ဆောင်းပါး

ပစ်မှတ်ဖြစ်လာသော စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ

ရန်ကုန်၊ တရုတ်တန်း ၈ လမ်းတွင် လူတစ်ဦး သွေးအိုင်ထဲ၌ လဲနေသည်။

မေ ၁၈ နံနက် ၆ နာရီ ခန့်က တွေ့ရသည့် မြင်ကွင်းဖြစ်ပြီး နဖူးကျည်ဆန်ဖောက်ဝင်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသည့်သူမှာ အသက် ၄၅နှစ်အရွယ် လမ်းမတော် မြို့နယ်၊ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက အတည်ပြုသည်။

သူ၏ရုံးတွင် ပေါက်ကွဲမှုဖြစ်သဖြင့် သွားကြည့်ရာ လမ်းတွင် တစ်စုံတစ်ဦးက သေနတ်ဖြင့်ပစ်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးစဉ် ပေါက်ကွဲမှုထပ်ဖြစ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီကဆိုသည်။

အုပ်ကြီး ခေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ကို လုပ်ကြံတိုက်ခိုက်သည့် ဤဖြစ်ရပ်မျိုးကို ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် နှစ်လ‌ကျော်မှစ၍ မကြာခဏဖြစ်ပွားခဲ့ပြီး လက်သည်မပေါ်သည်က များသည်။ 

ဗုံး၊ သေနတ် သို့မဟုတ် ဓားအသုံးပြုမှုပေါ် မူတည်ပြီး “အုပ်ကြီး ဖောင်းဒိုင်း” သို့မဟုတ် “အုပ်ကြီး ဇွပ် ၊ ဇွပ်၊ ဇွပ်”ဟု အများက ပြောဆို ရည်ညွှန်းလေ့ရှိသည်။ စစ်ကောင်စီကမူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်” ဟု သတင်းထုတ်ပြန်လေ့ရှိသည်။  

အဆိုပါဖြစ်စဉ်များကြောင့် သေဆုံးသွားသူတို့မှာ စစ်ကောင်စီ၏ အလိုတော်ရိများ၊ ဒလန်များဟု ပြည်သူတို့သတ်မှတ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်သည်။

ထို့အတူ မီးလောင်မှု၊ ပေါက်ကွဲမှုများဖြစ်ပွားရာ အဆောက်အအုံများသည်လည်း ပြည်သူအပေါ် အခြေခံဖိနှိပ်မှုဖြစ်သည့် ဧည့်စာရင်းကဲ့သို့သော ကိစ္စများအခြေစိုက်ရာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးအခြေခံအုတ်မြစ် ရုံးဌာနများပါဝင်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်း၏ ဦးဆုံးခြေလှမ်းအဖြစ် အာရုံစိုက်ထားသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးယန္တရား ပြန်လည်တည်ဆောက်ရေးကိစ္စတွင် အကြီးအကျယ် စိန်ခေါ်ခံနေရသည့် အကြောင်းအရာများတွင် အထက်ပါကိစ္စအပြင် ကိုယ့်ရှူးကိုယ်ပတ်သည့် အဖြစ်အပျက်များကလည်း ရှိနေသည်။

၎င်းတို့အစားထိုးထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် ပြည်သူယုံကြည်လေးစားမှုရရန် မည်သို့မျှမဖြစ်နိုင်သူများပါဝင်နေခြင်းက စစ်ကောင်စီကို အကြီးအကျယ်ထိုးနှက်နေသည်။

စစ်ကောင်စီက ခန့်လိုက်သည့် ပန်းဘဲတန်းမြို့နယ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုလျှင် ရပ်ကွက်အတွင်း အဂတိမှုဖြင့် အရေးယူခံထားရသူတစ်ဦး၏ တပည့်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူအချို့က အတည်ပြုသည်။

ရပ်ကွက်ထဲ သွားလာသည့်အခါ စစ်ကောင်စီ တပ်သားအချို့နှင့် အတူသွားလာရသည်အထိ ထိုအုပ်ချုပ်ရေးမှူးမှာ ဣန္ဒြေပျက်နေရသည်ဟု ၎င်းတို့က ဆက်ပြောသည်။

အာဏာသိမ်းပြီး သုံးလခွဲကြာသည့်တိုင် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းခဲ့သည့် ရပ်ကွက်ရုံးများသည် ၎င်းတို့ အထူးတလည်အလိုရှိနေသည့် ဧည့်စာရင်းကိစ္စ၌ပင် ပြည်သူတို့အပေါ် လွှမ်းမိုးအုပ်ချုပ်နိုင်စွမ်း အပြည့်အဝမရသေးသည်ကို အဆိုပါရပ်ကွက်၏ အဖြစ်အပျက်ကပင် သက်သေပြနေသည်။

ဧည့်စာရင်းကို အသည်းအသန်တိုင်ခိုင်းနေသည့် ၎င်းတို့၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ အမှောင်ထုကြီးစိုးသည့် ညပိုင်းအချိန်တွင် ရုံးမဖွင့်ရဲသေးဘဲ နေ့လယ်ပိုင်း နာရီပိုင်းသာ ရုံးထိုင်နေသည်ဟု ရပ်ကွက်သားအချို့က ပြောသည်။

