ပဲခူးရိုးမ ကာကွယ်ရေးအတွက် သစ်တောဌာနကို အားဖြည့်ပေးရမယ်

ဇူလိုင် ၂၅ ရက်နေ့က ကျောက်တံခါးမြို့နယ်တွင် တွေ့ရသော သစ်တောအရာရှိတစ်ဦးနှင့် သစ်တောရဲတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
ဇူလိုင် ၂၅ ရက်နေ့က ကျောက်တံခါးမြို့နယ်တွင် တွေ့ရသော သစ်တောအရာရှိတစ်ဦးနှင့် သစ်တောရဲတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

ပဲခူး - ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောဝန်ထမ်းတွေဟာ သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းတဲ့အခါ ရန်မူ၊ တိုက်ခိုက်တာမျိုးနဲ့ ကြုံနေရတဲ့အတွက် သတိထားပြီး ဆောင်ရွက်နေရတယ်လို့ ညောင်လေးပင်မြို့နယ်၊ သစ်တောဦးစီးမှူး ဦးတင်စိုးက ပြောပါတယ်။

မှောင်ခိုသမားတွေက သစ်လုံးတွေကို တောထဲမှာတင် ခွဲစိတ်ပြီး မော်တော်ယာဉ်အငယ်စားတွေနဲ့ သယ်ယူပို့ဆောင်နေတာကို သွားရောက် ဟန့်တားရာမှာလည်း သစ်တောအရာရှိတွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ သစ်တောဦးစီးမှူးက ရှင်းပြပါတယ်။

“ခိုးထုတ်တဲ့သူတွေက ကားကောင်းတွေနဲ့။ ကျွန်တော်တို့က တောထဲတောင်ထဲမှာ သူတို့ကိုလိုက်ဖမ်းဖို့ ဆိုရင် ဆိုင်ကယ်လေးနဲ့ဆိုတော့ ဘယ်လိုလုပ်လိုက်နိုင်မှာလဲ။ သူတို့သွားလာတတ်တဲ့ လမ်းတွေကိုပဲ ပိတ်ဆို့ဖမ်းတာမျိုး လုပ်နေနိုင်တာ”လို့ ဦးတင်စိုးက ဆိုပါတယ်။

ပဲခူးရိုးမအတွင်းက သစ်ခိုးထုတ်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် သစ်တောဝန်ထမ်း အင်အား မလုံလောက်၊ အထောက်အပံ့ မပြည့်စုံဘူးလို့ ပဲခူးတိုင်းဒေသကြီး သစ်တောအရာရှိတွေက Myanmar Now ကို ပြောကြပါတယ်။

အစိုးရသစ်လက်ထက်မှာလည်း သစ်မှောင်ခိုလုပ်ငန်းကတော့ ပဲခူးတိုင်းဒေသကြီးမှာ လျော့ကျမသွားပါဘူး။

ယခုနှစ် ပထမ ခြောက်လအတွင်း ပဲခူးတိုင်းဒေသကြီးမှာ သစ်မျိုးစုံ ၁,၂၇၄ တန် ဖမ်းဆီးရမိတယ်၊ ဒါဟာ ပြီးခဲ့တဲ့နှစ် ပထမ ခြောက်လအတွင်း ဖမ်းမိတဲ့ ပမာဏထက် တန်တစ်ရာကျော် ပိုများနေတယ်လို့ ပဲခူးတိုင်းဒေသကြီး၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းစံက ပြောပါတယ်။

သစ်တောရဲ

ပဲခူးတိုင်းမှာ သစ်တောဝန်ထမ်း ၆၁၄ ဦး ခန့်ထားကြောင်း သိရပါတယ်။ အဲဒီထဲမှာ လက်နက်တပ်ဆင်ထားတဲ့ သစ်တောရဲဝန်ထမ်း ၂ဝ ဟာ ပဲခူးမြို့နဲ့ဝန်းကျင်မှာ တာဝန်ကျသူတွေပါ။
ကျန်တဲ့နေရာတွေမှာ သစ်ခိုးထုတ်သူတွေကို ဖမ်းဆီး အရေးယူဖို့အတွက် လက်နက်တပ်ဆင်မထားတဲ့ တခြား သစ်တောဝန်ထမ်းတွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်မင်းစံက မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံစဉ်မှာ ရှင်းပြပါတယ်။

“သစ်မှောင်ခိုတွေကို ဖမ်းဆီးရေးအရှိန် တိုးမြှင့်လုပ်ဆောင်နေသလို အရေအတွက် အလွန်နည်းနေတဲ့ သစ်တောရဲတွေကို တိုးမြှင့်ခန့်ထားဖို့၊ အထောက်အပံ့တွေ လုံလောက်တဲ့အထိ တိုးမြှင့်ပေးဖို့ စီစဉ်နေတယ်” လို့ ဝန်ကြီးက ဆိုပါတယ်။

ပဲခူးတိုင်းအတွင်း ခရိုင် ၄ ခရိုင်လုံးမှာ သစ်တောရဲဝန်ထမ်း ၁ဝ ဦးစီ ခန့်ထားမယ်၊ ဖမ်းဆီးရေးမှာ သူတို့အသုံးပြုလို့ရအောင် ခရိုင်တိုင်းမှာ တောလမ်းသွား ဟိုင်းလတ်ကား ၄ စီး ပေးထားဖို့လည်း စီစဉ်နေတယ်လို့ ဝန်ကြီးဦးကျော်မင်းစံက သူ့မှတ်စုစာအုပ်လေးကို ဖွင့်ပြီး ရှေ့ဆက် လုပ်မယ့် အစီအစဉ်တွေကို ရှင်းပြပါတယ်။

ရှိပြီးသား သစ်တောရဲတွေမှာ လက်နက်ပြည့်စုံမှုမရှိတာကိုလည်း အစိုးရအဖွဲ့ကို တင်ပြမယ်၊ ရဲတပ်ဖွဲ့ရဲ့ အကူအညီတွေ ပိုမိုရရှိလာအောင် လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ နိုဝင်ဘာလ အစီရင်ခံစာမှာတော့ မြန်မာပြည်မှာ သစ်တောရဲ ဆိုတဲ့ ရာထူးကို အခုမှ ခန့်ထားခြင်း ဖြစ်တယ်၊ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို စုံစမ်းထောက်လှမ်း အရေးယူဖို့အတွက် သူတို့ ဘယ်လောက်အထိ ဆောင်ရွက်နိုင်တယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သုံးသပ်ထားပါတယ်။

ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် သစ်တောရဲနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း စုံစမ်း ထောက်လှမ်းတဲ့အဖွဲ့တွေ ဖွဲ့သင့်ပြီလို့ UNODC က အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ပဲခူးတိုင်းဒေသကြီးထဲက သစ်စက်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးအောင်အောင်က သစ်တောအရာရှိတွေဟာ တောထဲမှာ စစ်ဆေး၊ ဖမ်းဆီးရေး အရေးပေါ် လုပ်ငန်းတွေအတွက် ရဲတပ်ဖွဲ့ကို အကူအညီတောင်းရာမှာ အခက်အခဲတွေ များပြားပုံရတယ်၊ ပူးပေါင်းဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့မှာလည်း အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို သတင်းပို့ အစီရင်ခံ၊ ခွင့်ပြုချက်တောင်းရတယ် ဆိုတဲ့ အနေအထားတွေကြောင့် သစ်မှောင်ခို နှိမ်နင်းရေးကို ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် မဆောင်ရွက်နိုင်တာ ဖြစ်မယ်လို့ သုံးသပ်ပါတယ်။

တောပြုန်းခြင်း

၂ဝ၁ဝ ကနေ ၂ဝ၁၅ အတွင်း သစ်တော ဟတ်တာ ၃ သန်း (ဧက ၇ ဒသမ ၄ သန်း)ခန့် ပြုန်းတီးကာ ကမ္ဘာ့သစ်တောပြုန်းတီးမှုစာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၃ ကို ရောက်ရှိခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ FAO က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံထဲကနေ သစ်ခိုးထုတ်တာတွေ ဟန့်တားတဲ့အနေနဲ့ သစ်အလုံးလိုက် ပြည်ပတင်ပို့မှုကို ၂ဝ၁၄ က စပြီးတော့ ရပ်ဆိုင်းခဲ့ပြီးပါပြီ။ ဒီလို ဟန့်တားထားပေမယ့် သစ်ခိုးထုတ်မှုတွေကတော့ ရှိနေသေးတယ်၊ ၂ဝ၁၅ ဇန်နဝါရီတုန်းက တရုတ်နိုင်ငံသား ၁၅၅ ဦး ကချင်ပြည်နယ်မှာ သစ် တရားမဝင် ရောင်းဝယ်မှုနဲ့ အရေးယူခံခဲ့ရတယ် လို့ UNODC က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ထောက်ပြထားပါတယ်။

မကြာသေးမီ နှစ်များအတွင်း ပေါ်ပေါက်လာတဲ့ စီမံကိန်းစိုက်ခင်း ဆိုတာတွေကလည်း သစ်တောတွေ ပြောင်တလင်းခါသွားရခြင်းရဲ့ အဓိက တရားခံစာရင်းထဲ ပါဝင်နေပါတယ်။
သစ်တောမြေမှာ စီမံကိန်းစိုက်ခင်း လုပ်ကိုင်ခွင့်ရသူ အများအပြားဟာ "သစ်ပင်တွေကို အောက်ခြေကနေ အပြောင်ရှင်းပြီး ရသမျှသစ်တွေကို ထုတ်ယူသွားတယ်၊" ပြီးမှ စီမံကိန်းအပင်၊ စက်မှုကုန်ကြမ်းစိုက်ခင်း ဆိုတာတွေကို စိုက်ပျိုးကြတယ်လို့ နေခြည်သစ်စက်ပိုင်ရှင် ဦးအောင်အောင်က ရှင်းပြပါတယ်။

သစ်ခိုးထုတ်သူတွေ အသုံးပြုတတ်တဲ့ လက်ကိုင်လွှစက်ဟာ သစ်ပင်ကြီး အများအပြားကို အချိန်တိုအတွင်း မြေပြင်ပေါ် လှဲချနိုင်ပါတယ်။ ဒါကြောင့် ချိန်းဆော လို့ ခေါ်ကြတဲ့ လက်ကိုင်လွှစက်တွေကို ဒေသတွင်း အရောင်းဆိုင်တွေမှာ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီလို့ ဝန်ကြီး ဦးကျော်မင်းစံက ပြောပြတယ်။

အပေါ့စားဖြစ်ပေမယ့် တောမြန်မြန်ပြုန်းအောင် အထောက်အကူဖြစ်စေတဲ့ လက်ကိုင်လွှစက်တွေကို လိုင်စင်မရှိဘဲ ကိုင်ဆောင်ရင် ဥပဒေအရ အရေးယူသွားမယ်လို့ သူက ဆက်ပြောတယ်။
၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံလုံးမှာ သစ်ထုတ်ယူခွင့် တစ်နှစ် ရပ်ဆိုင်းထားမယ်၊ သစ်ထုတ်ယူနိုင်စွမ်း အကြီးအကျယ် ကျဆင်းနေတဲ့၊ မြန်မာ့ ကျွန်းသစ်မူရင်းဒေသဖြစ်တဲ့ ပဲခူးရိုးမမှာတော့ ၁ဝ နှစ် အထိ ကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်းမပြုဘဲ အနားပေးဆောင်ရွက်သွားဖို့ ဆွေးနွေး သုံးသပ်ထားတယ်လို့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဇွန်လလယ် ဆွေးနွေးပွဲတစ်ခုမှာ ပြောပါတယ်။

ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေး

သစ်ခိုးထုတ်သူတွေဟာ ရန်ကုန်-မန္တလေး အမြန်လမ်းကို အဓိကအသုံးပြုပြီး ရန်ကုန်စျေးကွက်နဲ့ မန္တလေးစျေးကွက်တို့ကို တင်ပို့ကြပြီးတော့ ယခင်ကလို သစ်တင်ကား၊ လုပ်ငန်းသုံးကား ကြီးတွေကို အသုံးပြုတာထက် အိမ်သုံးကားတွေနဲ့ ခိုးထုတ်ကြတာကို ပိုမို ပြုလုပ်လာကြတယ်လို့ ဦးတင်စိုးက ပြောပြ တယ်။

“ကျွန်တော်တို့လည်း ဖိဖိစီးစီးနဲ့ ဖမ်းဆီးရေးတွေ လုပ်လာပါတယ်။ ဒါပေမယ့် နေရာတိုင်းကိုတော့ လက်လှမ်းမမီနိုင်သေးဘူး” လို့ သူက ဆိုပါတယ်။

သစ်တော ဧရိယာ အများအပြားကို ရှင်းလင်းပြီး အမြန်လမ်းမကြီး တည်ဆောက်တာမျိုးလို ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့် တောပြုန်းတာ၊ တောပြုန်းအောင် အထောက်အကူ ဖြစ်စေတာမျိုးလို ဘေးထွက် ဆိုးကျိုးတွေ ပေါ်ပေါက်လာပါတယ်။

“အရင်အစိုးရတွေက ပဲခူးရိုးမပေါ်မှာ လမ်းတွေဖောက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းကိုလည်း ဖောက်ခဲ့တော့ ခိုးထုတ်ရတာ ပိုတောင်လွယ်သွားသေးတယ်” လို့ ဝန်ကြီး ဦးကျော်မင်းစံက ဆိုပါတယ်။

ပဲခူးဒေသဟာ တခြား တိုင်း၊ ပြည်နယ်တွေနဲ့ ယှဉ်လိုက်ရင် သစ်တောဧရိယာ တော်တော်လေး ကျန်နေသေးတယ်၊ စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့ဘူး ဆိုရင်တော့ သစ်တောပြုန်းတီးမှု ပိုအားကောင်းလာမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

“ရှိနေတဲ့တောတွေကို ကျွန်တော့်လက်ထက်မှာ ထပ်မပြုန်းတီးအောင် ကာကွယ်သွားဖို့၊ သစ်တောတွေ ပြန်လည်ဖြစ်ထွန်းလာဖို့ ရနိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ကျန်နေသေးတဲ့ ကြိုးဝိုင်းတွေထဲက သစ်ပင်တွေကို အင်္ဂလိပ်လက်ထက်က အကွက်အလိုက် သစ်စာရင်းတွေ ပြုစုခဲ့သလို ပြန်ပြုစုနိုင်အောင် လုပ်ဖို့စဉ်းစားထားတယ်” လို့ ဝန်ကြီးဦးကျော်မင်းစံက ပြောပါတယ်။

သစ်တောထိန်းသိမ်းရေး လုပ်ဆောင်ဖို့ အရေးကြီးသလို သစ်မှောင်ခိုသမားတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့လည်း မဖြစ်မနေ ဆောင်ရွက်ရမယ်လို့ ရေတာရှည်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က သုံးသပ်ပါတယ်။

ရေတာရှည်မြို့နယ်တခွင်မှာ သစ်မှောင်ခိုထုတ်နေသူ ၁ဝ ဦးလောက်ရှိနေကြောင်း သူက ဆက်ပြောပါတယ်။

“အခု မိတဲ့ဟာတွေက တစ်ခေါက်ဆိုရင် ဆယ်ခေါက်လောက်က လွတ်နေတာပဲ။ ဖမ်းဆီးရေးတစ်ခါ ဝင်ပြီးသွားပြီဆို နောက်ထပ် ဆယ်ရက်လောက်ကို သစ်ခိုးထုတ်သူတွေက အင်တိုက်အားတိုက်လုပ်တာ။ အမြဲတမ်း ဖမ်းဆီးရေးမှ မလုပ်နိုင်တာ” လို့ ဒေါက်တာကျော်ကျော်က ပြောလိုက်ပါတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading