အငြင်းပွားဖွယ်ဖြစ်လာတဲ့ မဘသအဖွဲ့ ဆက်လက်တည်ရှိရေး

ရန်ကုန် - အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လူမျိုးရေး၊ ဘာသာရေး အကဲဆတ်တဲ့ မြန်မာနိုင်ငံမှာ လတ်တလော အငြင်းပွားစရာ အဖြစ်ဆုံး အဖွဲ့အစည်း ဖြစ်နေပါတယ်။

မဘသလို့ အတိုကောက် ခေါ်ကြတဲ့ ဒီအဖွဲ့ဟာ ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားပြီး နောက်တစ်နှစ်မှာ ပေါ်ပေါက်လာတာပါ။ မဘသ ဆရာတော်အများအပြားရဲ့ ဟောပြောချက်တွေမှာ မွတ်စလင် ဆန့်ကျင်ရေး၊ အမုန်းတရားပွားများစေတဲ့ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။

မန္တလေးမြို့၊ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာ ဘိဝံသက မဘသအဖွဲ့ရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓရဲ့ လမ်းစဉ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ မိန့်ပါတယ်။

“မဘသကို သံဃာထုတွေက မနှစ်မြို့ကြပါဘူး။ သူတို့လုပ်နေတာကလည်း မနှစ်မြို့စရာတွေလေ။ ဒါပေမဲ့ သံဃာထုထဲမှာ သံဃာကောင်းတွေက ဘာမှမပြောချင်လို့သာ သူတို့အသံတွေ ကျယ်နေတာ” လို့ ဆရာတော်က မိန့်ပါတယ်။

မဘသ ပေါ်ပေါက်စမှာ သံဃာအများအပြားက အမျိုးသားရေးတာဝန်အတွက်ဆိုပြီး ပူးပေါင်းပါဝင်ကြပေမယ့် နောက်ပိုင်းမှာ ထောက်ခံမှု လျော့နည်းလာတယ်လို့ ဆရာတော်က သုံးသပ်ပါတယ်။

အငြင်းပွားဖွယ်ရာအဖွဲ့အစည်းဖြစ်တဲ့ မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုကြောင့် သံဃာထုကြား စိတ်ဝမ်းကွဲပြားမှု ပိုမို ဖြစ်ပေါ်လာနိုင်တယ်လို့ အထင်ကရ သံဃာတချို့က မိန့်ကြားကြပါတယ်။

မဘသအဖွဲ့ တည်ရှိမှု

မကြာသေးမီက ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသအဖွဲ့ဟာ မလိုအပ်တဲ့ အဖွဲ့ဖြစ်တယ်လို့ နှစ်ကြိမ် ပြောဆိုခဲ့ပါတယ်။ မြန်မာပြည်အတွင်း အတော်လေး ဂယက်ရိုက်ခတ်ခဲ့၊ သတင်းစာမျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့တဲ့ သူ့ရဲ့ ပြောဆိုချက်ကြောင့် မဘသအဖွဲ့ ခေါင်းဆောင်ပိုင်းက ဇူလိုင် လဆန်းပိုင်းမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး လတ်တလော ရင်ဆိုင်ရတဲ့အခြေအနေအကြောင်း ဆွေးနွေးကြပါတယ်။

ဒီအတောအတွင်း သံဃာတွေကို လူသိထင်ရှား ဝေဖန်လေ့မရှိတဲ့ မြန်မာနိုင်ငံမှာ မဘသအဖွဲ့ မရှိသင့်တော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသူ အများအပြား ပေါ်ပေါက်နေပါပြီ။

အခြားတစ်ဘက်မှာတော့ မဘသအဖွဲ့ ဆက်လက်တည်ရှိရေးကို လိုလားကြောင်း ပြောဆိုသူတွေကိုလည်း အများအပြား တွေ့ရမှာပါ။

မဘသ အဖွဲ့ထဲမှာ အထင်ရှားဆုံးဖြစ်တဲ့ ဦးဝီရသူက ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

"အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ မလိုအပ်ကြောင်း ပြောဆိုလာခြင်းသည် အာဏာရပါတီနှင့် နိုင်ငံတော်အစိုးရ၏ သဘောထားဖြစ်မှန်း သိသာထင်ရှားသည်" လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဘသအဖွဲ့ကို မည်သည့်အခါကမှ အသိအမှတ် မပြုခဲ့ဘူးဆိုတဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး နောက်တစ်နေ့မှာ ဦးဝီရသူက အဲဒီလို တုန့်ပြန်လိုက်တာပါ။ သာသနာရေးဝန်ကြီးဌာနရဲ့ "အစိတ်အပိုင်းတစ်ခု" ဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့ရဲ့ ကြေညာချက်ကြောင့် ဘုရားသားတော် ညီနောင်အချင်းချင်း စိတ်ဝမ်းကွဲစရာ အကြောင်းမရှိဘူး လို့လည်း ဦးဝီရသူက တုန့်ပြန်ပါတယ်။

မဘသအဖွဲ့ ရှိသင့်ကြောင်း ထုတ်ဖော်ပြောကြားသူများထဲမှာ ထင်ရှားကျော်ကြားတဲ့သူ အရေအတွက် နည်းပါးပါတယ်။ ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က မဘသအဖွဲ့ ရှိသင့်တယ် လို့ သဘောထား ပေးသူပါ။

"ဗုဒ္ဓဘာသာမှာသာမက ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာတွေမှာလည်း အဲဒီလို အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ မဘသ တစ်ခုတည်းကို ရွေးထုတ်ပြီးပြောဖို့ မသင့်ဘူး" လို့ ဝန်ကြီးဟောင်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ ၇ ရက်နေ့က ရေးလိုက်ပါတယ်။

မဘသ အဖွဲ့အစည်းနဲ့ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တစ်ဦးချင်းကြားမှာ ခွဲခြားမြင်နိုင်ဖို့ လိုတယ်၊ ပြီးခဲ့တဲ့ မဘသညီလာခံမှာ ဆွေးနွေးချက်များ၊ မိန့်ခွန်းများကို လေ့လာရင် မဘသဟာ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမဟုတ်ဘူး ဆိုတာ တွေ့နိုင်ပါတယ်လို့ ဝန်ကြီးဟောင်းက ဆိုပါတယ်။

မဘသကို ဝေဖန်ပြောဆိုမှု၊ ကာကွယ်ပြောဆိုမှုတွေ အပြန်အလှန် ရှိနေချိန် မဘသဗဟိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဦးသောပါကက “မဘသမှာက ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။ ကိုယ့်ရည်ရွယ်ချက်အတိုင်း၊ ကိုယ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက် ဖော်ဆောင်သွားမှာပါ” လို့ သတင်းထောက်တွေကို မိန့်ပါတယ်။

ပြည်ပရောက် သံဃာတို့အပေါ် သက်ရောက်မှုတချို့

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘသအဖွဲ့ ဦးဆောင်ဆရာတော်တချို့က ပြည်ခိုင်ဖြိုးပါတီဘက်ယိမ်းတဲ့အသံတွေ ထင်ထင်ရှားရှားပြသတဲ့နည်းနဲ့ မဲဆွယ်ပေးခဲ့ကြတယ်လို့ ၂ဝဝရ ရွှေဝါရောင် သံဃအရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်တပါးဖြစ်တဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောက်ပတုတ်ကျေးရွာ ဝိမုတိသုခဝိဟာရ ကျောင်းတိုက်ဆရာတော် ဦးဣဿရိယက ဝေဖန်လိုက်ပါတယ်။

“အမျိုးကိုစောင့်ရှောက်ဖို့ဆိုပြီး ခေါင်းစီးတပ်ထားပေမယ့် တချိန်လုံး သမ္မတဟောင်းဦးသိန်းစိန်တို့ဘက်ကို ထောက်ခံခဲ့တယ်။ မှားတာတွေကို ထောက်ပြဝေဖန်တာတွေ မလုပ်ခဲ့ဘူး။ NLD ကို တိုက်ခိုက်ပြီး အမုန်းတရားတွေ၊ အစွန်းရောက်တရားတွေ ဟောခဲ့ကြတယ်” လို့ ဆရာတော်က ဝေဖန်ပါတယ်။

မဘသအဖွဲ့မှာထင်ရှားတဲ့ ဆရာတော်ဦးဝီရသူဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စရန်ဟီးလီကို သူ့ရဲ့ ၂ဝ၁၅ ဇန်နဝါရီလ မြန်မာပြည်ခရီးစဉ်အတွင်း လူသိထင်ရှား ဆဲရေး တိုင်းထွာတာခြင်းဖြင့် ဝိနည်းနဲ့ မညီတဲ့ လုပ်ရပ်ကို          ကျူးလွန်ခဲ့ပေမဲ့ အဖွဲ့က အရေးယူခြင်းမပြုခဲ့ဘူး၊ မဘသအဖွဲ့က ဦးစီးထုတ်ဝေတဲ့ စာစောင်တွေမှာ သူ့လုပ်ရပ် မှန်ကန်လို့ ထောက်ခံတယ်ဆိုပြီး ရေးသားခဲ့ကြောင်း ဆရာတော်က ဆက်မိန့်ပါတယ်။

“မဘသအဖွဲ့ ပေါ်လာပြီးနောက်မှာ လူတွေ၊ သံဃာတွေ စိတ်ဝမ်းတွေ ကွဲတယ်၊ မညီမညွတ်တွေ ဖြစ်လာတယ်။ အမျိုးကို စောင့်ရှောက်ပုံက လွဲမှားပြီး ဖျက်ဆီးသလိုကို ဖြစ်နေတာ” လို့ ဆရာတော်က မှတ်ချက်ပြုပါတယ်။

မြန်မာပြည် ဒေသအများအပြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားတာကို ကမ္ဘာက သိရှိနေပြီး မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ပြည်ပရောက် သံဃာတွေ သီတင်းသုံးမှု၊ သာသနာပြုမှုကို ထိခိုက်စေတယ်လို့လည်း ဥရောပကို ၂ ကြိမ်သွားရောက်၊ ထိုင်းနိုင်ငံမှာ ၈ နှစ်ကြာ သီတင်းသုံးခဲ့ဖူးတဲ့ ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဒိန်းမတ်နိုင်ငံမှာ ရှိနေစဉ် အစ္စလမ်ဘာသာဝင်တချို့က သူ့ကို နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဘယ်နိုင်ငံကလာတာလဲလို့ မေးတယ်။ မြန်မာကလို့ပြောရော မင်းတို့နိုင်ငံက ငါတို့ဘာသာဝင်တွေကို နှိပ်စက်နေတဲ့နိုင်ငံ၊ မင်းတို့ဘာသာက ငါတို့ဘာသာကို ဖိနှိပ်နေတဲ့ဘာသာဆိုပြီး နောက်ကနေ တကောက်ကောက်လိုက် ပြောဆိုနေတာ” လို့ ဆရာတော်က မိန့်ပါတယ်။

“မဘသပေါ်လာပြီးမှ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာရတာလို့ အဲ့ဒီဥရောပမှာရှိတဲ့ ကိုယ့်မိတ်ဆွေတွေကလည်း ပြောကြတယ်”

သူ့မိတ်ဆွေတွေ ဖြစ်တဲ့ ပြင်သစ်ရောက် ဦးကုမာရ၊ ဆွီဒင်ရောက် ဦးသောမနတို့လည်း အစ္စလမ်ဘာသာဝင်တွေရဲ့ နှောက်ယှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

လူသားတိုင်းကို မေတ္တာထားပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဆောင်ရွက်ရေးက သံဃာတော်တွေရဲ့ တာဝန်ဖြစ်တာကြောင့် ဘာသာမတူသူကို ပစ်မှတ်ထားတဲ့ မဘသရဲ့ လုပ်ငန်းစဉ်တွေဟာ ဗုဒ္ဓလမ်းစဉ်ကို ဖျက်ဆီးသလိုဖြစ်စေတယ်လို့ မန္တလေးမြို့၊ မဟာဝိဇိတာရာမ ကျောင်းတိုက်က ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။

“သာသနာအကျိုး ယှဉ်တွဲ ဆောင်ရွက်ရာကနေ သံဃာထုကြားမှာ ထောက်ခံတဲ့အုပ်စုနဲ့ မထောက်ခံတဲ့အုပ်စု ဆိုပြီး သူ့ဘက်ကိုယ်ဘက် အပြစ်တွေ အပြန် အလှန် ပြောနေကြရတဲ့အဆင့်ကို ရောက်နေပြီ” လို့ ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။