“ဒီမှာက ညတိုင်း၊ အိမ်တိုင်းက မီးအမှောင်ချပြီး သံပုံးတီးနေကြတုန်း”ဟု ရပ်ကွက်သားတစ်ဦးက ဆိုသည်။

အောက်ခြေအုပ်ချုပ်ရေးကိစ္စများ အဆင်ပြေချောမွေ့ရေးသည် ၎င်းတို့အတွက် အရေးကြီးကြောင်း သဘောပေါက်ထားသည့် စစ်ကောင်စီက ထိုအခြေအနေများကို လျစ်လျူရှုထားခြင်း မရှိပါ။

အာဏာသိမ်းပြီးချိန်မှစ၍ နှစ်လအတွင်း ၎င်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် ရန်ကုန်တိုင်းရှိ မြို့နယ်ခြောက်ခု၊ မန္တလေးတိုင်းရှိ မြို့နယ်ငါးခုအပြင် စစ်ကိုင်းတိုင်း မုံရွာမြို့တို့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

ထိုသို့ကြေညာထားသော တောင်ဒဂုံမြို့နယ် (၄၈)ရပ်ကွက်တွင် စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဦးတင်ဘိုဘိုဦးသည် ၎င်း၏လုံခြုံရေးကို စိုးရိမ်ရသဖြင့် ဧပြီလကုန်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံတချို့က Myanmar Now ကို အတည်ပြုသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ၎င်းတို့ရပ်ကွက်တွင်ပင် စစ်ကောင်စီက ထုတ်ထားသည့် ဧည့်စာရင်းတိုင်ရန်အမိန့်ကို ပြည်သူတို့က လိုက်နာခြင်းမရှိသလို မေလအတွင်း‌ နေအိမ်များသို့ ရောက်လာသည့် မီတာခကောက်ခံသည့် စာရွက်များကိုလည်း လျစ်လျူရှုထားသူအများအပြားရှိကြောင်း တောင်ဒဂုံမြို့နယ် (၄၈)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ဒီမတရားမှုကြီး(အာဏာသိမ်းမှု)ကို တစ်တိုင်းပြည်လုံးက သိတယ်။ အဲဒီအတွက် သူတို့အာဏာကို ရတဲ့နည်းနဲ့ ဖီဆန်ကြမှာပဲ…….။ သူတို့က လုပ်ဆိုရင် ကျွန်တော်တို့ကမလုပ်ဘူးပဲ။ အဲဒီလိုပဲ ဆန့်ကျင်သွားမယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များကို မတ်လလယ်ပိုင်းကတည်းက စစ်အုပ်ချုပ်ရေးကြေညာထားခြင်းဖြစ်သော်လည်း အုပ်ချုပ်ရခက်ခဲနေဆဲ၊ အန်တုမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

တရုတ်နိုင်ငံသားပိုင်စက်ရုံအများအပြားရှိပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ဒဂုံဆိပ်ကမ်းမြို့နယ် (၉၂) ရပ်ကွက်တွင်ဆိုလည်း ဧည့်စာရင်းတိုင်ရမည်ဆိုသော စည်းမျဉ်းစည်းကမ်းကို လိုက်နာသူ ထက်ဝက်ခန့်သာရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မတိုင်ချင်ဘူးဆိုလည်း ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းစစ်လို့ မတိုင်လို့ ပြဿနာတက်ရင် ကိုယ့်ဟာကိုယ် ခံစားရမှာနော်လို့ ပြောရတယ်။ အဲဒီလိုပြောတော့ တချို့လူတွေက တိုင်ကြတယ်”ဟု ၎င်းက ဆိုသည်။

စစ်အုပ်ချုပ်ရေးကြေညာမခံရသည့် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင်ပင် စစ်တပ်ဘက်တော်သားဟု facebook တွင် ရေးသားပြီး မြို့နယ်အတွင်း ဆန္ဒပြသူတို့၏ သတင်းအချက်အလက်များကို ဖော်ပြနေသည့် အမျိုးသားနှစ်ဦး မေ ၁၄ရက်က သတ်ဖြတ်ခံရပြီးနောက်တွင် မြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေရသည်အထိ စစ်ကောင်စီက ဗျာများခဲ့ရသေးသည်။

မေ ၁၃ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်လည်း စစ်ကောင်စီကို ရိုးရာတူမီးသေနတ်ဖြင့် ခုခံနေသည့် တိုက်ပွဲများရပ်စဲနိုင်ခြင်းမရှိသေးသလို ပြည်နယ်အတွင်း အခြားဒေသများသို့ပါ ကူးစက်နေသဖြင့် စစ်ကောင်စီတပ်ဖွဲ့က အပြင်းအထန် နှိမ်နင်းနေရသေးသည်။

ဤအတောအတွင်း အနယ်နယ်ရှိ ပြောက်ကျားဆန္ဒပြသူများက စစ်ကောင်စီ လုံးဝအုပ်ချုပ်၍ မရစေရဟု ကြွေးကြော်နေကြသည်။

