အလောင်းရှာမတွေ့သော အမှုတစ်ခုအတွက် ရဲတပ်ဖွဲ့ ဖိအားပေးခံနေရ

သန်လျင်ဒေသခံတစ်ဦးကိုသတ်ဖြတ်သည်ဟု စွပ်စွဲခံရသူသားအဖသုံးဦး အာမခံဖြင့် ပြန်လွတ်လာခြင်းကြောင့် ရဲတပ်ဖွဲ့ကို မေးခွန်းထုတ်နေကြသည်

Published on Jan 25, 2019

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာမှ တံငါသည်တစ်ဦးကို လှံနှင့်ထိုးသတ်ကာ ပဲခူးမြစ်အတွင်း ဖျောက်ဖျက်ပစ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ သားအဖ သုံးဦး မကြာသေးမီ ရက်ပိုင်းအတွင်းက အာမခံဖြင့် ပြန်လွတ်လာခြင်းမှာ ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံအများအပြားနှင့် ရှေ့နေတချို့က ပြောသည်။

ရဲတပ်ဖွဲ့ကမူ ရုပ်အလောင်း ရှာမတွေ့သေးသော ဤအမှုနှင့် ပတ်သက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြန်လည် တုန့်ပြန်ထားသည်။

သန်လျင်တံတား အမှတ် ၂ ဘေးရှိ ကုလားဝဲ တံငါရွာလေးရှိ ဤအမှုသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ သန်းခေါင်ယံတွင် စတင်ပေါ်ပေါက်လာသည်။ မြစ်ကမ်းနံဘေးတွင် တာလပတ်မိုး၊ ခြင်ထောင်ထောင်ပြီး အိပ်နေသည့်   ၃၆ နှစ်အရွယ်  ကိုကျော်လတ် ဆိုသူကို   အသက် ၅ဝ ကျော်အရွယ်  မောင်ဝင်း (ခေါ်) ခင်မောင်ဝင်းက လှံဖြင့် ထိုးသတ်ခဲ့သည်ကို တွေ့ရကြောင်း ရွာသားတချို့က ပြောသည်။ သားဖြစ်သူ ၃၂ နှစ်အရွယ် ကျော်သူ၊ သားမက်ဖြစ်သူ ၃၃ နှစ်အရွယ် ငမျိုး (ခေါ်) မျိုးသန့်တို့နှင့်အတူ ထိုအမှု ကျူးလွန်ကြသည်ဟု ဆိုသည်။

ထို ၃ ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၈ နှင့် သန်လျင်မြို့နယ်၊ ရုံးသပြေကန်စခန်းမှ စခန်းမှူး ရဲအုပ် ဇော်မင်းနိုင်က အမှုဖွင့် တရားစွဲဆိုခဲ့သည်။ ထိုပုဒ်မကို "ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်ရန် အားထုတ်ခြင်း" ဟု ဥပဒေတွင် ဖော်ပြထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ၇ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဇန်နဝါရီ ၁ဝ ရက်နေ့တွင်မူ  စွပ်စွဲခံရသူ ၃ ဦး  အာမခံဖြင့် ပြန်လွတ်လာသည်။

အလောင်း ပြန်မတွေ့သေးသည့်အချိန်ဖြစ်သောကြောင့် ပုဒ်မ ၃၀၈ ဖြင့် အမှုဖွင့် ဆောင်ရွက်သည်က မှန်ကန်သည်ဟု ဥပဒေပညာရှင်တချို့က ယူဆကြသည်။ သို့သော်လည်း မျက်မြင်သက်သေများ ရှိနေပြီဖြစ်သည့်အတွက် ဥပဒေသဘောအရ သံသယရှိသူကို အမြင့်ဆုံးပုဒ်မဖြင့်သာ အမှုဖွင့်သင့်ကြောင်း၊ ရဲလုပ်ငန်းဆောင်တာများ အပြည့်အ၀ ဆောင်ရွက်ခဲ့ဟန် မရှိကြောင်း ဝေဖန်ကြသည်။

အမှုဖြစ်စဉ်

အခင်းဖြစ်ည အစောပိုင်းက သေဆုံးသူနှင့်အတူ အဖော်အဖြစ် ရှိခဲ့သူမှာ ၂၃ နှစ်အရွယ် ကိုခင်မောင်သန်း (ခေါ်) ငဒူ ဖြစ်သည်။ အိမ်သို့ ခေတ္တပြန်ပြီး ကမ်းပါးသို့ ပြန်လာစဉ် တုတ်၊ လှံများ ကိုင်ဆောင်သွားနေသည့် မောင်ဝင်းတို့ ၃ ဦးကို တွေ့ကြောင်း၊ ကိုကျော်လတ်၏ အိပ်ယာထဲသို့ မောင်ဝင်းက လှံဖြင့်ထိုးသည်ကို ၁၅ ပေခန့် အကွာအဝေးမှ တွေ့ရကြောင်း ၎င်းက ပြောသည်။  ထို ၃ ဦးက ကိုကျော်လတ်ကို ခြင်ထောင်၊ စောင်တို့နှင့် လုံးထွေးကာ ကမ်းစပ်သို့ သယ်သွားသည်ဟု ဆိုသည်။ သူမြင်တွေ့ခဲ့ရသည်များကို  ရဲထံ အစစ်ခံပြီးဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

၅၆ နှစ်အရွယ် ဦးဌေးဝင်းက ထိုညဦးပိုင်းတွင် မောင်ဝင်းတို့သည် ကိုကျော်လတ် အိပ်သည့်နေရာသို့ သွားရောက် ချောင်းမြောင်းခဲ့ကြောင်း ပြောသည်။

ရွာသားတစ်ဦးဖြစ်သည့် ကိုတင်လင်းဇော်က နံနက် ၅ နာရီဝန်းကျင်တွင် လှေကမ်းကပ်နေသည့် မောင်ဝင်းတို့ ၃ ဦးကို တွေ့ရကြောင်း၊ မောင်ဝင်းနှင့် သားဖြစ်သူက ကမ်းပေါ်သို့ တက်လာစဉ် သားမက်ဖြစ်သူက လှေကို ဆေးကြောနေကြောင်း ပြောသည်။

“ကျွန်တော့်ရဲ့ မြင်ကွင်းအရတော့ ည ၁ နာရီလောက်မှာ သူတို့ လှေဆိပ်မှာ တစ်ခုခု လုပ်နေတာတွေ့တယ်။ မနက် လင်းရောင်သမ်းတော့မှ သူတို့ ကမ်းပြန်လာတယ်။ အဲ့ဒီတော့ တစ်ညလုံး သူတို့ ရေထဲမှာရှိနေတယ်”  ဟု ၃၈ နှစ်အရွယ် ကိုတင်လင်းဇော်က ဆိုသည်။ 

 “သူတို့မိသားစုက ကျွန်တော်တို့ရွာမှာ နာမည်ကြီးသူတွေဖြစ်တော့ ချက်ချင်း ကျွန်တော်တို့တွေ ကိုယ်ဘာတွေ့တယ် ဆိုတာ မပြောရဲခဲ့ဘူး။   ကျွန်တော်တို့မပြောရင် ဒီအမှန်တရားက ဘယ်လိုမှ ပေါ်လာမှာမဟုတ်ဘူး ဆိုပြီး သက်ဆိုင်ရာကို ပြောပြတာ။ အခုတော့ ကျွန်တော်တို့တွေပါ ကိုယ်မဆိုင်တာ ဝင်ပါရင် တွေ့မယ်ဆိုပြီး သူတို့က  ကြိမ်းမောင်းတာကို ကြုံလာရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကိုကျော်လတ် နောက်ဆုံးအိပ်ခဲ့သည့်နေရာနှင့် မြစ်ကမ်းနဘေး သွေးကွက်များကို ရိုက်ကူးထားသည်ဆိုသော မှတ်တမ်းဓာတ်ပုံ၊ ရုပ်သံများကိုလည်း မိသားစုဝင်တို့ထံတွင် ရှိနေသည်။

ကိုကျော်လတ်၏ ဇနီး မနေခြည်ငုဝါက  ခင်ပွန်းသည်  အသုံးပြုခဲ့သော MP 3 ဆောင်းဘောက်လေး၏ အပိုင်းအစများကို မောင်ဝင်း၏ သားမက်ဖြစ်သူ နေထိုင်သည့် အိမ်အနီး တွေ့ရှိခဲ့ရသည်ဟု ပြောသည်။ စောင်ကိုလည်း မောင်ဝင်းတို့၏ ခြံနောက်ဘက်တွင်  တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများသည် အားရဖွယ် မရှိသည့်အတွက် နိုင်ငံတော်သမ္မတ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ထံ တိုင်ကြားမည်ဟု ပြောသည်။

“မျက်မြင်သက်သေတွေ ရှိနေပါလျက်နဲ့တောင် သူတို့က အာမခံပေးပြီး ပြန်လွှတ်ပေးလိုက်တယ် ဆိုတော့ အခုဆို တရားရုံးမှာ သက်သေ ထွက်ဆိုမယ့် မျက်မြင်သက်သေတွေက ကြောက်နေကြပြီ” ဟု ၎င်းက ဆိုသည်။

ရွာသားတချို့က သေဆုံးသူ၏ ဖခင်သည်လည်း အလားတူ အဖြစ်မျိုး ကြုံခဲ့ရကြောင်း၊ အမှုနှစ်ခုလုံးတွင် ကျူးလွန်သူမှာ တစ်ဦးတည်းသာ ဖြစ်ကြောင်း စွပ်စွဲသည်။  လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က ပဲခူးမြစ်ထဲတွင်  ငါးဖမ်းကြစဉ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊     တစ်ဦးတည်းသော မျက်မြင် သက်သေမှာလည်း ကွယ်လွန်သွားပြီးဖြစ်သောကြောင့် ထိုအမှုအတွက် အမှန်တရား ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း Myanmar Now ကို  ပြောကြသည်။ 

“ကျော်လတ် အဖေကို ငါသတ်တာကွ” ဟု မောင်ဝင်းက  ရွာထဲတွင် မကြာခဏ ပြောဆိုလေ့ရှိကြောင်း ၎င်းတို့က ဆိုကြသည်။

ထိုစကားက ကိုကျော်လတ်အတွက် နားကျည်းစရာဖြစ်ပြီး သူ့ဖခင် သတ်ဖြတ်ခံရမှုကို ပြန်ဖော်မည်ဟု ပြောတတ်ကြောင်း မနေခြည်ငုဝါက ဆိုသည်။

“သူနဲ့ မောင်ဝင်းတို့ မိသားစုတွေနဲ့က အရင်ကတည်းက မတည့်ကြဘူး။  မသေခင် တစ်ပတ်လောက် အလိုတုန်းကလည်း ထိုးမယ်၊ ကြိတ်မယ်အထိ ဖြစ်ခဲ့ကြသေးတာ။ အဲ့ဒီအချိန်က ကျွန်မဟာ သားလေး မွေးပြီးစ ၂ လ ဝန်းကျင်လေးပဲ ရှိသေးတာ။ ကျွန်မယောက်ျားကို ရန်မဖြစ်ဖို့ တော်တော်ပြောယူခဲ့ရတာ” ဟု   မနေခြည်ငုဝါက ဆိုသည်။  ၎င်းသည် ယခုအခါ ၅ လ အရွယ် သားဖြစ်သူနှင့်အတူ   မိခင်၏အိမ်တွင် ပြောင်းရွှေ့နေထိုင်လျက် ရှိသည်။

ရှေ့နေတချို့၏ အမြင်

ကုလားဝဲရွာမှ ပဲခူးမြစ်အတိုင်း တစ်နာရီခန့် စုန်ဆင်းလျှင်  ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်း၊  ပဲခူးမြစ်တို့ ပေါင်းဆုံရာ မြစ်သုံးခွဆုံသို့ ရောက်ရှိသွားမည်ဖြစ်သည်။ မြစ်ဆုံတွင် ပစ္စည်းတစ်ခုခု သွားရောက် စွန့်ပစ်မည်ဆိုလျှင် ထိုပစ္စည်းသည် ကုလားဝဲရွာသို့ ပြန်လည် ဆန်တက်လာနိုင်ချေမရှိဟု ရွာမှ ငါးဖမ်းလုပ်သား အများအပြားက ပြောကြသည်။

ရဲတပ်ဖွဲ့သည် အလောင်းပြန်ရှာမတွေ့သည့်တိုင် သတ်ခဲ့ကြောင်း မျက်မြင်သက်သေ ရှိသည်ဆိုလျှင် ကနဦးတွင် လူသတ်မှုနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မများထဲမှ အမြင့်ဆုံးပုဒ်မဖြင့်သာ အမှုဖွင့်ဆောင်ရွက်သင့်သည်ဟု  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က  ဆိုသည်။

ပုဒ်မ ၃၀၈ နှင့် အရေးယူခံနေရသူကို တရားရုံးက  အာမခံပေးပိုင်ခွင့်ရှိသော်လည်း ရဲလုပ်ငန်းကုန်စင်အောင် ဆောင်ရွက်ထားခြင်းမရှိဟု ဥပဒေအရာရှိက သံသယဖြစ်လျှင် ထပ်မံ စုံစမ်း စစ်ဆေးရန် ရဲတပ်ဖွဲ့ကို တောင်းဆိုနိုင်သည်၊ စွပ်စွဲချက်များ မှန်ကန်နေသည် ဆိုပါက အခြားပုဒ်မတစ်ခုဖြင့် ထပ်မံ အရေးယူနိုင်သည်ဟု   ၎င်းက ဆက်ပြောသည်။

“အခုအတိုင်းသာ စစ်ဆေးပေါ်ပေါက်ခဲ့မယ်ဆိုရင်တော့ လူသတ်မှုအပြင် အလောင်းဖျောက်ဖျက်မှုပါ နွယ်သွားပြီ။ ဒါဟာ သက်သေခံပစ္စည်းကို ဖျောက်ဖျက်လိုက်တာပဲ” ဟု ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုသည် ဤအမှုတွင် လွန်စွာ အရေးကြီးနေသည်ဟု သုံးသပ်သည်။

“ရဲဘက်က အလောင်းမတွေ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီပုဒ်မ တပ်မယ်ဆို တပ်လို့တော့ ရပါတယ်။ ဒါပေမယ့်   ရဲတပ်ဖွဲ့က အမှုဖွင့် တရားစွဲတဲ့ အခါမှာ ဘယ်လို အချက်တွေကို ထည့်သွင်း စွဲဆိုသလဲဆိုတာ အရေးကြီးတယ်။ သူက တရားစွဲတာမှာ ဖော့ရေးရင်လည်းရသလို ဖိရေးရင်လည်း ရတယ်။ အဲ့ဒီအပေါ်မှာ ဥပဒေအရာရှိက ပုဒ်မ တပ်တာမှာ ကွာသွားတာပဲ။ သေချာတာကတော့ လက်တလော သိရသလောက်က ရဲတပ်ဖွဲ့ဟာ စစ်ဆေးမှု ပြည့်စုံအောင် မလုပ်ခဲ့ဘူး ဆိုတာ ပေါ်ပေါက်နေတဲ့သဘောဖြစ်နေတယ်” ဟု ဦးဇော်လင်းက ပြောသည်။

စွပ်စွဲချက်များကို တုန့်ပြန်ခြင်း 

အာမခံဖြင့် အမှု ဆက်လက် ရင်ဆိုင်နေရသူ မောင်ဝင်းထံမှ မှတ်ချက် တောင်းခံရန် ၎င်းကို ဆက်သွယ်၍ မရသေးပေ။

၎င်း၏ သမီးဖြစ်သူ မဌေးဌေးဝင်းက ရွာသားတို့၏ စွပ်စွဲချက်များ မှားယွင်းနေသည်ဟု Myanmar Now ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောပြသည်။

အခင်းဖြစ်ညက မိသားစုဝင်အားလုံးသည်  နေအိမ်တွင်သာ ရှိနေကြကြောင်း၊ မတရားစွပ်စွဲခံရပြီး မှားယွင်း အရေးယူခံခဲ့ရခြင်းသာဖြစ်ကြောင်း ပြောသည်။

ထိုစွပ်စွဲချက်များ ခိုင်လုံမှု မရှိသည့်အတွက် တရားရုံးက အာမခံဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု သူက ထောက်ပြသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစား ရဲမှူးကြီး မောင်စိုးက ငါးဖမ်းလုပ်ငန်းတွင် ပေါ်ပေါက်သည့် မှုခင်းတို့သည် အငြင်းပွားစရာ ဖြစ်နိုင်သည့် အလားအလာ ပိုများတတ်ကြောင်း၊ အမှုကို ကိုင်တွယ်ရသည့် ရဲအရာရှိတို့ ဝေဖန်ခံရလေ့ရှိကြောင်း  ပြောသည်။

“အလောင်းမတွေ့ဘဲနဲ့တော့ သူတို့မှာ လူသတ်မှုဖြစ်ပါတယ်လို့ ပြောဖို့ကတော့ ခက်တယ်။ ဥပဒေအကြံတောင်းတဲ့ဆီမှာလည်း အလောင်းမတွေ့တဲ့ အချက်က လူသတ်မှုလို့ ပုဒ်မတပ်ဖို့ ခက်တယ်။ ပြည်သူတွေကတော့ ပြောမှာပဲ။ တဖက်ကမှာ ဥပဒေအရ သားရေကွင်းလို ဖြစ်နေတော့ အထောက်အထား သာတဲ့ဘက်က သာသွားနေဦးမှာပဲ။ တရားခွင်မှာ စစ်ဆေးပေါ်ပေါက်ချက်အရသာ နောက်ပိုင်း ပုဒ်မတွေပြောင်းချင်ပြောင်းမှာပေါ့” ဟု ၎င်းက ဆိုသည်။

လူသတ်မှုဟု ယူဆနိုင်ရန်အတွက်မူ အသတ်ခံရကြောင်း ထင်ရှားစေမည့် အထောက်အထား တွေ့ရှိရန် အရေးကြီးကြောင်း ၎င်းက သုံးသပ်သည်။

စွပ်စွဲခံရသူတို့ အာမခံဖြင့် ပြန်လွတ်လာသောကြောင့် အမှုနှင့် ပတ်သက်ပြီး သက်သေထွက်ဆိုမည့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်ကို မေးခွန်း ထုတ်လာကြသည်။

ရုံးသပြေကန် ရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်မင်းနိုင်ကို အမှုနှင့် ပတ်သက်ပြီး မကြာသေးခင် ရက်ပိုင်းအတွင်း ဆက်သွယ် မေးမြန်းရာ စွပ်စွဲခံရသူတို့ကို စွဲဆို ပုဒ်မတပ်ခြင်း၊ အာမခံဖြင့် လွှတ်ခြင်းတို့မှာ တရားရုံးနှင့်သာ သက်ဆိုင်သည်ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

ဇန်နဝါရီ ၂၃ ရက်နေ့က  ထပ်မံ အဆက်အသွယ် ရချိန်တွင် ရဲအုပ်က အမှုနှင့် ပတ်သက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ထားသည်ဟု ပြောသည်။

"ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို တရားရုံးမှာတောင်   ကျွန်တော်တို့က ရှင်းမပြဘူး။ လုပ်ဆောင်ချက်ကို ရှင်းပြစရာလည်း အကြောင်းမရှိဘူး။ ကျွန်တော်တို့ဆီ လာခဲ့လိုက်ပါ။ အကျိုးအကြောင်းလေး ပြောပြပေးပါ့မယ်။ သူတို့မိသားစုကိုလည်း ပြောပြပြီးပြီ။ ဒီထက်ကျွန်တော်တို့ အလုပ်ဝတ္တရားတွေ၊ တာဝန်တွေကို နှောင့်ယှက်နေမယ်ဆိုရင် ကျွန်တော်တို့ကလည်း ဥပဒေအတိုင်း ဆောင်ရွက်ရပါလိမ့်မယ်။ အကြိမ်ကြိမ်အခါခါလည်း ပြောပြီးပြီ။   ဘာကို မရှင်းလင်းတာရှိရင် လာမေးလိုက်ပေါ့။ တရားဝင်မေးမယ်ဆိုလည်း လာမေးလိုက်။ ကျွန်တော်တို့ အထက်လူကြီးတွေလည်း ရှိတယ်။ သူတို့နဲ့လာတွေ့လိုက်၊ မေးလို့ရပါတယ်" ဟု ၎င်းက ပြောသည်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading