သတင်း

မိုးဗြဲနှင့် ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်မှ ၄၀ ကျော်သေ၊ ၄ ဦး ဖမ်းခံရ – KPDF

ယနေ့ (မေ ၂၃) တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးကာ ၄ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က ပြောသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲတွင် နံနက် ၉ နာရီခွဲမှ တိုက်ပွဲစတင်ရာ စစ်တပ်ဘက်မှ ၂၀ ခန့် သေဆုံးခဲ့ပြီး ၄ ဦးကို ဖမ်းမိခဲ့သည်ဟု KPDF က ဆိုသည်။ ၄ နာရီခန့်ကြာမြင့်သော ယင်းတိုက်ပွဲအပြီး မိုးဗြဲရဲစခန်းကို မီးရှို့ကာ ဆုတ်ခွာခဲ့ကြောင်း မိုးဗြဲ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့(ရဲစခန်း)ကင်းပုန်းနေရာတွေကို PDF က အကုန်လုံးမီးရှို့ဖျက်ဆီးပြီးတော့ သူတို့စစ်ကူလာတဲ့အချိန်မှာ ကျွန်တော်တို့ PDF ပြည်သူတွေ အကုန်လုံးလူစုခွဲပြီးသားဖြစ်နေပြီ။ အဲဒါကြောင့် လက်ရှိစခန်းမှာ သူတို့ ပြန်လည်နေရာယူထားတယ်လို့ သတင်းရတယ်” ဟု ၎င်းက ပြောသည်။

အင်အား ၂၀ ကျော်ရှိသည့် အဆိုပါရဲစခန်းကို ကြိုတင်ပြင်ဆင်ကာ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး KPDF ဘက်မှ တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အရှင်ဖမ်းခဲ့သူ လေးဦးအနက် တစ်ဦးမှာ ရဲယူနီဖောင်းဖြင့်ဖြစ်ပြီး ကျန်သုံးဦးမှာ အားကစားအင်္ကျီနှင့် ဂျင်းဘောင်းဘီဝတ်ဆင်ထားကြောင်း၊ သေဆုံးသူများအနက် တချို့မှာ ပြောက်ကျားဘောင်းဘီနှင့် အရပ်ဝတ်အင်္ကျီများဖြစ်သဖြင့် ရဲမှန်း၊ စစ်သားမှန်း အတိအကျမပြောနိုင်ကြောင်း KPDF က ပြောသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာတွင်မူ တိုက်ပွဲက မွန်းလွဲပိုင်းတွင် စတင်ပြီး စစ်တပ်ဘက်မှ ၂၆ ဦး သေဆုံးသည်ဟု ဒီးမော့ဆို KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လွိုင်ကော်နှင့် မိုးဗြဲကြားရှိ ကျေးရွာများဖြစ်သည့် စစ်ရှောင်စခန်းများရှိရာ ပီကင်းကောခူ၊ ဝါရီကောခူကျေးရွာများအတွင်း စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့အပြီး ဒဏ်ရာရ ရွာသား ၁ ဦး အနည်းဆုံးရှိခဲ့သည်။

ပစ်ခတ်မှုများကြောင့် ယင်းစစ်ရှောင်စခန်းတွင် ခိုလှုံနေသူများပါ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်၊ မိုးဗြဲရဲစခန်း မီးလောင်နေသည်ကို ယနေ့ မေ ၂၃ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ – တိုးတက်သောကရင်နီပြည်သူ့အင်အားစု)

မိုးဗြဲမှ လွိုင်ကော်သို့ ဆိုင်ကယ်မောင်းလာသော အသက် ၅၀ ကျော်အရွယ် ဈေးသည်အမျိုးသမီးတစ်ဦးကို စစ်တပ်က ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

မိုးဗြဲအခြေစိုက် ခမရ (ခြေမြန်တပ်ရင်း) ၄၂၂ သည် လူနေကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု KPDF က ပြောသည်။

ရှမ်းပြည်နယ်၊ မိုးဗြဲတွင်သာမက တစ်နေ့တည်းမှာပင် ပြည်နယ်အစပ်ဖြစ်သော ကယားပြည်နယ် ဒီးမော့ဆိုနှင့် လွိုင်ကော်တွင်လည်း စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့သည်။

ယနေ့မွန်းလွဲပိုင်းမှစ၍ ညပိုင်းအထိ ဒီးမော့ဆိုမြို့တွင်း ဒေါငံခါးလမ်းဆုံနှင့် စံပြ ၆ မိုင်ကျေးရွာတို့ဘက်ကို စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ညနေတွင် စံပြ ၆ မိုင်သို့ တပ်ကူလာသော စစ်သား ၃၀ ခန့်အနက် ၂၆ ဦး သေဆုံးပြီး ကျန် ၄ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း တိုက်ပွဲတွင် ပါဝင်နေသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒေါငံခါးဘက်မှာ အဖိခံရတော့ ဒီးမော့ဆိုနဲ့ လွိုင်ကော်ကြားက ၆ မိုင်ရွာမှာ ကြွကူတာပေါ့။ အဲဒါကို စစ်ကောင်စီတပ်တွေက လာပြီးအားဖြည့်တာ။ အားဖြည့်တဲ့တပ်တွေကို ပြောက်ကျားနဲ့တိုက်တာ” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ယနေ့နံနက်အစောပိုင်း၌ ဒီးမော့ဆိုမြို့နယ်၊ ဒေါမန်ခကျေးရွာအား စစ်တပ်က အင်အား ၆၀၀ ခန့်ဖြင့် လာရောက်ပိတ်ဆို့ခဲ့သည်။ မွန်းလွဲတစ်နာရီခန့်တွင် စစ်တပ်က စတင်ပစ်ခတ်ခဲ့၍ ဒေါမန်ခကျေးရွာအနီး ဒေါတမငယ်၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒီးမော့ဆို KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“အခု ကျွန်တော်တို့ဘက် (KPDF) က ထိခိုက်ဒဏ်ရာရတဲ့သူ နှစ်ဦးရှိတယ်။ မိုင်းစမှန်တာ တစ်ယောက်၊ ဒူးမှာ မှန်တယ်။ ဒုတိယတစ်ယောက်က ဒဏ်ရာရပြီး ဆွဲမထုတ်နိုင်သေးဘူး။ လက်နက်ကြီးကတော့ မိုးရွာသလိုပဲ သုံးနေတယ်။ မနားတမ်းချနေတယ်။ ရွာတွေထဲကို ချနေတာ” ဟု KPDF တွင် ပါဝင်တိုက်ခိုက်နေသူတစ်ဦးက ဆိုသည်။

စစ်တပ်မှ အင်အား ၃၀၀ ခန့်ရှိပြီး အမှတ် ၁၀၂ အမြောက်တပ်ရင်းမှ ပစ်ခတ်နေပြီး စစ်တပ်ထိခိုက်ကျဆုံးမှုများကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“စည်ပင်ရပ်ကွက် (တိုက်ပွဲဖြစ်ပွားသည့်နေရာအနီး)မှာ လူနေအိမ်မှာ လက်နက်ကြီးကျပြီးတော့ အသက် ၆၀ အဘိုးကြီး နဲ့ ၁၂ နှစ်အရွယ် ကလေးတစ်ယောက်ကို ထိတယ်။ ကလေးက ညာဘက်လက်မှာ ထိတယ်။ အဘိုးကြီးက လက်ရော၊ ခြေထောက်ရော ထိတယ်” ဟု ၎င်းက ထပ်ပြောသည်။

ထို့ပြင် လွိုင်ကော်မြို့နယ်၊ ပန်ကန်းရပ်ကွက်၌လည်း မွန်းလွဲပိုင်းမှစ၍ အပြန်အလှန်ပစ်ခတ်မှုများရှိပြီး သံချပ်ကာယာဉ်များဖြင့် ဝင်ရောက်လာမှုများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

ဘောလခဲမြို့နယ်တွင် ယနေ့ (မေ ၂၃) နံနက် ၁၀ နာရီခွဲအချိန်၌ ငါးမျှားပြီး ဆိုင်ကယ်ဖြင့် ပြန်လာသော အမျိုးသားသုံးဦးကို မြို့အဝင် စုပေါင်းဂိတ်မရောက်မီ သင်္ချိုင်းအနီးအရောက် စစ်သားများက ပစ်ခတ်ခဲ့၍ အသက် ၂၀ အရွယ် လူငယ်တစ်ဦး ကျည်ထိသေဆုံးခဲ့သည်ဟု အမည်မဖော်လိုသော ဘောလခဲဒေသခံတစ်ဦးက ပြောသည်။

၎င်း၏ အလောင်းကိုလည်း စစ်တပ်က ယူဆောင်ထားပြီး ဒဏ်ရာရသွားသူတစ်ဦးကိုလည်း စစ်တပ်က ထိန်းသိမ်းထားကြောင်း၊ ကျန်တစ်ဦးမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့ညတုန်းက နန်းဖဲရဲစခန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပစ်လို့ ရဲတပ်သားတစ်ယောက် သေသွားတယ်လေ။ အဲဒါ အသုဘချနေရင်းနဲ့ သင်္ချိုင်းဘေးနားက ဖြတ်ပြန်လာတာကို လှမ်းပစ်တာ သုံးယောက်စီးလာတာ ဆိုင်ကယ်ပေါ်မှာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေ ၂၁ ကလည်း ဘောလခဲမြို့နယ်တွင် နန်းဖဲရွာအနီး စစ်တပ်ဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သေးသည်။ ယင်းတိုက်ပွဲတွင် ရဲသုံးဦး သေဆုံးခဲ့ပြီး ဒီးမော့ဆိုမြို့ခံ အရပ်သားနှစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကာ လူအများအပြား အဖမ်းခံရသည်။

စစ်တပ်ဘက်မှလည်း ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း မေ ၂၂ တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့တိုက်ပွဲနှင့် ပတ်သက်၍ စစ်တပ်ဘက်မှ တစ်စုံတစ်ရာထုတ်ပြန်မှု မရှိသေးဘဲ စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်နှင့်လည်း ဆက်သွယ်မရသေးပေ။  

KPDF က ဒီးမော့ဆိုမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခု၊ KPDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ ပူးပေါင်းပြီး ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်များရှိ ဂိတ်စခန်း ၂ ခုကို တိုက်ခိုက်နိုင်ခဲ့သည်။

မေ ၂၂ တွင် စစ်တပ်က အင်အားဖြည့်တင်းခဲ့ပြီး ယနေ့ မေ ၂၃ တွင် တိုက်ပွဲများ ဒီးမော့ဆိုမြို့နယ်တွင် ပြန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် စစ်တပ်သည် ဒေသခံကာကွယ်ရေးတပ်များဖြင့်သာမက ကယားပြည်နယ်တွင်အခြေစိုက်သော တိုင်းရင်းသားလက်နက်ကိုင် ကရင်နီတပ်မတော်နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

Show More

Related Articles

Back to top button