မေလမှစ၍ မြို့ကြီးများအားလုံးနီးပါးတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နေ့စဉ်သတ်ဖြတ်ခံနေရသလို ကယားပြည်နယ်အတွင်း၌လည်း လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ အားကောင်းလာနေသည်။

မေ ၁၅ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အထက်ပါအကျပ်အတည်းများမှာ အုပ်ချုပ်ရေးယန္တရား၏အခြေခံအကျဆုံး ရပ်ကျေးအဆင့်တွင် ထင်ထင်ရှားရှားဖြစ်ပေါ်နေသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးမှာ နံပါတ်တစ်လုပ်ဆောင်ပေးရမည့်အရာဖြစ်ပြီး ယင်းကို မဖြည့်ဆည်းပေးနိုင်သရွေ့ စစ်ကောင်စီကြုံတွေ့နေရသည့် အုပ်ချုပ်ရေးပြဿနာပြေလည်ရန် အားနည်းသည်ကို သိရှိထားပါကြောင်း ၎င်းက ဆက်ပြောသည်။

“ပြည့်ပြည့်ဝဝမဖြစ်ဘူးဆိုတာ ကျွန်တော်တို့ဝန်ခံပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော် ဗိုလ်ချုပ်ဇော်မင်းထွန်း ထိုသို့ပြောအပြီး တစ်ပတ်ကျော်အတွင်း ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတချို့ မီးလောင်မှု၊ ပေါက်ကွဲမှုတို့နှင့် ဆက်လက်ရင်ဆိုင်လာရသည်။

စစ်ကောင်စီမြို့နယ်ရုံးတစ်ခုရှေ့ စစ်ကောင်စီတပ်ဖွဲ့လုံခြုံရေးယူထားသည့်နေရာတွင် သဲအိတ်၊ သံဆန်ခါတို့ ကာရံထားစဉ်

ယခင် ဆန္ဒပြပြည်သူတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလွယ်တကူ ဝင်ရောက်ဖြိုခွင်း၊ ဖမ်းဆီးခြင်း မပြုနိုင်ရန် လမ်းများပေါ်တွင် သဲအိတ်၊ သံပန်းများနှင့် အတားအဆီးလုပ်ထားသည်။ 

ယခုမူ ထိုကဲ့သို့သော အတားအဆီးများကို ရဲနှင့် စစ်သားတို့ လုံခြုံရေးပေးထားရသော ရပ်ကွက်နှင့် မြို့နယ် အုပ်ချုပ်ရေးရုံးများရှေ့တွင် တွေ့နိုင်သည်။

“အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ရှေ့မှာ အခက်အခဲတွေက ပိုများလာမယ့်သဘောပဲ။ လျော့သွားမယ့် အကြောင်းတရားတွေ မတွေ့မိသေးဘူး”ဟု အမေရိကန်ပြည်ထောင်စု Cornell University မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာရပ်ဆိုင်ရာဘွဲရ ကိုမော်ထွန်းအောင်က သုံးသပ်သည်။

“စစ်ကောင်စီအုပ်ချုပ်တဲ့အပေါ် ပြည်သူ့ကြည်ဖြူမှုဆိုတာ လုံးဝပျောက်နေတယ်…..။ ယုံကြည်မှုပျက်သွားတော့ အုပ်ချုပ်လို့မရဘူးပေါ့။ ၁၈ ရာစုတုန်းကလို ဓားမိုးပြီး အုပ်ချုပ်လို့ရတဲ့ အနေအထားမျိုးမှ မဟုတ်တော့တာ”

ရဲနှင့် စစ်တပ်ကဲ့သို့သော လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများကို အကာအကွယ်ပေးသူ၊ တရားဥပဒေစိုးမိုးမှုကို ပေးစွမ်းသူဟု အတိုင်းအတာတစ်ခုအထိ လက်ခံထားရာမှ စည်းကမ်း၊ ကျင့်ဝတ် မလိုက်နာသည့် အကြမ်းဖက်လက်နက်ကိုင်အုပ်စုများအဖြစ် ပြည်သူ့အမြင်၌ ထိုးစိုက်ကျဆင်းသွားရခြင်းသည် လက်ရှိ စစ်ကောင်စီကြုံတွေ့နေရသည့် အခက်အခဲ၏ ဇာစ်မြစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်းမှုအပေါ် စစ်ကောင်စီက မည်သို့အကြောင်းပြပြ နှစ်ပေါင်းများစွာ လက်နက်အားကိုးပြီး အာဏာလုယူတတ်သည့် အကျင့်စရိုက်ဆိုး နောက်တစ်ကြိမ်ပြန်ပေါ်လာပြန်ပြီဟုသာ ပြည်သူအများစုက သတ်မှတ်ထားသည့် အခြေအနေရှိတွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ငါတို့သဘောမတူဘဲနဲ့ အုပ်ချုပ်လို့မရဘူးဆိုတာပြဖို့ လူတွေရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းရှိသွားတယ်” ဟု ကိုမော်ထွန်းအောင်က မှတ်ချက်ပြုလိုက်သည်။

Show More

Related Articles

Back to top button