သတင်း

လူထုကို ပစ်မှတ်ထားမည်မဟုတ်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များ ကြေညာ

အရပ်သားများကို ထိခိုက်စေသည့် ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်သွားမည်မဟုတ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်း ၉ ဖွဲ့က ယနေ့ (ဇွန် ၃) တွင် ကြေညာချက်ထုတ်ပြန်သည်။ 

ပြည်သူလူထုအပေါ် စစ်ရာဇဝတ်ကျူးလွန်ခြင်းများကို ကာကွယ်ရန် မြို့ပြပြောက်ကျားအဖွဲ့များ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ပြည်သူလူထု၊ ကျောင်းသား၊ ကလေးသူငယ်များအား ထိခိုက်စေသည့် ဖြစ်ရပ်များသည် ၎င်းတို့ ၉ ဖွဲ့၏ လှုပ်ရှားမှု မဟုတ်ကြောင်း ထိုကြေညာချက်တွင် ပါရှိသည်။

မြို့ပြပြောက်ကျားအဖွဲ့ဝင်များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ထုတ်ပြန်ထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာလျက်ရှိသည်ဟုလည်း ဆိုသည်။ 

အာဏာသိမ်းမှုဆန္ဒပြမှုများ ဆက်ရှိနေပြီး ကျောင်းဆရာ၊ ဆရာမများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ထိပ်တန်းမှ ပါဝင်နေကြသော်လည်း စစ်ကောင်စီက အခြေခံပညာကျောင်းများကို ဇွန် ၁ တွင် အတင်းအကျပ် ဖွင့်လှစ်ခဲ့သည်။ 

ကျောင်းများ ပြန်ဖွင့်တော့မည့်အချိန်တွင် နိုင်ငံအနှံ့ရှိ စာသင်ကျောင်းများနှင့် အရပ်ဘက်နေရာများတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လမ်းပေါ်ထွက်ဆန္ဒပြမှုများ လျော့နည်းလာပြီးနောက် အကြမ်းဖက်သမားများသည် လုထုနှင့် သက်ဆိုင်သည့် နေရာများ၊ အုပ်ချုပ်ရေးယန္တရားများကို မီးရှို့၊ ဖောက်ခွဲခြင်းများပြုလုပ်ပြီး ပြည်သူလူထုအတွင်း စိုးရိမ်စိတ်များပေါ်ပေါက်အောင် လုပ်ဆောင်နေသည်ဟု မေ ၁၅ က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောဆိုသည်။ 

ထိုသို့ ကျောင်းဖွင့်သည့် အချိန်ကာလကို အခွင့်ကောင်းယူပြီး ကလေးငယ်များရှိရာ စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားသည်မှာ ကောက်ကျစ်သည့်လုပ်ရပ်ဖြစ်ကြောင်း၊ စာသင်ကျောင်းများနှင့်အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ဖောက်ခွဲမှုများပြုလုပ်ပါက စစ်တပ်လက်ပါးစေများ၏ လက်ချက်သာဖြစ်ကြောင်း ရန်ကုန်မြို့ပေါ် ပြောက်ကျားအဖွဲ့ဝင်လူငယ်တစ်ဦးက ပြောသည်။

“အင်မတန်ကို ကောက်ကျစ်ယုတ်မာတဲ့ အကြံအစည်တွေနဲ့ လူသားတွေရဲ့ ဖြစ်တည်မှု၊ ကလေးငယ်တွေရဲ့ ပယောကကင်းစင်မှုတွေကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ ကြောက်စိတ်တွေကို ကာဗာလုပ် (ဖုံးကွယ်) တာပဲ” ဟု ၎င်းက ပြောသည်။

ယနေ့ ရန်ကုန်နှင့် မြို့ကြီးများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ကောင်စီ၏ ပြည်သူလူထုကို လူသားတံတိုင်းသဖွယ် အသုံးပြုနေမှုမျိုးကို တိုင်းရင်းသားဒေသများအတွက် အသစ်အဆန်းမဟုတ်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ချေမှုန်းနိုင်မှသာ ထိုအဖြစ်အပျက်များ အပြီးတိုင် ပပျောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တောင်ပေါ်ဒေသတွေက ညီအစ်ကိုမောင်နှမတွေ ခံစားလာခဲ့ရတာ။ အခုဆို အဲဒီလိုအခင်းအကျင်းမျိုး မြို့ပေါ်ထိ ရောက်လာတာပေါ့။ အဲ့လိုမျိုးအခြေအနေတွေ ထပ်ပြီးဖြစ်မလာဖို့ တော်လှန်ကြပါ။ စစ်အကြမ်းဖက်ကောင်တွေကို အလိုမရှိဘူးဆိုတာကို ပြသကြပါ” ဟု ၎င်းက ပြောသည်။

အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက ဖိအားပေးခဲ့သော်လည်း ကျောင်းသားမိဘအများစုက “ကျောင်းမအပ်နဲ့ ကျောင်းပျက်” ဟူသည့် အနုနည်းဖြင့် အာဏာဖီဆန်သည့်လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြပြီး ကျောင်းအပ်နှံသည့်အရေအတွက်မှာ သိသိသာသာလျော့နည်းခဲ့သည်။ 

ကျောင်းပြန်ဖွင့်ရန် စစ်ကောင်စီက ဖိအားပေးခဲ့သော်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် သိန်းနှင့်ချီသည့် ပညာရေးဝန်ထမ်းများထုတ်ပယ်ခံခဲ့ရသည်ဟု ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မေ ၂၃တွင် Reuters သတင်းဌာနကို ပြောသည်။

ပညာရေးအဆောက်အအုံများပေါ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များတပ်စွဲခြင်းအပေါ်တွင် စိုးရိမ်ကြောင်း ကုလအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ကုလသမဂ္ဂရုံးချုပ်၌ ယမန်နေ့ (ဇွန် ၂) က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပညာရေးအဆောက်အအုံများကို သိမ်းပိုက်တပ်စွဲထားခြင်း၊ စာသင်ကျောင်းများအနီးတွင် အကြမ်းဖက်ပစ်ခတ်ခြင်းများ မပြုလုပ်ကြရန်လည်း ယင်းရှင်းလင်းပွဲတွင် အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ Stephane Dujarric က ပြောသည်။

မြို့ပြပြောက်ကျားလှုပ်ရှားမှုတွင် ပါဝင်သူများကလည်း စစ်ကောင်စီက လူထူထပ်သည့်နေရာများတွင် တန်ပြန်ဖောက်ခွဲလာမည်ကို စိုးရိမ်နေသည်။

ပြောက်ကျားအဖွဲ့များမှာ ပြည်သူကို ကာကွယ်နိုင်ရန် ပေါ်ပေါက်လာခြင်းဖြစ်၍ ပြည်သူထိခိုက်စေမည့် နေရာများကို ပစ်မှတ်အဖြစ် ရွေးချယ်မည်မဟုတ်ကြောင်း မန္တလေးအခြေစိုက် PDF ပြောက်ကျားအဖွဲ့ခေါင်းဆောင် ဗိုလ်နက္ခတ်ကလည်း ပြီးခဲ့သည့် အင်္ဂါနေ့က Myanmar Now ကို ဖြေကြားထားသည်။

“အဲ့ဒီလိုမျိုးလုပ်လာပြီဆိုရင်လည်း ဒါဟာ ကျွန်တော်တို့လက်ချက်မဟုတ်ဘူးပေါ့။ စစ်ကောင်စီက တန်ပြန်ပြီးတော့ ပြည်သူလူထုကို ထင်ယောင်၊ ထင်မှားဖြစ်အောင်လုပ်တဲ့ ကိစ္စတွေလို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဧပြီ နှင့် မေလများတွင် မြို့နယ်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းများ လက်လုပ်မိုင်း၊ မီးပုလင်းများနှင့် တိုက်ခိုက်ခံရမှုပေါင်း ၅၇ ကြိမ်ရှိသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

ယမန်နေ့ (ဇွန် ၂) နံနက် ၁၀ နာရီဝန်းကျင်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ရှိ ကျောင်းတက်သူ လုံးဝမရှိသည့် အခြေခံပညာအထက်တန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ 

မေ ၃၁ ည ၁၁ နာရီခန့်၌ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာ ၉ ရွာရှိ စာသင်ကျောင်းများတွင် တစ်ပြိုင်နက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် မေ ၂၈ နံနက်၌ ပလက်ဝမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်တပ်က မြို့ကို ပိတ်ဆို့ကာ ရှာဖွေနေသည်ဟု ဆိုသော်လည်း ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF (ပလက်ဝ) အဖွဲ့ကမူ ၎င်းတို့လက်ချက်မဟုတ်ဟု ဆိုသည်။  

ပြည်သူလူထုထိတ်လန့်စေသည့် အပြုအမူမျိုးမလုပ်ဘဲ ပြည်သူကို အကာအကွယ်ပေးမည့် တပ်ဖွဲ့သာဖြစ်ကြောင်း Myanmar Now ကို ပြောထားသည်။

ပေါက်ကွဲမှုဖြစ်ပွားသော စာသင်ကျောင်းအများစုသည် ကျောင်းတက်ရောက်သူ မရှိဘဲ ပိတ်ထားသောကျောင်းများဖြစ်ကြသည်။ 

Show More

Related Articles

Back to top button