထိုင်ရာ ရန်ကုန်၊ အင်းစိန်မြို့နယ်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ကြံစည်းများ ထမ်းပုံခဲ့ပုံရပုံကို ပြန်ပြောပြပြီး “ကျွန်တော် အခု ကြံပင်ကိုတွေ့ရင် သိပ်မုန်းတယ်” ဟု ဦးအောင်စိုးက ဆိုသည်။

၂ဝ၁၄ ခုနှစ်က နောင်ချိုရှိ အကျဉ်းစခန်းများကို အဓိကကွပ်ကဲခဲ့သူ ဦးဌေးလွင်ထွန်းက ကောင်းမှုစခန်း ရိုက်နှက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူ ထောင်မှူးကြီး ဦးဇော်မြင့်ဦးကို သတိပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“ဒါက လူသေလောက်တဲ့ကိစ္စလည်း မဟုတ်ဘူး၊ သာမန်ပဲဆိုတော့ နှုတ်နဲ့ပဲ သတိပေးခဲ့တယ်။ တခြားအရေးယူတာမျိုးတော့မရှိဘူး” ဟု မန္တလေးမြို့ ထုံးဘိုကျောက်ထုတ်စခန်း (အမျိုးသား) တွင် တာဝန်ကျနေသော လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလွင်ထွန်းက ပြောသည်။

စည်းကမ်းဘောင်အတွင်း နေထိုင်သူကို သတ်မှတ်ကာလမတိုင်ခင် လျှော့ရက်ပေးပြီး ပြန်လွှတ်လေ့ရှိရာ စည်းကမ်းတစ်ခုခုဖောက်မိသော အကျဉ်းသားက လျှော့ရက် မရမည်ကို စိုးရိမ်ပြီး အရိုက်ခံရခြင်းကိုသာ လိုလားသည့် အခြေအနေမျိုးလည်း ရှိတတ်သည်ဟု သူက ဆိုသည်။

Myanmar Now က သွားရောက်လေ့လာခဲ့သည့် အကျဉ်းစခန်းများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ သည် အဖိနှိပ်ဆုံးစခန်းများတွင် ပါဝင်သည်။ ထိုစခန်းတွင် အကျဉ်းကျခဲ့သူ ကိုထန်းသည် ဘုတ်ကိုင် ခေါ် တုတ်ကိုင်ရာထူး ရရန် ငွေလမ်းခင်း ကြိုးပမ်းပြီးနောက် ဘဝတူအကျဉ်းသားများကို ကိုင်တွယ်အုပ်ချုပ်ရသူတစ်ဦး ဖြစ်လာသည်။

“ကျွန်တော်က မမောင်းရင် ကျွန်တော့်ကို အထက်အရာရှိတွေက ဖိအားပေးတယ်။ မင်းတို့ကောင်တွေ ဒီနေ့ ဘာလို့ ဒီလောက်ပဲပြီးတာလဲလို့ ကျွန်တော့်ကိုပြောတော့ ကျွန်တော်ကလည်း ကျွန်တော့်အောက်က လူတွေကို ဖိရတာပေါ့” ဟု ယမန်နှစ် သြဂုတ်လတွင် လွတ်မြောက်လာသော ကိုထန်းက Myanmar Now ကို ပြောပြသည်။

ရောင်းစားခံရသော လုပ်အား

ကုလသမဂ္ဂက ၁၉၅၅ တွင်ချမှတ်ထားသော “အကျဉ်းသားများဆက်ဆံရာတွင် အနိမ့်ဆုံး ထားရှိရမည့် စည်းမျဉ်းစည်းကမ်းများ” တွင် အကျဉ်းသားတို့ကို အန္တရာယ်သဘောဆောင်သည့် ခိုင်းစေမှုမပြုရ၊ လုပ်ငန်းတစ်ခုခုမှ စီးပွားရေးအကျိုးအမြတ်ရရန် ရည်ရွယ်၍ ခိုင်းစေခြင်းမပြုရဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော အဓမ္မခိုင်းစေမှုဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ် အခန်း ၂ တွင်လည်း တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်သူသည် ပုဂ္ဂလိက ကုမ္ပဏီ၊ အသင်းအဖွဲ့များ၏ အသုံးချခံ မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

Myanmar Now က သွားရောက်လေ့လာခဲ့သော မွန်၊ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများရှိ အကျဉ်းစခန်းအချို့တွင် ထောင်အာဏာပိုင်တို့က အကျဉ်းသားများ၏ လုပ်အားကို ပုဂ္ဂလိကအလုပ်များတွင် အသုံးချလျက်ရှိသည်။

နောင်ချို၊ ကောင်းမှုစခန်းမှ လွတ်လာသော ကိုဇေယျာလင်းက ငွေရည်ပုလဲကုမ္ပဏီပိုင် ကြံစိုက်ခင်း၊ စခန်းတဝိုက်ရှိ ရွာသားတို့၏ စပါးခင်း၊ ပြောင်းခင်းများတွင် သွားရောက် လုပ်ကိုင်ခဲ့ရကြောင်း ပြောသည်။

“ကျွန်တော့်ရှေ့မှာတင် ထောင်မှူးကို လုပ်ငန်းရှင်တွေက အကျဉ်းသား ၁ဝဝ ကို တစ်နေ့ (လုပ်အားခ တစ်ယောက်) ၃,ဝဝဝ နဲ့ တွက်ပြီး ပိုက်ဆံရှင်းတာ တွေ့တယ်၊ ကျွန်တော်တို့ အကျဉ်းသားကတော့ ဘာမှမရဘူး” ဟု သူက ဆိုသည်။

အကျဉ်းဦးစီးဌာနတွင် ၂ဝဝ၄ မှ ၂ဝ၁၂ အထိ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းက ငွေရည်ပုလဲနှင့် အကျဉ်းဦးစီးဌာနတို့ ကြံစိုက်ခင်း ဧက ၈ဝဝ ခန့် နောင်ချိုတွင် လုပ်ကိုင်ရန် စာချုပ်ချုပ်ထားခဲ့ကြောင်း ပြောပြသည်။ ဌာနက မြေ နှင့် အကျဉ်းသားလုပ်အား ထည့်ဝင်ပြီး ကုမ္ပဏီက မျိုးစေ့၊ မြေသြဇာ ထည့်ဝင်ကြောင်း သူကဆိုသည်။

“ကျွန်တော်တို့ ရိတ်သိမ်းပေးပြီး၊ သူတို့က သူတို့ကားနဲ့လာတင်တာရှိသလို၊ ကျွန်တော်တို့ကားနဲ့ သွားတင်ပြီး သူတို့သကြားစက်ကို သွားပို့လို့ရတော့ စျေးကွက်အတွက်လည်း ပူစရာမရှိတော့ဘူး။ ဒီလို အကျိုးတူ ဖက်စပ်လုပ်ကိုင်ခွင့်ရှိတာ ဒါကျွန်တော့််လက်ထက်မှာ အကြီးမားဆုံးပဲ” ဟု သူက ရှင်းပြသည်။

နောင်ချို အကျဉ်းစခန်းများကို ကွပ်ကဲခဲ့သူ ဦးဌေးလွင်ထွန်းက အကျဉ်းသားများ၊ ဝန်ထမ်းများ၏ စားဝတ်နေရေးအတွက် စခန်းတာဝန်ခံတို့က အဆင်ပြေသလို ရှာဖွေရကြောင်း၊ အကျိုးအမြတ်ကို မျှမျှတတ ခွဲဝေသုံးစွဲလျှင် တိုင်တန်းမှု ရှိမည်မဟုတ်ကြောင်း ပြောပြသည်။

နောင်ချို အကျဉ်းစခန်းများတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အကျဉ်းစခန်း အများစုတွင်လည်း ဖြစ်ပျက်နေသည်။ ထိုကဲ့သို့ ပုဂ္ဂလိကအလုပ်များတွင် သွားရောက်လုပ်ကိုင်ရသည်ကို ထောင်အာဏာပိုင်များက လုပ်အားပေးဟု အမည်တပ်ကြောင်း အကျဉ်းသားများ၊ ပြန်လွတ်လာသူများက အတည်ပြုသည်။

ရာဇဂြိုဟ် ၂ အနီးရှိ ရာဇဂြိုဟ်ရွာ အုပ်ချုပ်ရေးမှူး ကိုချောအောင်ကလည်း ရွာသားတို့က ထောင်အာဏာပိုင်တို့ကို အခကြေးငွေပေးပြီး အကျဉ်းသားတို့၏လုပ်အား ရယူကြောင်း ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ကျောက်ထုတ်စခန်းမှ ရာနှင့်ချီသောအကျဉ်းသားများသည် ပုဂ္ဂလိကပိုင် စပါးခင်း၊ ရော်ဘာခြံများတွင် လုပ်ကိုင်ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးရွှေထွန်းက Myanmar Now ကို ပြောသည်။ ဇူလိုင် ၃ဝ ရက်နေ့က အရပ်ဝတ် အကျဉ်းသား ၅ဝ ခန့် သူ့အိမ်အနီးရှိ ပုဂ္ဂလိက လယ်ကွင်းတွင် အလုပ်လုပ်နေရသည်ကို တွေ့ရှိကြောင်း သူက ဆက်ပြောသည်။

“အကျဉ်းသားတွေကို အပြင်မှာ တရားဝင်ခိုင်းခွင့် မရှိတာလည်းတစ်ကြောင်း၊ လုပ်ရတာကလည်း မုပ္ပလင်မြို့အဝင် လမ်းမကြီးဘေးမှာ ဆိုတာကလည်း တစ်ကြောင်းမို့ အကျဉ်းသားဝတ်စုံပြာတွေနဲ့ဆိုရင် အများအမြင်မှာ မကောင်းဘူးထင်တယ်၊ ဒါ့ကြောင့်မို့လို့ အကျဉ်းသားတွေကို အရပ်ဝတ်နဲ့ခိုင်းတာ” ဟု သူက မှတ်ချက်ပြုသည်။

စခန်းတာဝန်ခံများ အလွယ်တကူချမ်းသာလာကြောင်း သူက ဆက်ပြောသည်။ “ထောင်ပိုင်တွေ ဒီကိုရောက်လာပြီး ၁ နှစ်မပြည့်ဘူး၊ အိမ်တွေ၊ ခြံတွေ အကုန်ပိုင်ဆိုင်သွားတာပဲ” ဟု သူက ဆိုသည်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို အကျဉ်းစခန်းများ၏ ဆိုးဝါးသော အခြေအနေများအကြောင်း မေးမြန်းရာ သူက အသေးစိတ် ရှင်းလင်းခြင်း မရှိသော်လည်း တိုးတက်ဖြစ်ထွန်းမှုများ ရှိသည်ဟု ဆိုသည်။

“ဒါတွေက ရှိကောင်းရှိနိုင်ပါတယ်။ ယခင်ကလောက်တော့ မဆိုးတော့ပါဘူး” ဟု ဦးမင်းထွန်းစိုးက ဆိုသည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံရုံးတာဝန်ခံ Piyamal Pichaiwongse က အကျဉ်းစခန်းများရှိ အလုပ်သည် ပုဂ္ဂလိကကုမ္ပဏီတို့၏အကျိုးစီးပွားနှင့် ဆက်စပ်နေပါက ကုလသမဂ္ဂ အဓမ္မခိုင်းစေမှုပဋိဉာဉ်အရ အဓမ္မခိုင်းစေမှုမြောက်ကြောင်း ပြောသည်။

“အကျဉ်းသားတွေကိုခိုင်းစေတဲ့အလုပ်ဆိုတာ ထောင်ရဲ့ဘောင်ထဲမှာပါပြီး၊ ထောင်ရဲ့ အကောင်းဆုံးသော အကျိုးစီးပွားကိုသာ ဦးတည်ရမှာဖြစ်ပါတယ်။ ဥပမာ ထောင်ထဲမှာ အကျဉ်းသားတွေ ထင်းခွဲမယ်၊ ထမင်းဟင်း ချက်မယ်၊ အခန်းတွေကို သန့်ရှင်းရေးလုပ်မယ်၊ ဒါဆိုရင်တော့ အဓမ္မခိုင်းစေတာ မမြောက်ဘူးပေါ့” ဟု ILO အရာရှိက ဆိုသည်။

သူကိုယ်တိုင် မန္တလေးမြို့အနီး ရထားခရီးစဉ်တစ်ခုတွင် အကျဉ်းဦးစီး အလုပ်စခန်းတစ်ခုမှ အကျဉ်းသားများကို လှမ်းတွေ့ဖူးကြောင်း ပြောသည်။

“ကျွန်မ အကျဉ်းသားတွေကို လှမ်းမြင်လိုက်တော့ အို…ဘယ်လိုပြောရမလဲ၊ သူတို့က ကျွန်တွေနဲ့ တူလိုက်တာ။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူမှ ကျွန်မတို့ဆီ လာမတိုင်ကြဘူး” ဟု သူက ပြောပြသည်။ ။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading