သတင်း

ယောနယ်တဝိုက် ဒေသခံအများအပြားတိမ်းရှောင်နေရ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ၊ ကလေးလမ်းတစ်လျှောက်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်တပ်စွဲနေသဖြင့် ထွက်ပြေးရသူ သောင်းနှင့်ချီရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတို့နှင့် တိုက်ပွဲများဖြစ်ပွားလေ့ရှိရာ ယောနယ်တစ်ဝိုက်ရှိ နှမ်းခါးရွာထိပ်စက်ရုံကုန်းနှင့် မြောက်ခင်ရမ်း ရွာရဲစခန်းတို့တို့ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ပြီး ဒေသခံတို့၏ ပစ္စည်းများကို ရိက္ခာနှင့် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည်ဟု ယမန်နေ့(ဇွန် ၃)တွင် ၎င်းတို့က ပြောသည်။

နှမ်းခါး၊ ရဲလှ၊ ချောင်းခွ၊ တောင်ခင်ရမ်း၊ ရွှေဘို၊ သင်တော၊ အလယ်ရွာ၊ ရွာမ အစရှိသည့် မြစ်သာမြစ်အနီးရှိ ကျေးရွာ ၁၃ ရွာခန့်ကို စစ်ကောင်စီတပ်ဖွဲ့က မေ ၃၁မှစ၍ တစ်ရွာပြီးတစ်ရွာ ဝင်ရောက်စီးနင်းလျက်ရှိသည်ဟု ဒေသခံတို့ကပြောသည်။

ထို့ကြောင့် ယောနယ်တစ်ဝိုက်တွင် နေအိမ်စွန့်ခွာတိမ်းရှောင်ရသူ ဦးရေငါးသောင်းခန့်ရှိသည်ဟု ဒေသခံတို့က ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မေ ၂၈ တွင် စစ်ကောင်စီတပ်များ ရဲလှရွာသို့ ဝင်ရောက်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ဝင် ကျောင်းဆရာအပါအဝင် လူသုံးဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့မှုဖြစ်ပွားသည်။

အဆိုပါဖြစ်စဉ်အတွင်း ကျည်ထိသေဆုံးသူ၏ အလောင်းကို မီးရှို့ခံထားရသည့် နေအိမ်အပျက်အစီးများကြားတွင် တွေ့ရသည့် ဓာတ်ပုံမှတ်တမ်းလည်းရှိသည်။

ထိုသို့ဖြစ်ပွားပြီးနောက် သုံးရက်အကြာ မေ ၃၁ တွင် ကျောင်းဆရာမ၊ သူနာပြုနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စီးနင်းလာသည့် ကားတစ်စီး ရဲလှရွာအနီးတွင် မီးလောင်သွားပြီး ကားပေါ်ပါ လူငါးဦး သေဆုံးခဲ့ရသည်။

ယောပြည်သူ့ကာကွယ်ရေးတပ်က ၎င်းတို့လက်ချက်ဟု ထိုနေ့တွင်ပင် ကြေညာပြီး ဖောက်ခွဲရေးပစ္စည်းများသယ်ဆောင်လာသည်ဟု သတင်းရ၍ တားဆီးစစ်ဆေးရာမှ ပဋိပက္ခဖြစ်ပွားခဲ့ရသည်ဟု ဆိုသည်။ အသေးစိတ်သိရှိနိုင်ရန် ယောကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။

ဒေသခံများ၏ အဆိုအရ သေဆုံးသွားသူများသည် ဟံသာဝတီနှင့် မြောက်ခင်ရမ်းကျေးရွာတို့တွင် နေထိုင်သည့် စစ်တပ်လိုလားသူများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးနေသူများဖြစ်သည်ဟု သိရသည်။ ယင်းနေ့က သေဆုံးသွားသူတို့နှင့်အတူ အသင့်ပါလာသည့် ဖောက်ခွဲရေးပစ္စည်းများ ကားပေါ်၌ပင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီကမူ ဂန့်ဂေါမြို့ပေါ်တွင် လစာထုတ်ယူပြီး ပြန်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦး၊ စာရေးတစ်ဦး၊ ဆေးရုံသန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ဦး၊ သူနာပြုဆရာမတစ်ဦး၊ အလုပ်အကိုင်မပါဝင်သည့် အမျိုးသမီးတစ်ဦး၊ စုစုပေါင်းခြောက်ဦးကို သေနတ်ဖြင့်ပစ်၍ လူနှင့် ယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဇွန် ၂ရက်ထုတ် ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါဖြစ်စဉ်ကြောင့် တစ်ဦးသာ အသက်ရှင်ခဲ့ကာ သယ်ဆောင်လာသည့် လစာငွေများကို အကြမ်းဖက်သောင်းကျန်းသူများယူသွားသည်ဟု စစ်ကောင်စီက ဆိုထားသည်။ 

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

အထက်ပါဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများကို ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအပေါ် ပစ်ခတ်၊ ဖမ်းဆီးလေ့ရှိသည့် စစ်ကောင်စီတပ်ကို ယောနယ်တစ်ဝိုက်တွင် မတ်လကုန်မှစ၍ ဒေသခံများက ရိုးရာတူမီးသေနတ်များသုံး၍ ပြန်လည်ခုခံနေသည်။

တိုက်ပွဲများကြောင့် ဒေသခံများ မကြာခဏ တိမ်းရှောင်နေရသည်။

ယခုတစ်ကြိမ်ရှောင်တိမ်းရခြင်းမှာ ငါးကြိမ်မြောက်ဖြစ်သည်ဟု အသက် ၅၅ နှစ်အရွယ် နှမ်းခါးရွာခံတစ်ဦးက ပြောသည်။ ၎င်းတို့ရွာအပြင် ရွာနီးချုပ်စပ်ကျေးရွာအများအပြား တိမ်းရှောင်ကြရခြင်းဖြစ်၍ ရက်ကြာရှည် တိမ်းရှောင်ရမည်ဆိုပါက စားနပ်ရိက္ခာနှင့် ဆေးဝါးများ အခက်အခဲကြုံတွေ့ရမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

“ရွာပေါင်းစုံက ပြေးနေကြရတာဆိုတော့ အကူအညီတွေက မရှိနိုင်ဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် နှမ်းခါးနှင့် ရဲလှရွာသားများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်ကောင်စီတပ်က သတ်ဖြတ်၊ မီးရှို့သည့်ဖြစ်စဉ်တွင် အသက်အရွယ်ကြီးရင့်သူ၊ ကျန်းမာရေးမကောင်းသူများကိုပါမချန် ဒုက္ခပေးခဲ့၍ ယခုတစ်ကြိမ် ကျေးရွာအများအပြား နေအိမ်စွန့်ခွာထွက်ပြေးနေရချိန်တွင် အသက်အရွယ်ကြီးရင့်သူများ၊ မီးနေသည်နှင့် မွေးကင်းစကလေးပါမကျန် ရွာလုံးကျွတ်တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီး ပြန်လည်ထွက်ခွာသွားသည့် ရွာအချို့တွင်လည်း အချိန်မရွေး ပြန်လည်ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် ပြေးနိုင်လွှားနိုင်သည့် ငယ်ရွယ်သူများသာ ရွာအတွင်း ပြန်လည်နေထိုင်ပြီး သက်ကြီးရွယ်အိုများကို တိမ်းရှောင်ရာနေရာတွင်သာ ထားရစ်ခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

“သုံးရက်လောက်တုန်းဆိုရင် လမ်းဘေးအိမ်တွေကို အကုန်လုံး ပစ်ခတ်ထားခဲ့တာ အပေါက်တွေချည်းပဲ။ သက်ကြီးရွယ်အိုတွေကလည်း မနေရဲကြတော့ဘူးဗျ။ တစ်သက်တစ်ကိုယ်နဲ့ဆို လူစိတ်မရှိလို့ လုပ်ကြတယ်လို့ အောက်မေ့တာပေါ့။ ယုံကြည်လို့ကိုမရတော့ဘူး။ အဘိုးကြီးအိုတွေကအစ ဘာမှမလုပ်နိုင်တဲ့ သူကအစ ပစ်တာဆိုတော့ ယုံကြည်ပေးလို့မရတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ဇွန်လဆန်းအထိ စစ်ကောင်စီတပ်များ၏ လက်ချက်ကြောင့် ပြည်သူ ၈၀၀ ကျော်သေဆုံးပြီး လေးထောင်ကျော်ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ စာရင်းများက ဆိုသည်။

စစ်ကောင်စီကမူ ၎င်းတို့လက်ချက်ဖြင့် ထိခိုက်၊ သေဆုံး၊ ဖမ်းဆီးခံရသည့် အရေအတွက်ကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လေ့မရှိပေ။ သေဆုံးသူမှာ ၃၀၀ ခန့်သာ ရှိသည်ဟု စစ်ခေါင်းဆောင်တို့က ဆိုသည်။

Show More

Related Articles

Back to top button