သတင်း

ဒီးမော့ဆိုတိုက်ပွဲတွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ၊ အမြောက်ဖြင့်ထု

ယနေ့ (မေ ၃၁) ညနေပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် စစ်ရဟတ်ယာဉ်ပေါ်မှ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တပ်ဖွဲ့ဝင်များက ပြောသည်။

Myanmar Now က ဆက်သွယ်မေးမြန်းနေစဉ် KPDF အဖွဲ့ဝင်တစ်ဦးက ၎င်းရှိနေသည့် ရပ်ကွက်အနီး ကျည်ဆန်နှင့် ဗုံးများ ကျလာကြောင်း ပြောသည်။

“ကြားလား လေယာဉ်သံတွေ။ ကျွန်တော်တို့ကို ဟက်စကီးနဲ့ လာပစ်နေပြီ။ ဗုံးလည်း ကြဲတယ်။ သေနတ်နဲ့လည်း ပစ်တယ်။ နေရာအတိအကျတော့ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ ဝပ်နေတယ်” ဟု သူက ပြောသည်။

ရဟတ်ယာဉ်နှစ်စီးဖြင့် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ၁၀ မိနစ်အတွင်း ဗုံးငါးလုံးပစ်ခတ်ခဲ့ပြီး သေနတ်ဖြင့်လည်း အဆက်မပြတ်ပစ်ခတ်နေကြောင်း ၎င်းက ပြောသည်။

နေ့လယ် ၁၂ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KPDF က သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု အဆိုပါ KPDF အဖွဲ့ဝင်က ဆိုသည်။ 

ထို့နောက် တိုက်ပွဲဖြစ်ပွားရာနေရာသို့ လွိုင်ကော်ရှိ အမှတ် ၃၅၆ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးကျည်များဖြင့်ပါ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“စစချင်း ကျွန်တော်တို့က လက်နက်ငယ်နဲ့ပစ်လို့ သူတို့က အမြောက်နဲ့ ပြန်ပစ်လာတယ်။ လက်နက်ကြီး နေရာတကာကျနေတယ်။ အပြင်ထွက်လို့မရသေးဘူး” ဟု ဒီးမော့ဆိုရှိ အဆိုပါ KPDF တပ်ဖွဲ့ဝင်က ပြောသည်။

ဒီးမော့ဆိုနှင့် ကပ်လျက်တည်ရှိသည့် လွိုင်ကော်မြို့တွင် နေထိုင်သူ ဒေသခံတစ်ဦးကလည်း လေကြောင်းဖြင့် မတိုက်ခိုက်မီ မွန်းလွဲတစ်နာရီခန့်ကတည်းက လွိုင်ကော်ရှိ အမှတ် ၃၅၆ အမြောက်တပ်က အကြိမ် ၃၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း၊  ဒီးမော့ဆိုမြို့ဘက်သို့ ပစ်ခတ်သည်ဟု ယူဆကြောင်း ညနေ ၆း၃၀ တွင် ပြောသည်။

ညနေ ငါးနာရီခွဲအထိ လေကြောင်းဖြင့် တိုက်ခိုက်နေဆဲဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပေ။ ထိုဒေသတိုက်ပွဲများ၏ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားဆဲဖြစ်သည်။

ဒေသတွင်း ပစ်ခတ်၊ ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီတာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

စစ်ကောင်စီ၏ မေ ၂၇ သတင်းထုတ်ပြန်ချက်တစ်ခုတွင်မူ လက်နက်ကိုင်သောင်းကျန်းသူများသည် လူနေအိမ်များ၊ အုပ်ချုပ်မှုအဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများကို အကာအကွယ်ပြုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး မြို့တွင်းတိုက်ပွဲအသွင်ဆောင်လာရန် လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။

မေလ ၂၁ ရက်နေ့မှစ၍ ယနေ့အထိ ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင် ၁၀၆ ဦး ကျဆုံးခဲ့သည်ဟု KPDF က ဆိုပြီး ပြည်သူနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်၂၆ ဦး ကျဆုံးသည်ဟု သိရသည်။

လက်ရှိတွင် စစ်တပ်က ကယားပြည်နယ်အဝင်လမ်းများကို ပိတ်ဆို့ထားပြီး မြို့တော်လွိုင်ကော်နှင့် အခြားမြို့များကြား သွားလာခွင့်ကိုလည်း ပိတ်ထားသဖြင့် ကုန်စည်ပြတ်တောက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်နှင့် မိုးဗြဲတို့တွင် ဒေသခံ သောင်းနှင့်ချီ စစ်ဘေးရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button