သူက လွန်ခဲ့တဲ့ ၄ လကျော်က မဘသ ဦးဆောင်ဆရာတော်ဖြစ်တဲ့ ဦးဝီရသူကို ဝေဖန်ခဲ့ပါသေးတယ်။ ဦးဝီရသူကို ထောက်ခံသူတချို့က သူ့ကို ဖုန်းဆက်ပြီး သတ်ဖြတ်မယ်၊ ဓားနဲ့ ခုတ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့လကလည်း ညပိုင်း မဟာမြတ်မုနိဘုရားက အပြန်မှာ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်တိုက်ခံရပေမဲ့ ဘာကြောင့်တိုက်တယ်၊ ဆိုင်ကယ်သမား ဘယ်သူဆိုတာတွေကို အခုထိ မသိရဘူး လို့ ဆရာတော်က မိန့်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ဆက်ဆံရေး

မဘသအဖွဲ့ဟာ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးအားကောင်းတဲ့ လွှတ်တော်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာတုန်းက မျိုးစောင့်ဥပဒေ ၄ ခု ပေါ်ပေါက်လာအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။

မဘသအဖွဲ့ဟာ ယခင် စစ်အာဏာရှင်တွေဘက်ကို ယိမ်းခဲ့တာ မှားတယ်လို့ ၂ဝဝရ ရွေဝါရောင် သံဃာ့အရေးအခင်း ဦးဆောင်သံဃာ တစ်ပါးဖြစ်တဲ့ ရန်ကုန်မြို့ ရွှေသိမ်ကျောင်းတိုက် ဆရာတော် ဦးသန္တာသီရိက မိန့်ပါတယ်။

“သံဃာ့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံကို ထေရဝါဒသာသနာ ရောက်လာခဲ့တဲ့ အချိန်ကစပြီး ဒီနေ့ဒီအချိန်လို သံဃာ သင်းကွဲတာတွေ၊ သံဃာဂိုဏ်းကွဲတာတွေ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။

ဒါကြောင့် မဘသရဲ့ လုပ်ရပ်တွေဟာ ဝိနည်းတော်နဲ့ မညီညွတ်ပါဘူး။ သံဃာထု မလိုလားတဲ့ ကိစ္စတွေကို ရပ်တန့်သင့်ပါတယ်” လို့ သူက တိုက်တွန်း မိန့်ကြားလိုက်ပါတယ်။

မဘသ အထွေထွေအတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိကတော့ သူတို့အဖွဲ့ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ အပေးအယူ ရှိခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေ၊ စွပ်စွဲချက်တွေကို ပယ်ချပါတယ်။

စစ်ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အသုံးချခံဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ယူဆချက်တွေဟာလည်း ယုတ္တိမရှိဘူး၊ မဘသ ဥက္ကဋ္ဌဆရာတော် ဦးတိလောကဘိဝံသဟာ စစ်အာဏာရှင်ခေတ်က အကျဉ်းကျခံခဲ့ရဖူးတယ် ဆိုတဲ့ အချက်ကို သူက ထောက်ပြပါတယ်။

“ဒါပေမဲ့ မျိုးစောင့်ဥပဒေကို လျှောက်ထားရတော့မယ် ဆိုတော့ (ဦးသိန်းစိန်ဦးဆောင်တဲ့) အစိုးရဆီမှာ လျှောက်ထားရတာလေ။ အဲဒီတော့ အစိုးရနဲ့ပဲ ပူးပေါင်းပြီး လုပ်ရတာပေါ့” လို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြစေတီကျောင်းတိုက်ဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်ပါတယ်။

မဘသအဖွဲ့ ဆက်ရှိနေသင့်တယ်၊ မရှိသင့်တော့ဘူးဆိုတဲ့ အငြင်းပွားမှုတွေ ပြင်းထန်နေတဲ့ အချိန်မှာပဲ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ရန်ကုန်မှာ အစည်းအဝေး ပြုလုပ်နေပါတယ်။

ဇူလိုင် ၁၃ ရက်နေ့မှာ အစည်းအဝေးတက်ရောက်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ကြည်ညိုလေးစားဖွယ်ရာ ထေရ်ကြီးဝါကြီး သံဃာတော် အများအပြား ပါဝင်တဲ့ မဘသအဖွဲ့ဟာ ဒီမိုကရေစီကို နောက်ပြန်သွားလိုတဲ့ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချခြင်း မခံရဘူးဆိုရင် ရေရှည်ရပ်တည် နိုင်မယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading